ကျောဖုံးအညွှန်း
ယောကျ်ား မိန်းမဟူ၍ ကွဲပြားမှုကြောင့် မိန်းမများစွာသည် ဘဝတိုက်ပွဲတွင် မိမိကိုယ်မိမိ ပျောက်ဆုံးခြင်း ခံလိုက်ရသည်ကို မသိ။ ယင်းသို့ မိမိကိုယ်ကို မေ့လျော့ပျောက်ဆုံးခြင်း ခံနေကြရသော ဘဝတူမိန်းမသားတို့ကို ငြိမ်းငြိမ်းနုက တို့ခတ်လှုပ်နှိုးနိုင်လိမ့်မည်ဟု .....
လူထုဒေါ်အမာ၏ ပြည်သူချစ်သောအနုပညာသည်များ၊ ရွှေမန်းတင်မောင်၊ နေဝင်းမြင့်၏ ပလ္လင်အငြိမ့် စင်အငြိမ့်၊ သိန်းဖေမြင့်၏ ဦးဖိုးစိန် စသည့် စာအုပ်များဖတ်ရသည်ကို ကျွန်တော် အင်မတန် နှစ်ခြိုက်ဖူးပါသည်။
နိုင်ဝင်းဆွေ၏ မြစပယ်ရုံ၊ ခင်ခင်ထူး၏ တောမင်းသမီး စသည့် အငြိမ့်နောက်ခံ ဇာတ်သဘင်နောက်ခံဝတ္ထုတွေကိုလည်း ကျွန်တော် အလွန်ကြိုက်ပါသည်။
သို့သော် အထ္ထုပ္ပတ္တိတွင် အကန့်အသတ်တွေရှိနေတာကို သတိပြုမိသည့် နောက်ပိုင်းတွင် ဖန်တီးမှုအနုပညာ အားကောင်းလျှင် ကောင်းသလောက် လိုအပ်သလိုတင်ပြခွင့်ရှိသည့် ဝတ္ထုဘက်ကို ပိုမိုအားသန်စွာ ဖတ်ရှုဖြစ်ပါသည်။
အလင်းသစ်က ငြိမ်းငြိမ်းနုကို ထုတ်ဝေတော့မည်ဟု ပရီအော်ဒါတင်ရန် ကြော်ငြာသည့်နေ့မှ စ၍ ကျွန်တော် မျှော်သည့် စာအုပ်စာရင်းထဲမှာ စမ်းစမ်းနွဲ့(သာယာဝတီ)၏ နှစ်ဆယ်ရာစု ငြိမ်းငြိမ်းနုဝတ္ထုရှည်စာအုပ် ပါဝင်လာခဲ့ပါသည်။ ထွက်ပြီလည်းဆိုရော ထုံးစံအတိုင်း စာအုပ်ရှာပုံတော် ဖွင့်ရပါသည်။ သို့သော် စီးတီးမတ်မှာ မရသေးပါ။ ဆာဖာရီမှာလည်း မရောက်သေးဘူးတဲ့။ နဂါးနီကလည်း မှာထားဆဲပဲတဲ့။ မနေ့ကတော့ ငြိမ်းငြိမ်းနုကို ရှာဖွေဖို့ ပန်းဆိုးတန်းဘက်ရောက်ဖြစ်ရာ အင်းဝမှာ ဝင်ရှာဖြစ်ပါသည်။ အင်းဝမှာ ရှာမတွေ့ပါ။ ဒါနှင့် ရာပြည့်ဘက် လှည့်ဝင်လိုက်ပါသည်။ ရာပြည့်မှာ ငြိမ်းငြိမ်းနုကို ရှာတွေ့တော့ ပျော်လိုက်သည့်ဖြစ်ခြင်း။
ပထမအကြိမ်ထုတ်ဝေတုန်းက မဖတ်ဖြစ်ခဲ့သည့် ငြိမ်းငြိမ်းနုလို ရှားပါးစာအုပ်မျိုးကို အခု ဒုတိယအကြိမ် ပြန်ထုတ်ပေးသည့် အလင်းသစ်ကို ကျေးဇူးတင်မိရင်း ငြိမ်းငြိမ်းနုကို ကျွန်တော် ခုံမင်နှစ်ခြိုက်စွာ ဖတ်ပစ်လိုက်ပါသည်။
တောမင်းသမီးထဲက ဝါခေါင်မိုးကို တသသချစ်ခဲ့ရသလို
မြစပယ်ရုံထဲက ချစ်စဖွယ် မစပယ်ကလေးကို သတိတရ လွမ်းတနေမိသလို
ငြိမ်းငြိမ်းနုကိုလည်း မေ့ဖျောက်၍ရမည်မဟုတ်တော့ဘဲ နှစ်ခြိုက်စွဲလမ်းနေမိပြန်ပါသည်။
နှစ်ဆယ်ရာစု ငြိမ်းငြိမ်းနုကို ဖတ်ကြည့်လျှင်—
သုံးဆယ်သူ မိတဆိုး ငြိမ်းငြိမ်းနု
ဖခင်ကနတ်ကတော်ဖြစ်နေ၍ အရှက်ရခဲ့သူ ငြိမ်းငြိမ်းနု
ဖခင်၏ ခါးခါးသီးသီး စွန့်ပစ်ခြင်းကို ခံခဲ့ရသူ ငြိမ်းငြိမ်းနု
၁၀တန်းနှစ်မှာ ကျောင်းစာအုပ်တွေနှင့် အဝတ်အစားအချို့ကို ပိုက်ကာ အိမ်မှ ဆင်းခဲ့လေသူ ငြိမ်းငြိမ်းနု
အငြိမ့်လောကကို ခြေစုံပစ်ဝင်ဖို့ ဒုတိယနှစ်မှာ တက္ကသိုလ်ကျောင်းသူဘဝကို ကျောခိုင်းထွက်ခွါခဲ့သည့် ငြိမ်းငြိမ်းနု
သူဆိုပြီ ကပြီဆိုလျှင် ပွဲလာပရိသတ် တိုးဝှေ့ကျပ်ညပ်နေမှ ကျေနပ်သည့် အနုပညာလောဘကြီးသူ ငြိမ်းငြိမ်းနု
အငြိမ့်လောကနှင့် မအပ်စပ်လျှင် ပြတ်ပြတ်သားသား ငြင်းပယ်ပစ်တတ်သည့် ငြိမ်းငြိမ်းနု
တေးသွားမြိုင်မြိုင် ဒိုးဆစ်စိပ်စိပ်တွင် သွက်လက်မြူးကြွနေအောင် ကတတ်ပြီး အနုပညာမြောက်အောင် ကိုယ်စွမ်းကိုယ်စဖြင့် တီထွင်ဆန်းသစ်နိုင်စွမ်းရှိသည့် ငြိမ်းငြိမ်းနု
ငယ်သူငယ်ချင်းတစ်ဖြစ်လဲ လူပြက်အောင်ချိမ့်နှင့် စင်ပေါ်မှာ တွဲလက်ညီညီ တင်ဆက်ဖျော်ဖြေတတ်သည့် ငြိမ်းငြိမ်းနု
ဇာတ်ထောင်အငြိမ့်ထောင် ဦးဒေါင်းဝိန်၏ မေတ္တာ၊ နားလည်မှု၊ အားထားမှုနှင့် ယုံကြည်မှုတို့ကို လုံးဝဥဿုံ အပြည့်အဝရရှိထားသည့် ငြိမ်းငြိမ်းနု
ချိုတဲ့အခါ ကြည်စင်ရီလဲ့နေတတ်သလို ညိုတဲ့အခါ တည်ရုံမက ထန်နေတဲ့မျက်နှာထားပိုင်ရှင် ငြိမ်းငြိမ်းနု
ငွေမှန်းကြေးမှန်းမသိ အနုပညာဝမ်းစာသာ ပြည့်ဝလျှံကဲလိုလှသည့် ငြိမ်းငြိမ်းနု
ဖြူဖြောင့်စင်ကြယ်သူတိုင်း၊ ကိုယ်ကျိုးမငဲ့လိုသူတိုင်း အချစ်အတွက် မိုက်ဝံ့ကြစမြဲဟု ယုံကြည်သည့်အလျောက် မောင့်နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားလေသူ ငြိမ်းငြိမ်းနု
မိမိအလိုကို သိနားလည်၍ အနုပညာဝင်္ကပါမှာ မိမိကို ရင်အုပ်မကွာ စောင့်ရှောက်ပေးမည့် ဖခင်မေတ္တာကို လိုလားတောင့်တနေသည့် ငြိမ်းငြိမ်းနု
စသည်ဖြင့် ငြိမ်းငြိမ်းနုကို တွေ့ရပါလိမ့်မည်။
ထို့ထက်ပို၍ သဘောကျစရာ ကောင်းသည်ကတော့ ငြိမ်းငြိမ်းနု၏ ရိုးသားမှု၊ အားမာန်အပြည့်ကြိုးစားမှု၊ အနုပညာမာနရှိမှု၊ အနုပညာသိက္ခာစောင့်ထိန်းမှု၊ ဖောက်လွဲဖောက်ပြန်လောကဓံကို မယိုင်မလဲဘဲ အံတုရင်ဆိုင်မှု၊ စင်ပေါ်မှာ ရင်နှစ်ခြမ်း ဖြန်းခနဲ ကွဲချင်ကွဲပါစေ အနုပညာအပေါ် စိတ်အားထက်သန်မှုနှင့် အိမ်ထောင်သည်ဘဝရောက်တော့လည်း အိမ်ထောင်သည်နှင့် တူအောင် နေထိုင်တတ်မှုစသည်တို့ပဲဖြစ်ပါသည်။
ငြိမ်းငြိမ်းနု အင်မတန်အာတွေ့လှသည့် သီချင်းထဲကအတိုင်း
တိမ်နီလာ ပြာအသွေးမှာ
ငွေကြယ်ကလေး လက်သလို
မြကန်သာ ရင်ခွင်အေးမှာ
ကြာပဒုမ်လေး ပွင့်သလို
ငြိမ်းငြိမ်းနု၏ အနုပညာဂုဏ်သတင်းသည် အထက်ဘဝဂ်သို့တိုင် ပျံ့သင်းကျော်စောကာ ဖတ်မိသူအပေါင်းကို ကြည်နူးရွှင်လန်းမှုကို ပေးစွမ်းနိုင်ပါစေသတည်း။ ။
#Aung Aung Htwe