ပင်လယ်ပြင်မှာ ငါးဖမ်းတဲ့ "ငါးဖမ်းသမား"ဝတ္တုကိုဖတ်ရင်းနဲ့ "ပင်လယ်ပြာနဲ့တံငါအို" ဝတ္တုထဲက အဘိုအိုကြီး ဆန်တီယာဂိုကို သတိရမိတယ်။ ပင်လယ်ထဲမှာ လှေငယ်နဲ့ ငါးကြီးဆွဲခေါ်ရာနောက်လိုက်ပါခဲ့ရတဲ့ အဘိုးအို ဆန်တီယာဂို၊ ငါးကြီးကို ဖမ်းဆီးခဲ့ပြီး အပြန်လမ်းမှာ ငါးအသေကို လာပြီး ကိုက်ခဲကြတဲ့ ငါးမန်းတွေကို ရှိစုမဲ့စုအားနဲ့ ပြန်တိုက်ခဲ့တဲ့ အဘိုးအို ဆန်တီယာဂို။ အဘိုးအို ဆန်တီယာဂိုဟာ သူ့ရဲ့ အိမ်အပြန်လမ်းမှာ ကျရှုံးခဲ့တာလား။အောင်နိုင်ခဲ့တာလား ဝေခွဲရခက်ခဲ့ပေမယ့် အခုပြောမယ့် "ငါးဖမ်းသမား" ဝတ္တုထဲက မျိုးကိုကိုရဲ့ အမေပြောတဲ့ "လူဘာမှမဖြစ်ဘဲ နေပြန်ကောင်းလာတာပဲ ကျေးဇူးတင်ရမယ်၊လူထက်ဘာမှအရေးမကြီးဘူးဟေ့" ဆိုတဲ့ စကားအရဆို အဘိုးအို ဆန်တီယာဂိုဟာ အောင်နိုင်ခဲ့တာပေါ့။
အထက်ပါစကားကို မျိုးကိုကို အမေပြောတဲ့ အချိန်က မျိုးကိုကို ပထမအကြိမ် သင်္ဘောလိုက်မယ်ဆိုပြီး ထွက်သွားခဲ့ပေမယ့် နေမကောင်းဖြစ်ပြီး မလိုက်ဖြစ်ဘဲ ပြန်လာခဲ့ရတဲ့အချိန်။ အိမ်က လက်ငုပ်လက်ရင်း ခနော်နီခနော်နဲ့ အရက်ဆိုင်လေးထဲမှာ ပြန်ပြီးစားပွဲထိုးနေခဲ့ရတဲ့အချိန်။ ဒါပေမယ့် သင်္ဘောသားဖြစ်ချင်စိတ်ကတော့ သူ့စိတ်ထဲမှာ လျှော့မသွားဘူး။ဒီလိုနဲ့ သူတို့နေထိုင်ရာ တိုက်ခန်းလေးကို ပေါင်ပြီး သူ သင်္ဘောပေါ် နောက်တစ်ခေါက်ပြန်တက်ခဲ့တယ်။
ဒီတစ်ခါသူလိုက်မယ့် သင်္ဘောက ငါးဖမ်းသင်္ဘော။ အဲ့ဒီသင်္ဘောပေါ်မှာ သူနဲ့အတူ လိုက်ပါမယ့် မြန်မာ သင်္ဘောသား ၅ ယောက်။ သင်္ဘောလိုက်တယ်ဆိုတာကို ဘယ်လိုလည်း မသိပေမယ့် ဒီစာအုပ်ကို ဖတ်ပြီး ငါးဖမ်း သင်္ဘောဆိုတာ ဒီလိုပါလားလို့ သိလိုက်ရတယ်။ ငါးဖမ်းသင်္ဘောပေါ်စရောက်တဲ့ အချိန်ကနေစပြီး လူ့ယဉ်ကျေးမှု အလွှာတစ်ချပ်ပြီး တစ်ချပ် သူ့တို့ ကိုယ်ခန္တာတွေဆီကနေ အခွာခံခဲ့တယ်။ တဖြေးဖြေး နေတာထိုင်တာ၊သွားတာစားတွေဟာ အရိုင်းဆန်လာခဲ့တယ်။
စာအုပ်ထဲက စာသားလေးတစ်ခုလိုပေါ့ "ရေထု၊မြေထု စတဲ့ ကမ္ဘာလောကထဲက သင်ရှိ သက်မဲ့ဟူသမျှကို ဘုရားသခင် ဖန်ဆင်းခဲ့တယ်လို့ မှတ်သားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘုရားသခင် ဖန်ဆင်းခဲ့တဲ့ ရေထုတွေအထဲ ဒီပင်လယ်ပြင်ကိုတော့ ဘယ်လိုမှ ထည့်သွင်း စဉ်းစားလို့ မဖြစ်နိုင်ပါဘူး။ဒီပင်လယ်ပြင်ဟာ ဘုရားသခင်ရဲ့ နယ်နမိတ်အပြင်ဘက်မှာ ရှိနေတယ်လို့ ကျွန်တော်တွေးမိ ခံစားမိတာဟာ တစ်ကြိမ်မကပါ။ဘုရားသခင်ရဲ့ မေတ္တာရိပ်ဟာ ရန်ကုန်လေဆိပ်က ထွက်လာချိန်ကစပြီး ကျွန်တော်တို့ ပျော်ရွှင်မှုတွေနဲ့အတူ ကျန်ရစ်ခဲ့ပါတယ်။
သူတို့ငါးဖမ်းသင်္ဘော ငါးဖမ်းမယ့်နေရာက ဆိုမာလီဓားပြတွေ ကျက်စားတဲ့ အေဒင်ပင်လယ်ပြင်မှာ စက်နဲ့ ဆွဲတဲ့ ငါးမြှားကြိုးတွေသိမ်းတဲ့ အချိန်မှာ ငါးမမိပဲ ပြန်ပါလာတဲ့ ငါးမြားချိတ်အလွတ်တွေကို အသက်အန္တာရာယ်လုပြီး ရှောင်ရှားရသလို မကြာခဏလာပစ်ခတ်တတ်တဲ့ ဆိုမာလီဓားပြတွေကျဉ်ဆန်တွေကိုလည်း ပုန်းရှောင်ရတယ်။ ဒီစာအုပ်ဟာ ကျွန်တော်တို့ မမြင်ရတဲ့ ကမ္ဘာတစ်ခုအကြောင်းပဲ။ ဒီစာအုပ်ဟာ အဖြစ်မှန်ကို အခြေပြုပြီးရေးထားတဲ့ စာအုပ်တစ်အုပ်လို့ စာရေးဆရာက ဝန်ခံထားတယ်။
စာအုပ်အဆုံးမှာတော့ အဘိုးအို ဆန်တီယာဂိုလို ဘယ်သူတွေအိမ်ပြန်ရောက်ကြမလဲ။ဘယ်သူတွေ သေဆုံးခဲ့၊ကျန်ရစ်ခဲ့ကြမလဲ။ ဒီစာအုပ်ဟာ ကျွန်တော်အနေနဲ့ပြောရရင် ကိုယ်နဲ့ အင်မတန်စိမ်းတဲ့ ဝန်းကျင်တစ်ခုက လူတွေရဲ့ ငိုသံတွေ၊အံကြိတ်သံတွေ၊သေနတ်သံတွေ၊အကြောက်တရားတွေ၊ကိုယ့်ရဲ့နောက်မှာရှိတဲ့ မိသားစုတွေ ပြီးတော့ ထပ်ပြီးမပြောချင်တော့တဲ့ ခံစားချက်တွေ၊ အများအပြားကို ခံစားရရှိခဲ့တဲ့ စာအုပ်တစ်အုပ်ပါပဲ။
#Thitmin Zan
*********************************************
လောကမှာ လူတွေဟာ ပုံသဏ္ဍန်အမျိုးမျိုး နဲ့ ဘဝအမျိုးစုံကိုဖြတ်သန်းနေကြတယ်။စားဝတ်နေရေးအတွက် နည်းမျိုးစုံဖြေရှင်းနေကြတယ်။ကိုယ့်တွေမသိမနားလည်တဲ့နယ်ပယ်အသီးသီးမှာ ကြုံဆုံလာတဲ့ဒုက္ခတွေကိုရင်ဆိုပြီး ဘဝမှာတင့်တင့်တယ်တယ် နေထိုင်ဖို့ရုန်းကန်လှုပ်ရှားနေရတယ်။
ဒီစာအုပ်လေးထဲမှာ ဘွဲ့ရ ကောင်ကလေးတယောက် အလုပ်အကိုင်မရှိသေးခင်မှာ အိမ်စီးပွားရေးဖြစ်တဲ့ အရက်ဆိုင်လေးမှာ ဝင်ရောက် ကူညီနေရင်း သင်္ဘောတက်ပြီး ပြန်လာတဲ့ သူငယ်ချင်းတယောက်ကိုအားကျ မနာလိုဖြစ်လာပြီး၊သူလဲသင်္ဘောတက်ဖို့ဆုံးဖြတ်ချက်ချပြီး သင်္ဘောတက်ခဲ့တယ်၊ ဒါပေမယ့် ကံကြမ္မာကသူဘက်မှာမရှိခဲ့ဘူး၊အဆင်မပြေမှုတွေနဲ့ ပြန်ရောက်လာခဲ့ရတယ်။အချိုစားပြီးသွားတဲ့ ကလေးတယောက် နောက်ထပ်အချိုစားချင်သလိုပဲ သူလဲ သင်္ဘောပြန်တက်ဖို့ ပဲ စိတ်ထက်သန်နေတယ်၊ ဖခင်ဆီမှာ ထပ်ခွင့်တောင်းပြီး ငါးဖမ်းသင်္ဘော #နွေဦးအမှတ်၁၂၅ မှာ သင်္ဘောတက်ဖို့ဖြစ်လာခဲ့တယ်။သားရဲ ခံတွင်းထဲသို့ ကိုယ့်ဘာသာခုန်ဆင်းခဲ့တယ် ဆိုတာ သူကိုယ့်တိုင်မသိခဲ့ဘူး။ဒီငါးဖမ်းသင်္ဘောပေါ် ဘဝအတူလုပ်ဖော်ကိုင်ဖက်တွေ တွေ့ရှိခဲ့တယ်။
ငါးဖမ်းသင်္ဘောပေါ်မှာ ကြုံဆုံလာတဲ့ ဒုက္ခများဟာ သူတို့ဘဝမှာ အလွန်ခါးသီးတဲ့နေ့ရက်များစွာဖြစ်လာခဲ့တယ်။သူတို့ကြုံတွေ့ခဲ့ရတာတွေ ဟာ လူသားဆန်မှုမရှိပဲ သားရဲတိရစ္ဆာန်တကောင် နဲ့ မခြားမနားပါပဲ။ သူတို့ကြုံဆုံလာတဲ့ဒုက္ခတွေကဘယ်လိုမျိုးတွေလဲ၊မူယာမာယာများတဲ့ပင်လယ်ကြီးထဲမှာ ဘယ်လိုစိတ်ဒဏ်ရာတွေသူတို့ရခဲ့လဲ၊ပွဲစားတွေရဲ့ကလိမ်ကျမှုတွေ၊ သူတို့တွေ ဒီငရဲခန်း နဲ့ မခြား ငါးဖမ်းသင်္ဘောပေါ် က လွှတ်မြောက်ရှင်သန် ပမလား ဆိုတာ
နောက် ငါးဖမ်းသင်္ဘောပေါ်မှာ သူတို့တွေးထင်မထားတာတွေဖြစ်လာရာမှာတော့၊ အိမ်ပြန်ချင်တယ်လို့ပြောလိုက်တော့ တရားဥပဒေမရှိတဲ့ ပင်လယ်ပြင်ကြီးပေါ်မှာ အနိုင်ကျင့် နှိပ်စက်မှုတွေကို ခံပြီး ဒူးထောက်အရှုံးပေးလိုက်ရတာ ကို ဖတ်နေရင်း ကျွန်တော် စာအုပ်လေးကို ခဏပိတ်လိုက်ရပါတယ်။ သူတို့အပေါ်ခါးသီးတဲ့ရက်စက်မှုတွေကို ဖတ်နေရင်းမခံစားနိုင်လို့ပါ။ကျွန်တော်စဉ်းစားတယ် သူတို့တွေအပြင် ဒီလို ရက်စက်မှုတွေ ဘယ်သူတွေကြုံတွေ့နေရသေးလဲ။သူတို့ရဲ့ ဝမ်းနည်းငိုကြွေး တဲ့ အသံတွေကို ဘယ်သူတွေက ဥပက္ခာပြုနေကြတာလဲ၊သူတို့ရဲ့အသံတွေကို မည်သူမျှမကြားကြဘူးလား၊မကြားချင်ယောင်ဆောင် လှစ်ယူရှုနေကြတာလား၊ ဒီစာအုပ်လေးဖတ်နေရင်း ကျွန်တော်သူတို့ရဲ့ ငိုကြွေးအသံတွေကို ကျွန်တော်ကြားနေရတယ်၊ရှိုက်သံတွေကြားနေရတယ်၊သက်ပြင်းချအသံတွေကြားနေရတယ်၊ဒါပေမယ့် သူတို့ဒီအသံတွေတိတ်ဆိတ်ဖို့၊လွှတ်မြောက်ဖို့ ဆုတောင်းနေမိမှတပါး
ဆရာ Moe KyawZin ရေးသားထားတဲ့
#ငါးဖမ်းသမား စာအုပ်လေးကိုကြည့်ပါ။ ဒီစာအုပ်လေးက #Basedontruestory လို့ ဆရာကပြောထားတယ်။ဆရာကိုယ့်တိုင်ကလဲသင်္ဘောသားတယောက်ဆိုတော့ သေသေချာချောပိုင်နိုင်စွာရေးဖွဲ့ထားတယ်။စာအုပ်လေးက စဖတ်ကထဲက တော်တော်ဆွဲဆောင်မှုရှိလှတ။ ဆရာအရေးအသားကလဲကောင်းမွန်သေသပ်လှနေပါတယ်။အဒီး အိမ်ပြန်သွားတာကိုရေးထားတာလဲ ကျွန်တော် တော်တော်ကြိုက်မိတယ် ။
Korea မှာ ဆွံ့အနားမကြား ကျောင်းမှာ ရှိတဲ့ကလေးတွေကို အဲ့ကျောင်းမှာရှိတဲ့ကျောင်းအုပ်ဆရာကအစ လိင်အမြတ်ထုတ်တာကို စာရေးဆရာမ #GongJi_Young က ဖော်ထုပ်ရေးသားခဲ့သလို၊ရုပ်ရှင်လဲပြန်လည်ရိုက်ကူးခဲ့သလို ကလေးတွေရဲ့ အသံတွေကို korea တနိုင်ငံလုံးကြားခဲ့ပြီး၊ဆွံ့အနားမကြား မသန်စွမ်းကလေးတွေအတွက် ဥပဒေတရပ်ပေါ်ထွက်ခဲ့ပါတယ်။
အလားတူ ဒီငါးဖမ်းသင်္ဘောပေါ် မှာအလုပ်လုပ်နေရတဲ့သူတွေရဲ့ ခံစား ငိုမည်း အသံတွေကိုကြားအောင် ဖော်ထုပ်ရေးသားပေးတဲ့ ဆရာကိုကျေးဇူးတင်မိပါတယ်။
ကဲ ဒီသူတို့ ရဲ့ အသံတွေကို ကြားအောင် ဒီစာအုပ်လေးကိုဖတ်ကြည့်ပါလို့တိုက်တွန်းရင်း❤❤❤
သူတို့အသံတွေကို တစုံသောသူတို့ကကြားမိသွား ရင် သူတို့အတွက် ❤❤❤
#Si Thu