စာအုပ်အမည် - နှစ်ဆယ့်ရှစ်နှစ် ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက်
စာရေးဆရာ - နုနုရည် အင်းဝ
ထုတ်သည့်တိုက် - စိတ်ကူးချိုချို
ထုတ်သည့်နှစ် - မေလ ၊ ၂၀၁၈ (တတိယအကြိမ်)
မျက်နှာဖုံး - ခင်မောင်ရင်
စာမျက်နှာ - ၃၉၀
တန်ဖိုး -၅၅၀၀
အသက် ၂၀ကျော်တုန်းက ဖတ်ခဲ့တဲ့ စာအုပ်တစ်အုပ်ကို အသက် ၄၀ကျော် အရွယ်မှာ ပြန်ဖတ်တော့ ဘာတွေ ပြောင်းလဲသွားမလဲလို့ ကျွန်တော့်ဘာသာ သိချင်မိတယ် ။
ဆရာမ နုနုရည်အင်းဝ ရေးတဲ့ ဝတ္ထုရှည် သုံးအုပ် ဖတ်ဖူးတယ် ။ သုံးအုပ်စလုံး ကြိုက်တယ် ။ ပြုံး၍လည်း ကန်တော့ခံတော်မူပါ တစ်အုပ်ကတော့ ပြန်မဖတ်ဖြစ်သေးဘူး ။ မြစိမ်းပြာကမာရွတ် နဲ့ အခုတစ်အုပ်ကို ပြန်ဖတ်ရတာ အရင်ကလို ဖတ်လို့ကောင်းနေဆဲပဲ ။ အရင်တုန်းက မမြင်ခဲ့တဲ့ အရေးအသား တွေကိုလည်း သတိထားမိသွားတယ် ။
"အသက်မပါဘဲ မွေးဖွားလာတယ်ရယ်လို့ စွန့်ပစ်ခံခဲ့ရတဲ့ ကလေးတယောက်ကို စာရေးဆရာ ဖြစ်ခွင့်ပေးခဲ့တဲ့ . ..
ကျွန်မရဲ့ အမေကြီးသို့ ... " လို့ ဆရာမ ကိုယ်တိုင် ဖွင့်ဆိုထားတဲ့ စာသားနဲ့ အစပြုထားတော့ ဒီစာအုပ် ဟာ ဆရာမရဲ့ အတ္ထုပ္ပတ္တိ လို့ပဲ ဆိုရမှာပေါ့ ။
၁၉၅၇ ခုနှစ် ၊ ကဆုန်လ ၊ စနေမနက် အရုဏ်ဦး မှာ သုံးရက်တိတိ မမွေးနိုင်တဲ့ ကိုယ်ဝန်ဆောင် မိခင်ရဲ့ အသက်ကို ဦးစားပေးပြီး ညှပ်နဲ့ ဆွဲ မွေးဖွားခြင်း ခံခဲ့ရတဲ့ သူ ။
သတိလစ် မေ့မျောသွားတဲ့ မိခင်ကိုပဲ ဂရုစိုက် နေချိန်မှာ အသံမထွက်ပဲ နေလို့ သေပြီဆိုပြီး မွေးခန်းထဲက ဇကောထဲမှာ ပစ်ထားခြင်း ခံခဲ့ရသူ ။
ညှပ်ဆွဲထားလို့ စောင်းရွဲ့ သွားတဲ့ ညာဘက် မျက်လုံးနဲ့ မျက်ခုံးကို ပြန်တည့်သွားအောင် လျှာနဲ့ လျက်ပေးလိုက်တဲ့ အဘွားရဲ့ မေတ္တာ နဲ့အတူ ကလေးငယ်ဟာ ရှင်သန်လာခဲ့တယ် ။
မွေးဖွားချိန်လေးမှာ အရမ်း ဇာတ်နာခဲ့ရတဲ့ နှင်းနှင်းဦး ဆိုတဲ့ မိန်းမတစ်ယောက် ရဲ့ ၂၈နှစ်တာ ကာလကို ဖတ်ရတာ အပိုင်းသုံးပိုင်း ခွဲပြီး မြင်မိပါတယ် ။
ကလေးဘဝ ကနေ ဆယ်တန်းကျောင်းသူ ဘဝ အထိဟာ နှင်းနှင်းဦး ရဲ့ အကောင်းဆုံးကာလ လို့ မြင်ပါတယ် ။ အဘိုးနဲ့ အဘွား (သူ့ အခေါ် ဘ နဲ့ မေကြီး ပေါ့ ) ကလည်း အလိုလိုက်တယ် ။ စီးပွားရေး တွေလည်း အဆင်ပြေနေချိန် ဆိုတော့ နှင်းနှင်းဦးလေးရဲ့ ရွှေထီးဆောင်းချိန်ပေါ့ ။
၁၉၆၀, ၁၉၇၀ ဝန်းကျင်က အင်းဝမြို့ရဲ့ လူနေမှု ဘဝတွေ ၊ ပျော်ပွဲ ရွှင်ပွဲတွေနဲ့ အရွယ်ရောက်ခြင်း အပေါ် အဲဒီခေတ် မိန်းမသားတွေရဲ့ ခံယူချက်တွေပါ သိရတယ် ။
နှင်းနှင်းဦး မန္တလေး တက္ကသိုလ် တက်တဲ့အချိန် ကျတော့ ဒီစာအုပ် ရဲ့ ဒုတိယပိုင်းပေါ့ ။ ရင်ခုန် စိတ်လှုပ်ရှားစရာ တက္ကသိုလ် ကျောင်းသူဘဝ နဲ့ မန္တလေး တက္ကသိုလ် ရဲ့ မြင်ကွင်းရှုကွက် တွေကို တွေ့ရပါတယ် ။ အဆောင်နေ ကျောင်းသူတွေရဲ့ ဘဝ အစုံ နဲ့ နှင်းနှင်းဦး ဖူးစာရှင် ရှာတွေ့ပုံ အပိုင်းပေါ့ ။
တစ်ခါမှ မရောက်ဖူးတဲ့ မန်းလေး တက္ကသိုလ် ထဲက ချိုကြီး လက်ဖက်ရည်ဆိုင် တောင် ကျွန်တော် လွမ်းသွားတယ် ။
တတိယပိုင်း ကတော့ အိမ်ထောင်ကျပြီး ရန်ကုန် ရောက်လာတဲ့ နှင်းနှင်းဦး ဘဝ ။ လက်တွေ့ ပိုဆန်လာတဲ့ အပိုင်းပေါ့ ။ ၁၉၈၀ ကျော် ရန်ကုန်မြို့ မှာ အိမ်ထောင်ကျစ လင်မယား နှစ်ယောက်ရဲ့ ဒုက္ခ တွေကို ဖတ်ရင်း ဆရာမ မိုးမိုးအင်းလျား ရေးတဲ့ ပျောက်သောလမ်းမှာ စမ်းတဝါး ဆိုတဲ့ ဝတ္ထု ကို အမှတ်ရမိတယ် ။
ဇတ်လမ်း အကွေ့အဝိုက်တွေ ၊ ဖုံးထား၊ဖွက်ထားတဲ့ လျို့ဝှက်ချက်တွေ ၊ ဇာတ်လမ်းကို အထွတ်အထိပ် ရောက်စေတဲ့ ဇာတ်ရှိန်မြင့် အခန်းတွေ မပါဘဲ ဒီ ဝတ္ထု ဟန် အတ္ထုပ္ပတ္တိ ဟာ ငြီးငွေ့ဖွယ်ရာ တစ်ချက်မှ မရှိဘဲ စာဖတ်သူကို ဆက်တိုက် ဆွဲဆောင်သွားနိုင်တယ်လို့ ဆိုချင်ပါတယ် ။
kyaw kyaw lwin(16.10.2019)
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845