မနက်က ဖေ့စဘုတ်မှာ ဝမ်းကွဲညီ တင်ထားသည့် "သားကို ငရဲကြီးအောင် မလုပ်ပါနဲ့ မေကြီးရေ" ပို့စ်ကို ဖတ်ပြီး အကြောင်းသိထားသည့်ကျွန်တော် မျက်ရည်ဝဲမိကာ ဒီစာအညွှန်းကို ရေးမိပါသည်။
**********
အဝါရောင်လွင်ပြင်
အေးမင်းစော
ဆန်းစသော်တာ အုပ်၁၀ဝပြည့်အမှတ်တရ
ပန်းချီ -မုတ်သုန်
ပကြိမ်
ဇူလိုင်၊ ၂၀၁၉ (ဟု ဖော်ပြထား)
၂၅၀၀ကျပ်
စာမျက်နှာ ၂၀၄
အုပ်ရေ ၁၀၀၀
စာမြည်း
"""""""""
နောက်ဆုံးအချိန် အဖေကြိုက်တာ ရခွင့်ရှိသပေါ့။ အဖေမှန်တယ်။ ခုမှမဟုတ်ဘူး၊ အမြဲမှန်ခဲ့တာ။ တစ်သက်လုံးမှန်ခဲ့တာ။ အဖေက ဘဝမှာ လိုချင်တာတွေ လက်တစ်ဆုံးလုပ်ပြီး ပျော်ပျော်ကြီးထွက်ခွာသွားပြီး ကျန်ခဲ့တဲ့ ကျွန်တော်ကတော့ မပြုသင့်၊ မပြုအပ်တာကို ပြုသူရယ်လို့ လက်တစ်ဆုံး ဆဲမယ်ဆိုလည်း ဆဲကြပါစေ။ အဖေအကုန်ယူသွားပါ။ ကျန်တာတွေအကုန်လုံးကို ဟောဒီ "စေရာ"ဆိုတဲ့ နလဗိန်းတုံးက ပခုံးနဲ့ထမ်းပြီး အကုန်လုံးကို ကျေကျေနပ်နပ်ကြီး လက်ခံရယူပါ့မယ်။ အကုန်လုံးက ကျွန်တော့်ကို ဆဲဆိုရှုတ်ချတာကစပြီး ကိုးကွယ်ရာတွေ၊ ငရဲငအုံတွေနဲ့ ကိုင်ပေါက်ကြမှာ ကျွန်တော် သေသေချာချာ တွက်ဆထားပြီးပါပြီ။ ငရဲကျမယ့်ကောင်၊ မိုက်ရိုင်းလိုက်တဲ့ကောင်ကွာ၊ ဦးနှောက်နည်းလိုက်တဲ့ လူ့အန္ဓလို့ ပြောကြစမ်းပါ။ စာ - ၁၉၅
ကိုယ်သေချာရင်တောင် သူများမသေချာရင် မသေချာတဲ့ လောကကြီးပါ။ စာ ၁၉
အိပ်ပါ အမေ၊ အမေအိပ်နေတာ ဘုရားသခင်ရဲ့ ကောင်းချီးလို့ ယူဆပြီး အရသာရှိရှိ အိပ်ပါ။ အိပ်နေတော့ ဘာမှ မသိတော့ဘူး မဟုတ်လား။ စာ ၂၁
ပြန်စဉ်းစားတော့ တစ်ခုမှ အဆုံးထိမရောက်သလို ပြန်မြင်ရတယ်။ စာ ၂၅
ကျွန်တော် အကြိမ်တော်တော်များများ တွေးခဲ့ပြီး တွေးတိုင်းလည်း ဘယ်တုန်းကမှ မကျော်ဖြတ်နိုင်ခဲ့တဲ့ တောင်ကုန်းဟာ အချစ်ပဲ။ စာ ၃၀
ချစ်တာကို မဖော်ပြတာက အကြောင်းနှစ်ခုကြောင့်ပါတဲ့။ တစ်ခုက ချစ်နေတယ်ဆိုတာကို ရေရေရာရာ မဖော်ပြတတ်တာဖြစ်နိုင်ပြီး နောက်တစ်ခုကတော့ ချစ်တာကို အကြောက်တရားနဲ့ ထွက်ပြေးနေလို့တဲ့။ စာ ၄၁
တစ်ယောက်က တစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ နောက်ဆုံးထွက်သက်ထိ အပွန်းအပဲ့မရှိ တစ်သမတ်တည်း တည်မြဲနေလိမ့်မယ်လို့ ဆိုဖို့လည်းခက်မယ်။ စာ ၄၁
ကျွန်တော့်အကြောင်းဟာ ကျွန်တော်နဲ့သာ အဓိက တိုက်ရိုက်အချိုးကျပြီး တခြားသော ပြင်ပက ဘယ်သက်ရောက်မှုမျိုးကမှ ပါဝင်ပတ်သက်လို့ မရနိုင်ဘူးဆိုတာ သေချာပါတယ်။ စာ ၃၀
ခံစားမှုလွန်ကဲခြင်းက လူကို စိတ်ကူးယဉ်မှုအဆင့်ထိ ရောက်စေခဲ့ပြီး ဘဝကို လက်တွေ့ကျကျ တွေးတောရင်ဆိုင်ဖို့ဆိုတာထက် မဖြစ်နိုင်တဲ့ စိတ်ကူးအိပ်မက်တွေထဲ ပက်လက်မျောပါရင်း အဖေ့လိုလူရဲ့လက်ထဲ ကျရှုံးခန်းတိုင်ခဲ့ရတယ်။ စာ ၅၂
ကျွန်တော်သိတဲ့အဖေဟာ အမည်နာမ တစ်စုံတစ်ရာပေးထားတဲ့ လေဟာနယ်ကြီး။ စာ ၆၆, စာ ၁၄၄
လောကမှာ ချစ်တဲ့သူတွေကပေးတဲ့ ဒဏ်ရာဟာ ပိုနက်တတ်တာ မဟုတ်လား။ စာ ၅၈
အမေ့မှာ အကြောင်းတရားများစွာ ရှိခဲ့ပါလိမ့်မယ်။ ဒီအကြောင်းတရားတွေကို အမေဘယ်လို ခံယူသလဲနဲ့ ဘယ်လိုတုန့်ပြန်ခဲ့သလဲ ဆိုတာတွေကသာ အမေ့ဘဝဖြစ်လိမ့်မှာပေါ့။ စာ ၁၂၆
************
ကိုယ်နေထိုင်ရသည့် အခြေအနေက အောက်တန်းနောက်တန်းကျပြီး ဒုက္ခတွေ ပင်လယ်ဝေနေသည့်အခါ ကျွန်တော်တို့အနေဖြင့် ကိုယ်နဲ့အယူအဆ သဘာဝချင်းတူမည်ထင်ရသည့်၊ ကိုယ်လေးစားရသော အချက်အလက်တွေနှင့်ပြည့်ဝသည့်၊ ကိုယ့်ဘဝ သာယာချမ်းမြေ့ခြင်းကို ယူဆောင်ပေးနိုင်မည့်သူအဖြစ်ယူဆရသည့်၊ ကိုယ့်လူမှုပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်အောင် ရွက်ဆောင်နိုင်လိမ့်မည်ဟု ထင်ရသည့်ပုဂ္ဂိုလ်ကို မျှော်လင့်တောင့်တတတ်ကြပါသည်။ ကံအကြောင်းတရားအရ အထက်ပါအရည်အချင်းများဖြင့် ပြည့်ဝသည်ဟု ထင်ရသည့် ပုဂ္ဂိုလ်မျိုးနှင့် တွေ့ရပြီး တကယ်တမ်းလက်တွေ့မှာ အထင်နဲ့အမြင် ပါစင်အောင်လွဲနေတတ်တာမျိုး ကြုံရတတ်ပါသည်။ ကိုယ်တစ်ပေးထားသည့် ပုဂ္ဂိလ်က ကိုယ့်ဘဝ၊ ကိုယ့်ပတ်ဝန်းကျင်ကို နွံတွင်းမှလည်း မဆယ်နိုင်၊ သူလုပ်လို့ ဆက်ဆက်ပြီး နစ်မွန်းကြရတာမျိုးလည်း ကြုံရတတ်ပါသည်။ ထိုအခါ ထွေးရခက် အန်ရခက် မျိုရခက်နှင့် ကျွန်တော်တို့မှာ အခက်တွေ့ရတတ်ပါသည်။ တစ်ချို့က ယခုတင်ပြမည့် အဝါရောင်လွင်ပြင်ထဲက စေရာ့လို၊ စေရာ့မိခင်လို ခါးစည်းခံတတ်ကြပါသည်။
**********
အဝါရောင်လွင်ပြင်သည် ဆန်းစသော်တာ အုပ်၁၀ဝပြည့် အမှတ်တရအဖြစ်ထုတ်ဝေလိုက်သော စာအုပ်ဖြစ်ပါသည်။ ဇာတ်ကြောင်းကို ပြောပြသူက အသက်၃၀အရွယ် စေရာ။ တစ်နိုင်တစ်ပိုင် ဘဲမွေးမြူရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုရသူဖြစ်ပါသည်။ အမေက လူကုံထံအသိုင်းအဝိုင်းမှ စည်းစနစ်ကြီးစွာ ကြီးပြင်းလာသူ။ အဖေက အနုပညာသမား။ စေရာ့တွင် မင်းဇော်ဆိုသည့် ညီတစ်ဦး၊ ထားမေစိုးဆိုသည့် ရည်းစားမကျတကျ သူငယ်ချင်းတစ်ဦး၊ ကိုသံခဲဆိုသည့် တိုင်ပင်ဖော်ဆွေးနွေးဖက် တစ်ဦးတို့ ရှိပါသည်။ စေရာက သူ့အကြောင်းတွေပြောရင်း အချစ်ကြောင်းတွေ၊ ခံစားချက်တွေ၊ အတွေးအခေါ်တွေ၊ နိုင်ငံရေးတွေကို အလျဉ်းသင့်ရင် သင့်သလို ထည့်ပြောသွားပါသည်။ အားလုံးသည် ဝတ္ထုတိုရေးသားရာတွင် တစ်ဖက်ကမ်းခတ်သည့် ဆရာအေးမင်းစော၏ နိုင်နင်းမှုကြောင့် ပစ်ရက်စရာမရှိပါ။ သို့သော် ကျွန်တော်က စေရာ့အဖေ ဦးမြေအောင်ကို ပိုပြီးစိတ်ဝင်စားပါသည်။ ယခင်က (စေရာ့အမေနှင့် မညားခင်က) ဦးမြေအောင်သည် အနုပညာဝမ်းစာပြည့်ပြီး လူကောင်းသူကောင်းတစ်ယောက်ဖြစ်ခဲ့လေသလားတော့ မသိပါ။ မိမိမှာရှိသည့် အရည်အချင်းနှင့် ဗိုင်းကောင်းကျောက်ဖိ လူကုံထံသမီးတစ်ယောက်ကို ခဏပန်းအတွင်းမှာ ဇနီးမယားအဖြစ် သိမ်းသွင်းသွားနိုင်ခဲ့ပါသည်။ နောက်ကြောင်းဘာမှမသိရသူကို ကျော်စောသတင်းနှင့် အထင်ကြီးပြီး ချစ်ကြိုက်မိသည့် စေရာ့အမေကို အပြစ်တင်ရမည်လား မပြောတတ်ပါ။ ဒါပေမယ့် စေရာ့အမေက ပေါက်သည့်နဖူး မထူးတော့သည့်အလား ကြုံလာသမျှ လောကဓံကို ကြံ့ကြံ့ခံပါသည်။ ဘာပဲဖြစ်ဖြစ် ဇာတ်ဆရာ ဦးမြေအောင်သည် အဦးအစမှာ တာထွက်ကောင်းပါသည်။ အဆိုကောင်း၊ အရေးကောင်း၊ ဇာတ်ညွှန်းရေးလည်းကောင်းပြီး အနုပညာအကြောင်း နောကြေအောင်သိထားသည့် တကယ့်အနုပညာသမားစစ်စစ်ဖြစ်ခဲ့တာ မဟုတ်လား။ ဘီလူးရုပ်ပေါ်သည့်အနေအထားက စေရာ့အမေနှင့် အကြောင်းပါတော့မှ အစပြုပါသည်။ ဇိုးသမားဦးမြေအောင်သည် မိမိအားတစ်ကမ္ဘာထင်သည့် ဇနီးသည်အပေါ် အလေးအနက်ထားတာ သိပ်မတွေ့ရ။ အချစ်ကျွန်ဖြစ်ရမှာထက် အရက်ကျွန်ဖြစ်ရတာကို ကျေနပ်သူသာဖြစ်ပါသည်။ မိသားစုတာဝန်ကိုလည်း မကျေပွန်သူသာ ဖြစ်ပါသည်။ ယောက္ခမတွေရှေ့မှာတော့ ချိုသာဟန်ဆောင်တတ်သူဖြစ်ပါသည်။ တစ်ရွာတစ်ကျီဆောက်ဖို့လည်း ဝန်မလေးပါ။ ဇနီးသည်ရှိစဉ်တုန်းက တန်ဖိုးထားရကောင်းမှန်းမသိခဲ့ဘဲ ဆုံးသွားတော့မှ ငါ့ကိုတစ်ယောက်တည်းထားသွားပြီလားဟု လူကြားကောင်းအောင် အော်ဟစ်ပြီး ငိုပြသူဖြစ်ပါသည်။ ပိုဆိုးတာကတော့ အရက်ကို ဇနီးမယားထက်၊ သားတွေထက် ပိုချစ်နေတာပဲဖြစ်ပါသည်။ အရက်သောက်ရဖို့ဆိုလျှင် သားဖြစ်သူ စေရာမွေးထားသည့် ဘဲတွေကို ခုတ်ထစ်သတ်ဖြတ်ဖို့လည်း ဝန်မလေးပါ။ စေရာ့ဘဲဥတွေကို ခိုးပြီးရောင်းရဖို့လည်း ဝန်မလေးသူသာဖြစ်ပါသည်။ စေရာဘယ်လောက်ဒုက္ခရောက်ရောက် အဖေကမမှု၊ သူသောက်ရဖို့ကိုပဲ အာရုံထားပါသည်။ မိမိဆန္ဒအတွက် မယားနဲ့သားတွေရဲ့ဘဝကို ချနင်းပစ်ဖို့ မတွန့်မဆုတ် လုပ်ရက်သူဖြစ်ပါသည်။
ကျွန်တော်ကတော့ အဝါရောင်လွင်ပြင်ကို ဖတ်နေရင်း မွေးစားအဘပြောခဲ့တာလေး ပြေးသတိရမိပါသည်။
"ကလေးမလေးက နောက်ခပ်ဝေးဝေးကကြည့်တော့ တောင့်လို့ ဖြောင့်လို့၊ အနီးကပ်ရှေ့ကလည်း ကြည့်ရော လချဲပဲ"တဲ့။
အခုလည်း ဦးမြေအောင်ကို အစကအဟုတ်မှတ်တာ၊ တကယ်လည်း အိမ်ထောင်ရက်သားကျရော လချဲပဲလို့ ပြောရမလိုပါပဲ။ ။
Aung Aung Htwe