#KKWYBOOKREVIEW
"ဝတ္ထုတို စ-ဆုံး" - မင်းလူ
ဆရာမင်းလူ ဆိုတာ ဆရာမင်းလူပါပဲ။ ခုလည်းကြည့်လေ၊ ဝတ္ထုရဲ့ ခေါင်းစဉ်ကိုက "ဝတ္ထုတို စ-ဆုံး" ဆိုတော့ သူရေးတဲ့ ဝတ္ထုစာအုပ်ကို ဝတ္ထုတိုလို့ ရည်ညွှန်းသလား၊ သူရေးတဲ့ ဝတ္ထုက ဝတ္ထုတိုတစ်ပုဒ်အကြောင်းလား၊ ဒါမှမဟုတ် ဝတ္ထုတိုတွေရဲ့ အကြောင်း အစအဆုံး ရှင်းပြထားသလား၊ လားပေါင်းများစွာနဲ့ သိပ်ကိုဆွဲဆောင်မှုရှိနေတယ်။ ဝတ္ထုရှည်တွေသာ အတွဲလိုက်မပြီးမစီးနိုင်ထွက်လေ့ရှိတာမို့ အရင်ခေတ်က "ဝတ္ထုရှည် စ-ဆုံး"တို့၊ "လုံးချင်းဝတ္ထု စ-ဆုံး"တို့ သုံးသလို ခပ်ဆင်ဆင် သုံးပြလိုက်တော့ ကြားဖူး ရင်းနှီးဖူးပြီးသား မတွဲစပ်ဖူးတဲ့ စကားလုံးတွေဟာ အသစ်အဆန်းကိုဖြစ်လို့။ ရိုးဂုဏ်မပျက် ဆန်းသစ်လို့။ သရော်ဓာတ်ကလေး တစ်စက်နှစ်စက်ပါပြီး ဒါမျိုးပေးတတ်တဲ့ ဆရာမင်းလူဆိုတာ ပြနေတဲ့ ချစ်စရာ ခေါင်းစဉ်ကလေး။
စာအုပ်အရွယ်အစားကလည်း လက်တစ်ဝါး။ အထူကလည်း လက်တစ်လုံး။ ၂၀၀၂ ခုနှစ်က ပထမအကြိမ် ထုတ်ခဲ့တဲ့ စာအုပ်ကို ကံ့ကော်ဝတ်ရည်က ၁၅ နှစ်အကြာ ၂၀၁၇ ခုနှစ်မှာ ဒုတိယအကြိမ် ပြန်ထုတ်တာ။ ပေါ့ပေါ့ပါးပါး ဆိုပေမဲ့ မပေါ့မပျက် ခပ်သွက်သွက် ဖတ်လို့ရတဲ့ စာအုပ်ကလေး။
ဝတ္ထုတိုတစ်ပုဒ်ကို ဘယ်လိုရေးသလဲ သိချင်နေတဲ့ စာရေးချင်နေတဲ့ စာဖတ်သူတွေ တော်တော်အကျိုးရှိမဲ့ စာအုပ်ကလေး။ ဆရာမင်းလူဟာ သူဘယ်လို စာရေးတတ်တယ်လို့ အင်တာဗျူ းဖြေခဲ့ရင်တောင် ဒီလောက်ချစ်စရာကောင်းပါ့မလားလို့ ထင်မိပါတယ်။ စာရေးဆရာဟာ စာရေးဆရာလို့ပဲ သတ်မှတ်ခံသင့်ကြောင်း၊ ခေါ်ဝေါ်ခံသင့်ကြောင်းလို ရိုးပြီးဆန်းတဲ့ အတွေးအမြင်တွေ၊ "ဝတ္ထု ဆိုသည်မှာ ဇာတ်လမ်းကို ပြောပြရုံသက်သက်မဟုတ်။
အနုပညာဆိုသည်မှာ သင်ရိုးညွှန်းတမ်းတစ်ခုလို ပုံသေကားကျမဟုတ်" ဆိုတာလို ရှုမြင်ပုံတွေဟာ သိပ်ပညာပေးချင် သိပ်ဆရာလုပ်ချင်တဲ့လေ တစ်စက်ကလေးမှ မပေါက်ဘဲ စာဖတ်တဲ့သူ ခေါင်းတဆတ်ဆတ်ငြိမ့်ချင်လာအောင် လျှောကနဲ နားဝင်ချောလိုက်ပုံများ ဒါဟာ ဆရာ့ရဲ့ အနုပညာမြောက် အတတ်ပညာတစ်ခုဆိုတာပြလိုက်သလိုပါပဲ။
ဝတ္ထုအဖွင့်စာကြောင်းဟာ "သစ်စေ့ကလေးက တော်တော်ထူးဆန်းသည်။"တဲ့။ အဲဒီကနေ နောက်ဆုံးစာမျက်နှာက "ရထားသည် ဘူတာရုံသို့ ဝင်ရောက်လာသည်။" ဆိုတဲ့ နောက်ဆုံးစာကြောင်းအထိ ဘယ်လိုတွေ ဆက်စပ်ခေါ်ဆောင်သွားသလဲ။
စာမျက်နှာ ၈၈ မျက်နှာအပြီးအထိ လက်ကမချချင်အောင် ဆွဲခေါ်သွားနိုင်ပြီး အလုပ်ကများ အချိန်ကမအားတဲ့ကြားက စာကောင်းလေးတစ်အုပ်တော့ ဖတ်ပြီးသွားမှဆိုတဲ့ စာကြမ်းပိုးများအတွက် အလုပ်မထိခိုက် စာမေးပွဲမထိခိုက်ဘဲ ရသစာဖတ်ချင်တဲ့အာလျကို အထိမိဆုံးပြေပျောက်စေမဲ့ စာအုပ်လေးတစ်အုပ်၊ လုံးချင်းဝတ္ထုတစ်ပုဒ်၊ အဲ "ဝတ္ထုတို စ-ဆုံး" ပါလို့ လက်တို့လိုက်ရပါကြောင်း။
#မောင်ဆန်
11-9-2017
11:25pm
#ကံ့ကော်ဝတ်ရည် #bookReview
#မင်းလူ #ဝတ္ထုတိုစဆုံး
Publisher Name: ကံကော်ဝတ်ရည်စာပေ
Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com
Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137