#KKWYBOOKREVIEW
မင်းလူ - ခုနှစ်စဉ်အလွမ်း
••••••••••••••••••••••••••••
ပုံနှိပ်မှတ်တမ်း
ထုတ်ဝေသူ - ကံကော်ဝတ်ရည် စာပေ
ထုတ်ဝေသည့် ခုနှစ် - ၂၀၁၇၊ အောက်တိုဘာ (တတိယ အကြိမ်)
မျက်နှာဖုံး ပန်းချီ - မြင့်မောင်ကျော်
တန်ဖိုး - ၃၃၀၀ ကျပ်
စာမျက်နှာ - ၂၄၈
"လောကမှာ အမှန်နဲ့ အမှားသာ ပဋိပက္ခ ဖြစ်တတ်တာ မဟုတ်ဖူး။ အမှန် အမှန်ချင်း အမှား အမှားချင်းလည်း ပဋိပက္ခ ဖြစ်တတ်ကြတာပဲ။ အထူးသဖြင့် အမှန်အမှန်ချင်း တွေ့ကြပြီဆိုရင် ဘယ်တော့မှ စေ့စပ်ဖြေရှင်းလို့ မရနိုင်ဘူး။"
••••••••••••••••••••••••••••
ဆရာမင်းလူကို ဟာသစာရေးဆရာအဖြစ် ထင်မှတ်မှားတတ်ကြသည်။ တကယ်တော့ ဆရာသည် ဘဝများကို သရုပ်ဖော်ခဲ့ခြင်းသာ ဖြစ်သည်။ သရုပ်မှန် သမားဟု သမုတ်လို့ရမည် ထင်သည်။ ဆရာမင်းလူအတွက် ဘဝ ဆိုသည်ကား အခက်အခဲ ကြုံတွေ့စဉ်သာ ဒုက္ခဟုယူဆရ၍ အချိန်တန်လှျင် ဟာသ သာဖြစ်သွားတတ်သော သဘောရှိသည် ဟု ယူဆထားသည်လား မဆိုတတ်။ ဆရာ့စာများသည် တစိမ့်စိမ့်တွေး၍ ရယ်ရတတ်သည်။ ခုနစ်စဉ်အလွမ်း၊ ရင်ထဲကဆောင်းရာသီ၊ ငှက်ကလေး စသည့်၀တ္တုများတွင်မူကား ပြောင်းပြန် ဖြစ်နေသည်။ ရေးနေကြရေးဟန်ကို မပြောင်းလဲ။ အယူအဆများကို လည်း မပြောင်းလဲပဲ စာဖတ်သူ၏ နှလုံးသားကို သာ ပြောင်းလဲစေခဲ့သည်။ ။
••••••••••••••••••••••••••••
ဤစာအုပ်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းရာတွင်လည်း အကယ်ဒမီဆုများကို ရရှိခဲ့သည်။
ဇာတ်လမ်းအကြောင်းအရာကို ညွွန်းရလျှင်__
တက္ကသို်လ်ကျောင်းသားများ စကားရည်လုပွဲတစ်ခုကနေ ကိုမြတ်ထွန်းနဲ့ မခင်မိတို့နှစ်ယောက် စတင်ဆုံခဲ့ကြသည်။ ကိုမြတ်ထွန်းက ဂျာနယ်တစ်ယောက်၊ မျက်နှာမွဲ လက်ထောက်အယ်ဒီတာ။ မခင်မိကတော့ သစ်စက်သူဌေးကြီးတစ်ဦးရဲ့ သမီး။ အလွွာတွေခြားတယ်ဆိုပေမယ့် နှစ်ယောက်သား အချစ်ရဲ့တန်ခိုးနဲ့ ရဲရင့်လိုက်ကြတယ်။ မခင်မိဟာ ဖအေဖြစ်သူရဲ့စွန့်ပစ်ခြင်းကိုခံပြီး ကိုမြတ်ထွန်းရဲ့လက်ကို တွဲတယ်။ အိမ်ထောင်တည်စအခါမှာ အဆင်ပြေသယောင်ရှိပေမယ့် ခံယူချက်ချင်း မသိမသာ အံချော်နေကြတဲ့ ကိုမြတ်ထွန်းနဲ့ မခင်မိတို့ဟာ တဖြည်းဖြည်းချင်း ရင်ဘတ်ချင်းဝေးကွာဖို့အကြောင်းလေးတွေက ရှိလာတော့တယ်။
တူနှစ်ကိုယ်ဘဝမှာ ဘယ်လိုတွေ နေခဲ့နေခဲ့ရ သမီးလေးတစ်ယောက် ထွန်းကားပြီးတဲ့နောက် မခင်မိဟာ မိန်မသားသားပီပီ ရေှ့ရေးကို တွေးပူတတ်လာတယ်။ ကိုမြတ်ထွန်းကတော့ နဂိုအခံကိုက လူဖြောင့်လူမှန်။ လောဘလည်း နည်းတယ်။ ထမင်းပုံမှန်စားနေရပြီးရောသဘောနဲ့ သူဝါသနာပါတဲ့ စာနယ်ဇင်းလောကထဲမှာပဲ စိတ်ရောကိုယ်ပါနှစ်မြှုပ်ထားခဲ့တယ်။ မခင်မိမှာ ခင်ပွန်းအပေါ် တစ်ခါတစ်လေ အားမလိုအားမရဖြစ်ပေမဲ့ ခင်ပွန်းစိတ်ထိခိုက်မှာစိုးလို့ ဘာမှမပြောပဲ နေခဲ့တယ်။
ဒီအချိန်မှာပဲ နယ်မှာရှိတဲ့ မခင်မိရဲ့အဖေကြီးဆုံးရှာတယ်။ သဘောမတူတဲ့ ကိုမြတ်ထွန်းကို ယူလို့ဆိုပြီး သမီးနဲ့အဆက်အသွယ်ဖြတ်ထားလိုက်တာ သေမှ သိရတဲ့ဘဝ။ သတင်းကြားတာနဲ့ မခင်မိတစ်ယောက် ဖအေ့အလောင်းရှိရာကို အပြေးပြန်တယ်။ သွားတဲ့သူကသွားလို့ အသုဘကိစ္စတွေပြီးခဲ့ပေမဲ့ အမွေကိစ္စက ကျန်နေခဲ့တယ်။ မခင်မိအတွက်ပါ အမွေဝေစုက ပါနေခဲ့တယ်။ မခင်မိငြင်းပေမဲ့ အဒေါ်ဖြစ်သူက သမီးလေးရေှ့ရေးကို အကြောင်းပြပြီး အမွေကို ယူစေတယ်။ ဒီလိုနဲ့ မခင်မိဟာ မလာခင် ကိုမြတ်ထွန်းမှာလိုက်တဲ့ " ဘာမှယူမလာနဲ့နော် " ဆိုတဲ့ အမှာစကားကု်ိလည်း သမီးလေးရဲ့ရေှ့ရေးအတွက်ပဲလေ ဆိုပြီး မေ့ချင်ယောင်ဆောင်လိုက်တော့တယ်။
ဒါပေမဲ့ အမွေတွေပါလာပြီဆိုတဲ့အခါ ကိုမြတ်ထွန်းနဲ့ မခင်မိကြား ကတောက်ကဆလေးတွေ အစပြုတော့တာပဲ။ ဥပမာ အိမ်ကိစ္စ_ခင်မိဟာ သူတို့မိသားစု ခုနေတဲ့ အိမ်ခန်းလေးကနေ တိုက်အိမ်လေးတစ်လုံးလိုချင်တယ်။ ကိုမြတ်ထွန်းက သဘောမကျလှဘူး။ ဒါတွေကို ဇိမ်ခံပစ္စည်းသက်သက်လို့ပဲ မြင်တယ်။ ပိုဆိုးတာက သူတို့ကိုသဘောမတူခဲ့တဲ့ ယောက္ခထီးရဲ့ ငွေတွေကို မတို့မထိချင်တာလည်းပါတယ်။ မခင်မိကျတော့လည်း လက်ထဲရှိတဲ့ပိုက်ဆံလေးတွေနဲ့ သူတို့မိသားစုရဲ့ လူနေမွုအဆင့်အတန်းလေးကို မြှင့်ချင်တယ်။ ဒီလိုနဲ့ နှစ်ကိုယ်ကြား အဖုအထစ်လေးတွေ ရှိလာတယ်။ မခင်မိယူဆတဲ့ဘဝအာမခံချက်ဆိုတာ ပစ္စည်းဥစ္စာကုံလုံကြွယ်ဝခြင်း။ ကိုမြတ်ထွန်းရဲ့ဘဝခံယူချက်ကျတော့ မှန်မှန်ကန်ကန်နေမယ်၊ ဝါသနာပါတာကို လုပ်မယ်၊ ကိုယ့်ရှိတဲ့ ကိုယ်ပိုင်လေးနဲ့ လောက်အောင်စားမယ်၊ ငှအောင်ဝတ်မယ်၊ လောဘက်ုိ သတ်လို့ ရောင့်ရဲတင်းတိမ်လွန်းတဲ့လူစား။ ဒီလိုနဲ့ ဘယ်သူ့ဘက်ကကြည့်ကြည့် မှန်နေတဲ့ ပဋိပက္ခတွေ ကတောက်ကဆတွေဆက်လာတဲ့ အဆုံးမှာ လမ်းခွဲစကားကို ကိုမြတ်ထွန်းဘက်က စပြောလာတော့တယ်။
တကယ်တော့ ဒါဟာ ဘယ်ဘက်ကကြည့်ကြည့် မှန်နေတယ်ဆိုတဲ့ပြဿနာမျိုးပင်။ ဒီနေရာမှာ စာဖတ်ပရိသတ်ကလည်း နှစ်ခြမ်းကွဲသွားကောင်းကွဲသွားလိမ့်မယ်။ ကိုမြတ်ထွန်းဘက်က တစ်ဖက်၊ မခင်မိဘက်က တစ်ဖက်။ ဒါပေမဲ့လည်း ဘယ်သူ့ဘက်ကကြည့်ကြည့် မမှားတဲ့အနေအထားလေး၊ ဆရာမင်းလူပြောသလိုပဲ အမှန်အမှန်ချင်း ထိပ်တိုက်တွေ့ကြတဲ့အခါ စေ့စပ်ဖြေရှင်းဖို့မလွယ်ပါဘူး။ ပြေလည်ချင်ရင်တော့ တစ်ယောက်ယောက်က မှားပေးမှကိုဖြစ်မှာ။ ဒါပေမဲ့ အမှန်နဲ့ အမှန်ဟာ ထိပ်တိုက်တိုးရင်သာ ပြသနာပေါက်ကွဲတတ်ပေမယ့် ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ခရီးတစ်ခုကိုယှဉ်တွဲသွားကြရင်တော့ အဆင်ပြေနိုင်ပြန်သတဲ့။ အချစ်ကြီးလို့ အမျက်ကြီးခဲ့ကြတဲ့ ကိုမြတ်ထွန်းနဲ့မခင်မိ နှစ်ဦးလုံးရဲ့ ဦးတည်ချက်ကသာ သူတို့ရဲ့တစ်ဦးတည်းသော သမီးလေးစိတ်ချမ်းသာဖို့ ဖြစ်သွားခဲ့မယ်ဆိုရင်၊ တစ်ဦးဦးကများ အလေှျာ့ပေးခဲ့လို့ ့ဒီအကွဲအပြဲဇာတ်လမ်းဟာ ပြန်စေ့သွားနိုင်တယ်ဆိုရင်၊ ကိုမြတ်ထွန်းက လေှျာ့မလား၊ မခင်မိက လေှျာ့မှာလားဆိုတာ ရင်တမမနဲ့ "ခုနစ်စဉ်အလွမ်း" ၀တ္တုမှာဆက်ဖတ်ကြရမှာပင်။ ။
#Joe

Book Review by ဂျိုး
Publisher Name: ကံကော်ဝတ်ရည်စာပေ
Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com
Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137