မောင်ကိုကို ( အမရပူရ )
ကိုယ်ဟာ လိပ်ပြာတစ်ကောင်ဖြစ်တယ်
လင်းသစ်ရောင်စဉ် စိတ်ယဉ်ကျေးမှုအနုပညာလှိုင်းများ
ပထမအကြိမ်၊ ဖေဖော်ဝါရီ ၂၀၂၀။
မျက်နှာဖုံးပန်းချီ - နေမျိုး။
၁၃.၆ စင်တီမီတာ x ၂၀.၇ စင်တီမီတာ။
စာမျက်နှာ - ၁၁၁၊ တန်ဖိုး - ကျပ် ၂၀၀၀။
ညသစ်ပင် အမည်ရှိ ပန်းချီဆရာတစ်ဦး၏ ဘဝကို
အခြေခံ၍ရေးဖွဲ့ထားသည့် ဝတ္ထုရှည် ဖြစ်သည်။
'' ညသစ်ပင် ဆိုသည့် နာမည်ကို
အဖေက ပေးခဲ့တာလား။ အမေက ပေးခဲ့တာလား။
ညသစ်ပင်သည် အဖေနှင့်အမေကို
အခုထိ မေးမကြည့်မိဖူးပါ။
ကမ ္ဘာပေါ်တွင် ညသစ်ပင်အမည်နှင့်လူတွေ
ဘယ်နှယောက်မျှ ရှိနေပါသနည်း။
သူရောက်ခဲ့ဖုးသမျှ နေရာများတွင်တော့
ညသစ်ပင်ဆိုသော လူသည် သူကလွဲ၍
မည်သူမျှ မရှိပါ။
ဟိုမှာလည်း ညသစ်ပင်၊ သည်မှာလည်း ညသစ်ပင်ဆိုလျှင် သူစိတ်ညစ်ရမည်ပင်။
သူသည် ကျေနပ်စွာ ရယ်မောလိုက်၏။ ''
( စာမျက်နှာ ၇ မှ )
အထက်ဖော်ပြပါတို့မှာ ဝတ္ထုရှည်၏
အဖွင့် အရေးအသားများ ဖြစ်သည်။
'' ငါဟာ တစ်ခါတုန်းက လိပ်ပြာတစ်ကောင် ဖြစ်ခဲ့ဖူး တယ်'' ဟု သူငယ်ချင်းကို ပြောပြဖူးသော ညသစ်ပင်သည် ကျေးလက်တောရွာမှ တောင်သူကြီးတစ်ဦး၏ သားဖြစ်သည်။ အလယ်တန်းပညာကို ရွာနှင့် မနီးမဝေး က မြို့ကလေးတစ်မြို့သို့ သွားတက်ရသည်။ စာသင်ခန်းတွင် ပျော်ရွှင်ခြင်းမရှိဘဲ ဗလာစာအုပ်ထဲတွင် တိုက်၊ အိမ်၊ ဘုန်းကြီးကျောင်း၊ သိမ်၊ ဇရပ် ပုံများကိုသာ တစ်ပုံပြီးတစ်ပုံ ရေးဆွဲနေတတ်သည်။ ဘလက်ဘုတ်ကြီးကို နောက်ခံဘက်ဂရောင်းပြုကာ အဖြူအစိမ်းဆရာမ၏ နောက်ကျောပိုင်းကို သူ့ဗလာစာအုပ်တွင် ရေးဆွဲသည်။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ သမီးပုံကိုလည်း လက်ဖက်ရည်ဆိုင်ထိုင်တိုင်း ရေးဆွဲသည်။ မိန်းကလေးမျက်နှာ များကိုသာ သူ ပန်းချီရေးချင်နေသည်။
ကျောင်းပညာအဆင့်တစ်ခု ရောက်သည်နှင့် မန ္တလေး ပန်းချီကျောင်းသို့လျှောက်သည်။
'' ငါတို့ ပန်းချီကားတစ်ကား ဖန်တီးတဲ့အခါမှာ အနုပညာ စျာန်ဝင်စားမှုသာ လိုအပ်တယ်ကွ။ အခြားသူနဲ့ ပူးပေါင်း ညှိနှိုင်းပြီး အနုပညာဖန်တီးမှုကို ငါက ဆန့်ကျင်တယ်။ ငါရေးနေတဲ့ ပန်းချီကားကို သူငယ်ချင်းတွေက ဝင်ပြီး အကြံပေးစရာလည်း မလိုအပ်ဘူး။ ဆရာတွေက အကြံပေးတာမျိုးလည်း ငါလက်မခံဘူး'' ( စာမျက်နှာ ၃၁ မှ ) ဟု ကြွေးကြော်ထားသော ညသစ်ပင် သည် ဂျက်ဆင်ပိုးလော့ခ်ကို ကြိုက်သည်။ ဝီလျှမ်ဒီကူးနင်းကို ကြိုက်သည်။ မိုဒီဂလီယာနီကို ကြိုက်သည်။
'' ကိုယ့်ကို ဇွတ်အတင်းကြီး လာမပတ်သက်နဲ့ '' ဟုပြောဆို တတ်သော ပန်းချီဆရာ ညသစ်ပင်သည်
မိန်း ကလေးတစ်ဦး နှင့် ဆုံတွေ့ခွင့်ခဲ့ရသည်။ ဝင်းမြင့်၏ အချစ်ကဗျာ၊ ကြည်အေး ၏ နွမ်းလျအိမ်ပြန် တို့ကို နှစ်ခြိုက်ပြီး ဇဝါရေးသည့် ဘဝလို့ခေါ်တယ် သီချင်းကို ဆိုညည်းနေတတ်သည့် မိန်းကလေးဖြစ်သည်။ သူ၏အမည်မှာ နေဝါရီ။
ပန်းချီဆရာ ညသစ်ပင်နှင့် နေဝါရီ တို့၏ ချစ်ခြင်းတရား ကို လှလှပပ ကျစ်ကျစ်လျစ်လျစ် ရက်ဖောက်ဖော်ကျူး ထားသည်မှာ'' ကိုယ်ဟာ လိပ်ပြာတစ်ကောင်ဖြစ်တယ်'' ပင်ဖြစ်ပါသည်။
'' ကိုယ့်တိုင်းပြည်ရဲ့ အစိုးရက ဘယ်သူလဲ။
ကိုယ့်တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေးက
ဘယ်လိုလဲ။ ပြည်သူတွေကို ပေးထားခဲ့တဲ့
ကတိစကားတွေက တည်မှာလား။ မေ့သွားပြီလား။ ကိုယ်လာနေပြီ နေဝါရီရေ .........''
( စာမျက်နှာ ၁၀၅ မှ )
မိုးမင်းသိမ်း
၁၂ ဖေဖော်ဝါရီ ၂၀၂၀