အင်းနားချိုင်း (Tim)
တန်ဖိုး - ၂၅၀၀ ကျပ်
ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ဖြန့်ပါမယ်
ဝိုင်းမော် စာအုပ်တိုက်
မာတိကာ
“ဟ” နေတဲ့ မျိုးဆက်တွေ အကြောင်း
(ပါပီယွန်)
စာရေးသူ၏ အမှာ
၁၃ The Family
၄၃ ပလွေဆရာ
၆၇ ခန့်မှန်းထားသည့်အတိုင်း
၇၄ လုံခြုံရေး သတိပေးချက်
၇၇ မိတ်ဆွေကြီး
၈၅ အကြောင်းရင်းကတော့ လက်ရှိကမ္ဘာနဲ့ မလုံလောက်လို့ပါပဲ
“ဟ” နေတဲ့ မျိုးဆက်တွေ အကြောင်း(ပါပီယွန်၏ အမှာ)
===============================
ခေါင်းစဉ်က ဂျန်နရေးရှင်း ဂက်ပ် ယောင်ယောင်တပ်ထားတော့ အများသူငါ ဆီသည်မ လက်သုတ် လုပ်ထားနှင့်ပြီ ဖြစ်တဲ့ Generation X,Y,Z အစရှိသဖြင့် ပြောတော့မလားပေါ့။ မွေးဖွားတဲ့ နှစ်ကာလ အလိုက် အဲ့ဒီလို သတ်မှတ်ကြတဲ့ ကိစ္စ ကျနော် သိပ်စိတ်မ၀င်စားပါဘူး။ ယေဘုယျ သဘော ဆောင်လွန်းတဲ့ သတ်မှတ်ချက်တွေကိုး။
ကျနော်တို့ ငယ်ဘ၀မှာ ဟေလီကြယ်တံခွန်ကို မြင်ဖူးခဲ့တယ်။ ချာနိုဘိုင်း အဏုမြူ ဓာတ်ပေါင်းဖို ပေါက်ကွဲတယ်။ ချဲလန်ဂျာ အာကာသ ယာဉ်ပျက်ကျသွားခဲ့တယ်။ သေနတ်များနှင့် နှင်းဆီပွင့်များ အဖွဲ့ရဲ့ ငါ၏ ချစ်စဖွယ်ကလေးလေး သီချင်းရဲ့ အင်ထရို ဂစ်တာသံနဲ့ ဆဗိုက်ဗား အဖွဲ့ရဲ့ ကျားရဲမျက်လုံးများ သီချင်းရဲ့ ဂစ်တာရစ်ဖ် က ကျနော်တို့ရဲ့ ဘ၀င်ကို ခိုက်စေခဲ့တယ်။
ပြန်ကြားရေးစာကြည့်တိုက်ထဲကို ဆံပင်အရှည်၊ ဂျင်းပန်အပြဲနဲ့ ဂစ်တာလွယ်ထားတဲ့ လူငယ်တွေဟာ ၀င်လိုက်ထွက်လိုက်နဲ့။ အိုက်စလန်ကျွန်း ရဲ့ မြို့တော်နာမည်က ဘာတဲ့လဲ။ အီနိုလာဂေး ဆိုတဲ့ လေယာဉ်ဟာ ကမ္ဘာ့ပထမဆုံး အဏုမြူဗုံးကို တင်ဆောင်သွားခဲ့တယ်။ ရဲခေါင်ပျောက်ကျား ချေဂွေဗားရား၊ တရုတ်ပြည်ပေါ်က ကြယ်နီ၊ အိုင်အာအေ ရဲ့ သေနတ်သမား ရှောင်ဒီလွန်မှာ မျက်နာတစ်ထောင်ရှိတယ်။ အချစ်ဆိုတာ ရှောင်ဒီလွန်ရဲ့ သေနတ်ပြောင်း၀က ထွက်ကျလာတဲ့ ဒုတိယမြှောက် ကျည်ဆံပဲ။
ဆန်ညိုတံဆိပ် ကက်ဆက် က ကျနော်တို့ရဲ့ ခြောက်လုံးပူး သေနတ်ပဲ။ မျောက်ဖြူတံဆိပ် ဓာတ်ခဲခြောက်လုံးက ကျည်ဆံတွေပေါ့။ ကက်ဆက်ကြီးကို စစ်ကျောပိုးအိတ်အစိမ်းနဲ့ ကျောမှာလွယ်တယ်။ ဇော်၀င်းထွဋ် က အော်တယ်။ အိုဟို .. ဘာကြောင့် အချစ်ရေ အသည်းခွဲတာလဲ .. အိုဟို ဘာကြောင့် အချစ်ရေ အသည်းခွဲတာလဲ။ လက်သီးပုန်းနဲ့ ချိန်းကြိုးတွေဟာ ကျနော်တို့ရဲ့ တရားစီရင်မှုရဲ့ အရေးပါခဲ့တယ်။ ဘ၀မှာ တော်တီလာ ဖလက်ထဲက ကောင်ကြီးဂျိုး လည်း ဖြစ်ချင်ခဲ့ဖူးတယ်။ ဒါမှ မဟုတ် လူဆိုးကြီး ဂျော်နီပွမ်ပွမ်ပေါ့။
ရှေ့က မျိုးဆက်နဲ့ ကျနော်တို့ သိပ်အဆင်မပြေဘူး။ သူတို့ အမြင်မှာ ကျနော်တို့ဟာ ခြားနားသူ တွေ။ ထောင်မထားရုံတမည် ခြားနားတဲ့ကောင်တွေလို့ မြင်နေပုံရတယ်။ ကျနော်တို့ကလည်း သူတို့ကို အောက်နေပါပြီကွာ ဆိုတဲ့ အမြင်မျိုးနဲ့ သရော်တော်တော် အထင်သေး အမြင်သေးလို့။ မဆာလာ မျိုးဆက်တွေ အလကား ဘူဒါးကြီးတွေပေါ့။
နောက်တော့ တံတားအောက်မှာ ရေတွေစီးသွားခဲ့တယ်။ ဂူးဂဲလ်၊ဝိကိပိဒိယ အစရှိတာတွေပေါ်လာတယ်။ အရာရာဟာ မြန်နှုန်းမြင့်လာတယ်။ လူတွေရဲ့ သိမှုဟာ ဘောင်တွေကျယ်ပြန့်လာတယ်။ အဲ့ဒီမှာ စာရေးသူ Tim တို့ မျိုးဆက်ဘွားခနဲ ပေါ်လာတာပဲ။ မဆလာ မျိုးဆက်တွေကို လှောင်ပြောင်ခဲ့ဖူးတဲ့ ကျနော်တို့ တုန်လှုပ်တယ်။ သူတို့ ပြောနေတဲ့ အကြောင်းအရာတွေကို ကျနော်တို့ အကုန်လုံး နားမလည်တော့ နိုင်တော့ဘူး။ စာပေ၊ဂီတ၊ရုပ်ရှင် အစရှိတဲ့ နယ်ပယ်တွေမှာ ကျနော်တို့ သူတို့လောက် စုပ်ယူနိုင်စွမ်း မရှိတော့တာကို မြင်လိုက်ရတယ်။ ဒါဟာ နောက်ထပ် မျိုးဆက် အဟ တစ်ခုပဲ။ တခါက ဘူဒါးကြီးတွေ နေရာမှာ ကျနော်တို့ ရောက်သွားခဲ့ပြီ။
Tim တို့ မျိုးဆက်နဲ့ ပွတ်တိုက်မှု အစ မှာရိုးရိုးသားသား၀န်ခံရရင် ကျနော် သူတို့ အမူအကျင့်တွေကို မနှစ်မြို့ဘူး။ ဂျိုထောင်တဲ့ ချာတိတ်တွေလို့ မြင်ခဲ့မိတယ်။ နယ်ပယ်တချို့မှာ သူတို့လောက် မသိနိုင် တော့တဲ့ လူတွေကို လှောင်ပြောင်သရော်တတ်တဲ့ အကျင့်တွေကို ကျနော် မကြိုက်ခဲ့ဘူး။ ဘိုလိုပြောရရင် arrogant ဖြစ်တဲ့ နောက်မျိုးဆက် ချာတိတ်လေးတွေပေါ့လေ။
သို့သော် တချိန်က.. ငယ်ရွယ်စဉ်က ကိုယ့်ကိုယ်ကို ပြန်မြင်ယောင်ကြည့်မိတဲ့ အခါ ငါတို့ကော ဘာထူးခဲ့လို့လဲ ဆိုတဲ့ မေးခွန်း။ ရှေ့က မျိုးဆက်ကို ဘူဒါးကြီးတွေပါကွာ၊သိပ်အောက်တာပဲ လို့ လှောင်ပြောင်ခဲ့ဖူးတဲ့ ချာတိတ်လေးတွေပဲ မဟုတ်လား။ လူငယ်ဆိုတာ ဒီလိုပါပဲကွာ၊ တချိန်မှာ ရင့်ကျက်လာကြမှာပေါ့လို့ လက်ခံနိုင်စွမ်း ရှိသွားခဲ့ တယ်။
နှစ်ရှည်လများ သိကျွမ်းခဲ့ဖူးတဲ့ Tim ရေးတဲ့ စာလေးတွေကို ကြိုကြား ကြိုကြားဖတ်လာရတဲ့ အခါ ကျနော် နှစ်ခြိုက်ပါတယ်။ အခုလို စာအုပ်လုပ်ဖြစ်တဲ့ အခါ အမှာစာရေးပေးပါလို့တောင်းပါတယ်။ ကျနော် ကနဦးမှာ မရေးပါရစေနဲ့ကွာ လို့ ငြင်းဆန်မိသော်ငြား (အမှာစာ ရေးပေးရလောက်အောင် ကျနော်က ဘာကောင်မှ မဟုတ်လို့ ခံယူထားပါတယ်) တစ်စုံတရာကို တွေးတောမိသွားလို့ သဘောတူလိုက်ရပါ တယ်။ Tim တို့ အုပ်စုဟာ အနည်းဆုံးတော့ အရှေ့က မျိုးဆက် ဘူဒါးကြီးတွေရဲ့ အသိမှတ်ပြုမှုကို ခံယူချင်ဟန် ရှိပါသေးလားပေါ့။ ဒါဟာ နီဂိုစီရေးရှင်း လို့ပြောရမယ့် စေ့စပ်ရေးတစ်ခုလို့ ကျနော် ယူဆပါတယ်။
နိဂုံးချုပ်ရရင် Tim ဟာ နောက်ထပ် မျိုးဆက်တစ်ခုက ဖြစ်တယ်။ သူတို့ မျိုးဆက်ရဲ့ အသစ်အသစ်သော စာပေလက်ရာတွေကို စာဖတ်သူတွေ မြည်းစမ်းကြည့်စေချင်ပါတယ်။ Tim ရဲ့ အရေးအသားတွေဟာ ကောင်းလှပါချည်ရဲ့ လို့ ကျနော် မညွှန်းဆိုလိုပါ။ သို့သော် မျိုးဆက်တစ်ခုနဲ့ တစ်ခုအကြားက အဟ တစ်ခုကို စေ့ပေးနိုင်စွမ်း ရှိလိမ့်မယ်လို့ ရိုးရိုးသားသား ယုံကြည်မိပါတယ်။
ပါပီယွန် ဖေဖော်ဝါရီ ၁၅၊ ၂၀၂၀