စာအုပ်အမည် - #ပန်းကျောင်း
စာရေးသူ - #မင်းလူ
Genre - #Young_Adult_Romance
စာအုပ်တိုက် - #ကံ့ကော်ဝတ်ရည်
ပုံနှိပ်မှတ်တမ်း - ၂၀၁၉၊ ဇွန် (ပဉ္စမအကြိမ်)
စာမျက်နှာ - ၁၉၂
တန်ဖိုး - ၂၈၀၀
မျက်နှာဖုံး - #နေမျိုးဆေး
စောစောအိပ်လို့၊ စောစောထလို့
စောစောချစ်လိုက်ကြပါစို့။
လူဆိုတာ ငယ်ရာက ကြီးလာတာပဲမို့ (ကျောင်းမနေခဲ့ရသူတွေကလွဲရင်) ကျောင်းသားဘဝရဲ့ အပျော်ရဆုံးကာလတွေကို ကြုံခဲ့ဆုံခဲ့ကြဖူးမှာပါ။ ကျွန်တော့်အထင်တော့ ဘဝမှာ ကျောင်းတက်နေစဉ်အချိန်ကာလတွေဟာ ပျော်ဖို့အကောင်းဆုံးပါပဲ။ ပူစရာပင်စရာတွေကို မသိ။ သိခဲ့ရင်တောင် စိတ်ထဲကြာကြာမထား၊ ခဏနဲ့ မေ့ပျောက်နိုင်ခဲ့တဲ့ ကာလတွေ။ မူလတန်းကျောင်းသားဘဝကို မှတ်မှတ်ရရ မရှိရင်တောင် အလယ်တန်း အထက်တန်း ကျောင်းသားဘဝကိုတော့ မှတ်မှတ်ရရ ရှိခဲ့ကြတာပဲ မဟုတ်လား။ အထူးသဖြင့် ငယ်ချစ်ဦးတွေနဲ့ ပတ်သက်လို့ပေါ့။ အယ်လယ်။ မသိရင် ကိုယ့်မှာပဲ ရှိခဲ့သလိုလို း3
ဒီစာအုပ်လေးဟာ ဆယ်တန်းကျောင်းသားဘဝကို နောက်ခံထား ရေးသားထားတာမို့ ဖတ်နေရင်းနဲ့ ငယ်ဘဝကို ပြန်လွမ်းသလိုလိုတောင် ရှိသွားတယ်။ အေးလေ၊ အဲဒါကြောင့်လဲ အပေါ်က စာပိုဒ်ကို အစချီမိတာ မဟုတ်လား။
ကျော်စွာဟာ (ကျွန်တော်မဟုတ်ဘူးနော်) အမေတစ်ခု သားတစ်ခု ဘဝနဲ့ ပညာသင်ကြားနေရတဲ့ ဆယ်တန်းကျောင်းသားတစ်ဦးပါ။ ကျောင်းစာမှာ ထူးချွန်သလို လိမ္မာရေးခြားလဲ ရှိတာမို့ ဆရာဆရာမတွေ ချစ်ကြတဲ့ တပည့်တစ်ဦးဆိုလဲ မမှားပါဘူး။ သူဟာ လူငယ်ဘာဝ မဟုတ်မခံစိတ်ရှိသလို တစ်ဖက်သားကို ကူညီရိုင်းပင်းတတ်တဲ့စိတ်လဲ ရှိပါတယ်။
စောစောအောင် ဆိုတာကလဲ ကျော်စွာနဲ့ တစ်တန်းတည်း တူတူတက်နေတဲ့ ကျောင်းစာမှာတော်သလို (ကျော်စွာ့မျက်စိထဲမှာ) လူကလဲ တော်တော်လှတဲ့ မိန်းကလေး တစ်ယောက်ပါ။
သူတို့ဘာသာသူတို့ ဆိုရင်တော့ ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ အခြေအနေတွေအတိုင်း ပြီးဆုံးပြီး ဆယ်တန်းအောင် တက္ကသိုလ်တက် ဆိုတာနဲ့ပဲ အဆုံးသတ်သွားမှာ ဖြစ်ပေမယ့်လို့ သူတို့သူတို့တွေရဲ့ သူငယ်ချင်းတွေ ပါဝင်ပတ်သက်လာတဲ့အခါ...
အဲဒီသူငယ်ချင်းတွေကပဲ သူတို့နှစ်ယောက် နီးစပ်ဖို့ ဝိုင်းဝန်းဘေးတီးပေးကြတဲ့အခါ...
အချစ်နဲ့ မကင်းကြသူတိုင်းအတွက် လှပပြီး ချစ်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် မွေးဖွားလာပါတော့တယ်။
တစ်ဖက်မှာ ဒါကို အချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် ပေါ့ပေါ့ပါးပါး ဖတ်လို့ရသလို ဝတၳုပါ ဇာတ်ကောင်တွေရဲ့ စကားပြောခန်းတွေကနေလဲ လူငယ်နဲ့ လူကြီးတွေအကြား သဘောထားအမြင်ချင်း ပွတ်တိုက်မှုတွေကို ခပ်ပါးပါး ဖတ်ရဦးမှာပါ။ ကိုယ် လူငယ် ဘဝတုန်းက လူကြီးတွေ ကိုယ့်အပေါ် အမျိုးမျိုးချုပ်ချယ်တာ ကြုံခဲ့ကြဖူးမှာပေါ့။ ဒါပေမဲ့ ကိုယ် တစ်နေ့ လူကြီးနေရာ ရောက်လာတဲ့အခါ နောက်မျိုးဆက် လူငယ်တွေအပေါ် သဘောထား ကြီးပေးနိုင်ပါ့မလား။ စဉ်းစားစရာပါပဲ။
စာဖတ်ဖြစ်ခြင်း အကြောင်းရင်းဟာ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ တချို့က ပျော်ချင်လို့ ဖတ်တယ်။ တချို့က ဗဟုသုတ ရချင်လို့ ဖတ်တယ်။ တချို့က စာသမားမှန်ရင် ဒီစာအုပ်ဖတ်ရတယ်လို့ (စာဖတ်နာသူတစ်ဦးဦးက လမ်းညွှန်လို့) ဖတ်တယ်။ တချို့ကတော့ (စာဖတ်ခြင်းမှာ ပျော်မွေ့လို့) ဖတ်ချင်လို့ကို ဖတ်တယ်။
ဒီစာအုပ်နဲ့ ပတ်သက်လို့တော့ များများ မညွှန်းတော့ပါဘူး။ ဆရာမင်းလူဆိုတာလဲ ဖတ်ဖူးပြီးသား ပရိသတ်တွေအတွက် တကူးတက အညွှန်းနေရမယ့် ကလောင်တစ်ချောင်းမှ မဟုတ်ပဲလေ။ ဒီတော့... ဆယ်တန်းကျောင်းသားဘဝကို ပြန်လွမ်းချင်ရင်၊ ငယ်ချစ်ဟောင်းသို့ ပြန်ပြောင်းအောက်မေ့ချက်တွေ ဘာတွေ သတိရတမ်းတချင်ရင် ဟောဒီစာအုပ်လေးကို ဖတ်ပါလို့။ ဘာတဲ့...
စောစောအိပ်လို့၊ စောစောထလို့
စောစောချစ်လိုက်ကြပါစို့။
#ကျော်စွာ
၁၁:၁၁ နာရီ
၄.၈.၂၀၁၉
Publisher Name: ကံကော်ဝတ်ရည်စာပေ
Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com
Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137