အင်းလျားဟာ ငါတို့အတွက်တော့ စော်ပင့်တဲ့နေရာပဲ။ သမိုင်းတွေ၊ အချစ်တွေ လာမပြောနဲ့။ ဗီဒီယိုတွေထဲမှာ မဖွင့်တဲ့ကျောင်းကြီးကို နောက်ခံထားပြီး နှင်းဆီပန်းတွေ၊ ဘာတွေနဲ့ စောက်ရူးအချစ်ဇာတ်တွေ ရိုက်ထားတာတွေ့တော့ အော်ရယ်ချင်တယ်။ တကယ့်စောက်ပေါရုပ်ရှင်တွေ။ reality တစ်ခုမှ မပါဘူး။ ရုပ်ရှင်ထဲမှာ အပြစ်ကင်းမဲ့ပုံနဲ့ မင်းသမီးတွေ။ တက္ကသိုလ်အထိ အမေက လာကြိုတာတို့၊ ဘာတို့။ တကယ့်ဟာသတွေ။ ဟိုဘက် အင်းလျားဘေးက ပန်းခြံထဲကိုပဲ ကြည့်လိုက်။ လူမြင်ကွင်းမှာပဲ နမ်းနေတာ၊ နှိုက်နေတာ။ အဲဒါ reality ပဲ။ အဲဒါနဲ့ မျက်နှာချင်းဆိုင်မှာတော့ ခြောက်နေတဲ့သွေးကွက်တွေ၊ သစ်ပုပ်ပင်တွေ၊ ဘွဲ့နှင်းသဘင်ခန်းမတွေရှိရာ သော့ခလောက်ကြီးခတ်ထားတဲ့ ပလေတိုးရဲ့ဂူ။ တစ်ခါတလေလည်း ကျောက်ခြငေ်္သ့ကြီးနှစ်ကောင်ရဲ့ ဟိန်းဟောက်သံကို ကြားမိသလိုလို။ ဒါပေမဲ့ ငါတို့ကိုယ်တိုင်လည်း နို့နံ့မစင်ဘူး။ အိမ်ရောက်ရင် ငါတို့ဟာ ယုန်သူငယ်လေးများလို သိမ်သိမ်မွေ့မွေ့။ မုဆိုးတို့အတတ်ကို အပြင်မှာ တိတ်တဆိတ် ဆည်းပူးနေတဲ့ယုန်သူငယ်တွေ။ ငါတို့ခေတ်မှာ တော်လှန်ရေးဆိုတာ မိဘကိုပြန်အော်တာနဲ့ စာမေးပွဲကျအောင် တမင်ဖြေတာကလွဲရင် ဘာများလုပ်စရာရှိလို့လဲ။ ငါကတော့ သူငယ်ချင်းတွေက ငကြောက်လို့ ခေါ်ကြတဲ့အတိုင်း သူရဲဘောကြောင်သူမို့ အဲဒီတော်လှန်ရေးမျိုးကိုတောင် မလုပ်ခဲ့။
-- စာမျက်နှာ ၄၇၊ ၄၈ မှ
■
စာမေးပွဲတစ်ခုပြီးတိုင်း ငါတို့ အရက်သောက်တယ်။ ဘီအီးမသောက်တဲ့ ငါ့သူငယ်ချင်းတွေကို ငါက ဘီအီးသောက်ပြပြီး အလွယ်တကူပဲ ဗိုလ်လုပ်ခဲ့တယ်။ သားကောင်တွေရဲ့ဗိုလ်ဆိုတာ တကယ်တော့ အရံှုးဆုံးလူဆိုတာ ငါ မသိခဲ့တဲ့အချိန်တွေပေါ့။ တက္ကသိုလ်ရိပ်သာလမ်းက ဆိတ်ပဲ သိပ်ကောင်းတဲ့ ဘီအီးဆိုင်မှာ ငါ သောက်တယ်။ အဲဒီဆိုင်ကို မကြာခဏ ရောက်ပါလျက်နဲ့ အနားက အိမ်တစ်လုံးထဲမှာ လူတစ်ယောက် အကျဉ်းကျနေတာ ငါ ဘာကြောင့် တစ်ခါမှ မစဉ်းစားမိခဲ့ပါလိမ့်။
-- စာမျက်နှာ ၃၄ မှ
■
လာပြီ၊ မြင်းရိုင်းအုပ်ကြီး ပြေးလာသလို ဂစ်တာသံတွေ။ နန်ယန်ကျောင်းမှာ အဲဒီ Iron Cross Show လုပ်တော့ ကျွန်တော် ဆယ်တန်းအောင်ပြီး ဆေးကျောင်းတက်ဖို့ စောင့်နေတဲ့အချိန်။ ငှက်ကြီးပါတဲ့ ဒီပွဲရဲ့အဖွင့်သီချင်းဟာလည်း ' အကြင်နာကင်းတဲ့ မိန်းမလှလေး ' ပဲ။ တကယ်တော့ လူငယ်ဘဝရဲ့အဖွင့်သီချင်းအဖြစ် ' အကြင်နာကင်းတဲ့မိန်းမလှလေး ' ထက် ပိုသင့်တော်တာ ဘာများ ရှိနိုင်ဦးမှာလဲ။ နောက်ပြီး မိန်းမလှလေးတွေ အကြင်နာကင်းခြင်းဟာ ငါတို့လျှာပေါ်မှာ အရက်ကို ချိုစေခဲ့တယ်မဟုတ်လား။
-- စာမျက်နှာ ၁၅ မှ
■
တစ်ခါတလေလည်း စတစ်ကာကပ်ထားတဲ့ကားမှန်မှာ မျက်နှာကို ဖိကပ်လို့ အထဲကို မြင်ရမလားကြည့်ပြီး ပိုက်ဆံတောင်းတတ်တဲ့ သူတောင်းစား ချာတိတ်၊ ချာတိတ်မတွေ။ သူတို့ရဲ့မျက်နှာတွေ မြင်တိုင်းတော့ ငါ အကြည့်လွှဲမိတယ်။ ငါတို့သမိုင်းရဲ့ တကယ့်မျက်နှာကို ရင်မဆိုင်ရဲသလိုမျိုး မျက်စိနှစ်ဖက်နေရာမှာ ကြောင်တောင်ကန်းနေတဲ့ကျောက်မျက်လုံးကြီးတွေ အစားထိုးထားတဲ့ သမိုင်းရဲ့မျက်နှာကို မြင်ရမှာ ငါ အသေကြောက်တယ်။ ဒီကောင်မလေးသာ ကျွန်တော့်ညီမလေးဖြစ်ရင်ကွယ်ဆိုတဲ့ သီချင်းစာသားကလည်း အဲဒီလိုအချိန်မျိုးဆို နားထဲမှာ ပိတ်မိနေတဲ့အင်းဆက်တစ်ကောင်လို အော်လာပြန်တယ်။
-- စာမျက်နှာ ၅၅ မှ
■
အချစ်ဖြစ်ဖြစ်၊ လိင်ကိစ္စဖြစ်ဖြစ်၊ ပြက်လုံးတွေဖြစ်ဖြစ်၊ ငိုစရာဖြစ်ဖြစ် ငါတို့နှလုံးသားကို တိုက်စားနေတာပဲလေ။ မြစ်ရေက ကျောက်စရစ်တွေကိုချောမွတ်တောက်ပနေအောင် အမြဲတမ်း ပွတ်တိုက်နေသလိုပေါ့။ နှလုံးသားဟာ ကျောက်စရစ်ပဲ။ တိုက်စားလို့ ရနေသေးသရွေ့ တိုက်စားခံနေရဦးမှာပဲ။ တစ်ရက်မှာ ပြောင်လက်ချောမွတ်ပြီး နောက်ထပ် ပွန်းပဲ့စရာမရှိတော့တဲ့ နောက်ဆုံး အချောသတ်ကျောက်မျက်လို ကျောက်စရစ်အဖြစ် ကျန်ရစ်ခဲ့မယ့်အချိန်အထိ။
-- စာမျက်နှာ ၇၃ မှ
■
ငါဟာ အဆိုးမြင်တယ်။ ငါ့ရဲ့အဆိုးမြင်မှုဟာ ဘာသာတရားဆန်တဲ့ လေးနက်မှုအသွင် ဆောင်တာမို့ ဒီအမြင်ကို ငါ့စိတ်ထဲကနေ ငါကိုယ်တိုင်ရော၊ တခြား ဘယ်သူကမှရော ဖျောက်ဖျက်ပေးဖို့ မတတ်နိုင်ခဲ့ဘူး။ အကယ်၍ အဆိုးမြင်မှုဟာ မပျော်ရွှင်မှုကို အခြေခံတာဖြစ်ခဲ့ရင် ငါ့ရဲ့မပျော်ရွှင်မှုဟာ ငါ့အထင် Little House on the Prairie ဇာတ်လမ်းတွဲထဲက မေရီ မျက်စိကွယ်သွားချိန်မှာ အစပျိုးခဲ့တာ ဖြစ်နိုင်တယ်။
-- စာမျက်နှာ ၈၁ မှ
■
ပိုလန် ဒါရိုက်တာ Kielowski ရိုက်တဲ့ Blind Chance ကို ခင်ဗျား ကြည့်ဖူးလား။ ဇာတ်လိုက်က ဘူတာကထွက်နေတဲ့ရထားနောက်ကို ပြေးလိုက်တာ။ နောက်ဆုံးတွဲရဲ့လက်တန်းကို ဇာတ်လိုက် မီသွားတယ်။ အဲဒီနောက် ရထားပေါ်မှာ ကွန်မြူနစ်ကြီးတစ်ယောက်နဲ့တွေ့ပြီး သူလည်း ကွန်မြူနစ်ဖြစ်ပြီးတော့ တခြားအဖြစ်အပျက်တွေ အများကြီး။ ထားပါတော့။ နောက်တစ်ခန်းကျတော့ ထွက်နေတဲ့ရထားနောက် သူ ပြေးလိုက်ပေမယ့် မမီဘူး။ အဲဒီမှာတော့ သူ့ဘဝက တစ်မျိုးဖြစ်သွားပြန်ရော။ ကွန်မြူနစ်ဆန့်ကျင်သူ။ ကဲ . . . ဒီလောက်ဆို ကျွန်တော်တို့၊ ခင်ဗျားတို့ရဲ့ ရုပ်ရှင်ဆန်ဆန်၊ နိပါတ်တော်ဆန်ဆန် အဖြစ်တွေကို ခင်ဗျား ရိပ်စားမိလောက်ပါပြီ။
-- စာမျက်နှာ ၇၈ မှ
■
အထက်တန်းကျောင်းသားဘဝတုန်းက ကြည့်ဖူးတဲ့ NC - 17 ဇာတ်ကားတစ်ခုကို ကျွန်တော် အမှတ်ရနေမိတယ်။ ဇာတ်လမ်းအသေးစိတ်ကိုတော့ မသိတော့ဘူး။ စော်က တစ်ကားလုံး ပတ်ရှုပ်၊ နောက်ဆုံး ငွေတွေလိမ်ပြီး ထွက်ပြေးတာပေါ့ဗျာ။ ကျွန်တော်တို့ကလည်း ဇာတ်လမ်းကို အဓိက မထားပါဘူး။ ချွတ်တဲ့အခန်းကို အားခဲပြီး စောင့်၊ မဝသေးရင် ထပ်ထပ်ရစ်ကြည့်တာပေါ့။ ကျွန်တော် မှတ်မိနေတာက နောက်ဆုံးအခန်းမှာ စော်က ဒေါ်လာတွေအပြည့်ပါတဲ့လက်ဆွဲအိတ်ကြီး ရသွားတယ်။ စော်ကြီးက သူ့ဘဝရဲ့ရည်မှန်းချက်ပြည့်သွားတဲ့အထာနဲ့ ပိုက်ဆံတွေကို မွတ်သိပ်စွာ နမ်းရှိုက်။ စောက်ရမ်းကျေနပ်နေတဲ့ပုံမျိုးနဲ့။ အဲဒီအချိန်မှာ မိုးတွေ ရွာလာတယ်။ အဲဒီမှာ ဒေါ်လာတွေ မိုးရေနဲ့ ထိပြီး အရောင်တွေ ကျွတ်လာတယ်။ ရှိသမျှ ဒေါ်လာတွေ အကုန် အရောင်တွေ တဖြည်းဖြည်း ကျွတ်လာ။ စော်ကြီးက မိုးရေထဲမှာ လျှောက်ရင်း ပိုက်ဆံတွေကို လေထဲ လွှင့်ပစ်။ သူမဟာ ရှိုက်ငိုနေရင်းနဲ့ တဖြည်းဖြည်း အော်ရယ်ပြီး ရုပ်ရှင်အဆုံးသတ်သွားတယ်။ ကျွန်တော့်စိတ်ထဲမှာ အဲဒီအခန်းဟာ တစ်သက်လုံး မပြီးဘဲ အထပ်ထပ် ပြန်ပြနေမယ်မှန်း အဲဒီတုန်းက ကျွန်တော် မသိဘူး။ နောက် ဆေးကျောင်းရောက်တော့ ဟဲမင်းဝေးဖတ်ဖြစ်တဲ့အခါ မြင့်မားလှတဲ့ ကီလီမန်ဂျားရိုးရဲ့ ဘုရားသခင်ရဲ့အိမ်လို့ခေါ်တဲ့တောင်ထွတ်ဆီကို သေဖို့ ခက်ခက်ခဲခဲ လာတဲ့ ကျားသစ်။ နောက် the old man and the sea ထဲက ငါးရိုးကြီး။ တော်ပါတော့၊ အဓိပ္ပာယ်ကို ရှာတာတွေ၊ အပိုဆာဒါးတွေ။ တစ်ရက် ကန်တော်ကြီးစောင်းမှာ ကြိုက်ကုန်းတစ်ပွေကို လိုက်တွန်းတော့ ကျွန်တော့်သူငယ်ချင်းပြောတဲ့စကား။ မူမနေနဲ့၊ တက်ဟာတဲ့။ ဘဝဟာ လက်တွေ့ သိပ်ဆန်တယ်။ ရက်စက်တယ်။ ကျွန်တော်တို့က အဲဒီရက်စက်မှုကို လိုချင်လို့ အဝေးကြီးက ရောက်လာတာ။
-- စာမျက်နှာ ၄၉၊ ၅၀ မှ
■
ကျွန်တော့်ထုံးစံအတိုင်း ကိုယ်ပြချင်တဲ့အကွက်တွေကို ရှေ့ရောက်နောက်ရောက် လျှောက်ပြခဲ့တာပါ။ အဆိုးမြင်မှု၊ မပျော်ရွှင်မှု၊ ငြီးငွေ့မှု။ မြို့ကို ပေးဝေနေတဲ့သောက်သုံးရေတွေထဲ အဆိပ်တွေ ထည့်ပစ်လိုက်ချင်တဲ့လူငယ်တစ်ယောက်။ သူက ဇာတ်လမ်းတွေအားလုံးကို အဆုံးသတ်ပစ်လိုက်ချင်နေတာ။ (အစက ပြန်စချင်နေတာလည်း ဖြစ်နိုင်) အဖြစ်အပျက်ကင်းမဲ့ခြင်းက သမိုင်းကို ဘာဖြစ်လို့ ပိုမိုလေးလံစေသလဲ။ ငါတို့ကို ဖျက်ဆီးနေတဲ့စောက်ရုပ်ရှင်ကားတွေ။ ဖတ်နေရင်း ခင်ဗျားပါ ဝင်ဆဲသွား။ ဒီလူငယ်က ခေတ်ဆိုးကြီးကို ဘယ်နှခန်း လွတ်ခဲ့သလဲ။ ခင်ဗျားကားမောင်းနေရင်း နောက်ကြည့်မှန်ကို ကြည့်မိရင် ဒီစာအုပ်အဖုံးကိုပဲ ခင်ဗျားမြင်ရလိမ့်မယ်။ လိင်ရမ္မက်နဲ့ စာဖတ်ချင်စိတ်က သူ့တက္ကသိုလ်ကျောင်းသားဘဝရဲ့ အပြင်းထန်ဆုံးဆာလောင်မှုနှစ်ခု။ သူ့ဝိညာဉ် သူနှိုးဖို့၊ သူ့ကိုယ်သူ မပြိုကွဲစေဖို့ မိုးအလင်း ဖဲရိုက်သူ။ တကယ့်သမိုင်းကို တေ့လွဲနေသူ၊ တကယ့်သမိုင်းကို မျက်နှာလွှဲနေသူ။ မျက်နှာလွှဲနေရင်း တည့်တည့်တိုးသွားသူ။ ဆောရီးဗျာ၊ တကယ်မရှိတဲ့နှစ်တွေနဲ့ တကယ်မဟုတ်တဲ့အဖြစ်တွေကို ကျွန်တော် ပြောမိပြီ။ အဲဒီလူလား၊ စကြဝဋ္ဌာကြီးကို အကုန်လုံး သောက်ခဲ့မိပြီး စောက်ရမ်းမူးနေပြီ။
#လူသာမန်
4.3.2017; 11:03 am
Publisher Name: Black Swan Publishing House
Publisher Address: မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ ဖုန်း-095505957
Publisher Phone Number: 095505957