စာအုပ်စာပေဆိုတာက ခေတ်ကာလတစ်ခုကို ရည်ညွှန်းနေတယ်လို့ ပြောကြဆိုကြတာကို မှတ်သားဖူးပါတယ်။ စာအုပ်တွေကနေ တဆင့် ကိုယ်မရောက်ဘူးတဲ့၊ ကိုယ်မကြားဘူးတဲ့၊ ကိုယ်တိုင်မသိရှိနိုင်တဲ့ အကြောင်းအရာတွေကို ရောက်ဖူး၊ ကြားဖူး၊ သိရှိနိုင်ပါတယ်။ တကယ်တော့ စာအုပ်ဆိုတာ ခေတ်ကာလတစ်ခုရဲ့ပြယုဂ်ဆိုတာ အသေအချာပါပဲ။
ဒီလိုစာအုပ်တွေထဲကမှ စာအုပ်လေး တစ်အုပ်အကြောင်းကို ညွှန်းချင်ပါတယ်။
ဒါကတော့ ဆရာမစမ်းစမ်းနွဲ့(သာယာဝတီ) ရေးသားတဲ့ မဟူရာ အကျဉ်းထောင်ဆိုတဲ့ ဝတ္ထုပဲ ဖြစ်ပါတယ်။ ထို့ကြောင့် ဒီဝတ္ထုပါ အကြောင်းအရာတွေဟာ အခုဆိုရင် နှစ်ပေါင်း ၄၀ ကျော်ကျော်လောက် ရှိနေပြီဖြစ်ပါတယ်။ စာရေးသူကတော့ ဒီဝတ္ထုကို ချီးကျူးသံတွေ ညံခဲ့သလို၊ ဝေဖန်ထိုးနှက်မှုများလည်း ခံခဲ့ရပါတယ်လို့ ကိုယ်တိုင် အမှာစာရေးသားရာမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။
ဒီဝတ္ထုလေးကတော့ မွေးဖွားလာစဉ်ကတည်းက အမိရယ်၊ အဖရယ်လို့ တိတိပပ မရှိ၊ နှစ်ခြင်းခရစ်ယာန် အထက်တန်း ကျောင်းအုပ်ဆရာမကြီး မာသာကက်တရီးနား၏ ရင်အုပ်မကွာ စောင့်ရှောက်မှုနဲ့အတူ လူလောကထဲမှာ ဖြတ်သန်းနေတဲ့၊ ကိုယ်ကို မွေးဖွားပေးခဲ့တဲ့ မွေးခန်းဆရာဝန် ဒေါက်တာဘုန်းမြင့်၊ ဆရာမ တင်တင်မာ၊ ဆရာမ နွယ်နီဉီးတို့ရဲ့ စုပေါင်းကင်ပွန်းတပ်ခြင်းခံခဲ့ရတဲ့၊ “တင်နွယ်ဘုန်း” ဆိုတဲ့ အမျိုးသမီးလေးရဲ့ ဘဝဇာတ်ခုံအကြောင်းကို ရေးဖွဲ့ထားတာပဲ ဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်ဝန်းကျင်က အမျိုးသမီးငယ်လေး တစ်ဉီးရဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံ၊ သူ့စိတ်ဓာတ်၊ သူ့ခံယူချက်နဲ့ ခေတ်ကာလ နောက်ခံတွေကိုပါ ဖတ်ရှုခံစားရနိုင်မယ့် ဝတ္ထုကောင်းလေး တစ်အုပ်ပဲ ဖြစ်ပါတယ်။
တင်နွယ်ဘုန်းဆိုတဲ့ အမျိုးသမီးလေးရဲ့ စိတ်ဓာတ်၊ ကိုယ့်ရဲ့ယုံကြည်ချက်အပေါ်မှာ ထားတဲ့ ခံယူချက်၊ သဘောထားတွေကို လေ့လာနိုင်သလို၊ ကိုယ့်အိမ်ထောင်ဖက် အမျိုးသားအပေါ်မှာထားတဲ့ အိမ်ထောင်ရှင်မ တစ်ယောက်ရဲ့ စိတ်ကူးဆန္ဒတွေ၊ အိပ်မက်တွေကိုပါ သိရှိခံစားနိုင်မှာ ဖြစ်ပါတယ်။
“ဒါ စည်းရုံးရေးဆို။ ဘာလဲ။ ပြုံးပြပြီး စည်းရုံးရမှာလား၊ ခြေမြှောက်လက်မြှောက် ကွေးကောက် ကိုယ်ဟန်ပြပြီး စည်းရုံးရမလား။ တင်ဘုန်းနွယ် စည်းရုံးရေးလုပ်တယ်ဆိုတာ ပြုံးပြတာမျိုး၊ ကပြတာမျိုး၊ မျက်စပစ်ပြတာမျိုး ဘယ်တော့မှ မပါဘူးမှတ်ပါ။ ဘယ်တော့မှလည်း မလုပ်ဘူးမှတ်ပါ။”
“ခြိုးခြံချွေတာသော၊ အာဟာရဓာတ်လုံလောက်သော ဟင်းစပ်အမျိုးမျိုး နွယ့်စိတ်ကူးထဲမှာ အပြည့်ရှိသည်ဆိုတာ မောင်မောင်မှ မထောက်ထားတော့ပဲ။”
၁၉၇၅ ခုနှစ်က တင်နွယ်ဘုန်း သာ ၂၀၁၉ ခုနှစ်မှာ ရောက်ခဲ့မယ်ဆိုရင် . . . . . . .
#justrentabook
#justrentabookmyanmar
#sharingiscaring