စာအုပ်အမည် - Gender Line 2081
စာရေးသူအမည် - ဗြိတိသျှကိုကိုမောင်
စာပေအမျိုးအစား - ၀တ္ထု
စာမျက်နှာ - ၄၂၆ မျက်နှာ
ထုတ်ဝေသည့်ခုနှစ် - ၂၀၂၀၊ ဇန်နဝါရီ
ထုတ်ဝေသည့်အကြိမ် - ပထမအကြိမ်
အုပ်ရေ - ၁၀၀၀
ထုတ်ဝေသည့်စာပေတိုက် - ငါတို့စာပေ
မျက်နှာဖုံးပန်းချီ - ကျားပေါက်
စာအုပ်တန်ဖိုး - ၅၅၀၀ ကျပ်
"မောင်ဗြိ မဟုတ်တဲ့ မောင်ဗြိ လက်ရာ (သို့) Gender Line 2081"
ဒီစာအုပ်က ဗြိတိသျှကိုကိုမောင် ရဲ့ လေးအုပ်မြောက် လုံးချင်းဝတ္ထုရှည်။ မောင်ဗြိကို သိထားကြတာက သရော်စာ ရေးတာအရမ်းကောင်းတယ်။ facebook ပေါ်မှာလည်း သူ့သရော်စာတွေ အမြဲလိုလို ဖတ်နေရတယ်၊ သရော်စာပေါင်းချုပ်တွေလည်း တစ်နှစ်တစ်အုပ် ထွက်ထားတယ်ပေါ့။ လုံးချင်းဝတ္ထုဖြစ်တဲ့ ကွန်မန်ဒိုဘချို နဲ့ နေထွက်ဘုရင် မှာဆိုရင် တစ်ကယ်ဖြစ့်ရပ်တွေပေါ်မှာ စိတ်ကူးယဥ်ဖြစ်ရပ်တွေ ပေါင်းထည့်ပြီး ဇာတ်အိမ်တည်သလို ဘောနက်ကြီးမှ လူမိုက်ကြီးများမှာ ဆိုရင်တော့ သူ့ရဲ့အပေါင်းအသင်းတွေကို နာမည်ပြောင်ပေး စနောက်ဇာတ်အိမ်တည်ပြီး ဝတ္ထုဖွဲ့ခဲ့တယ်။ ခု Gender Line 2081 ကို ဖတ်ပီးသွားတဲ့ အခါမှာတော့ ဟာကနဲ့...ကျနော်သိထားတဲ့ မောင်ဗြိ လက်ရာက အကြွင်းအကျန်လောက်ကလေး။ ကျနော် မသိထားတဲ့ မောင်ဗြိလက်ရာ က အများစု။ မောင်ဗြိမဟုတ်တဲ့ မောင်ဗြိလက်ရာ။
အရင်ဆုံး စာအုပ်နောက်ကျောကို အရင်ကြည့်လိုက်တော့ စာရေးသူရဲ့ နုတ်လေးငါးကြောင်းလောက်တွေ့တယ်။ ဒီဝတ္ထုမှာ သူ (စာရေးသူ) က ဘုရားသခင်တဲ့။ သူ့ဖြစ်စေချင်သလို ကမ္ဘာကို ယောက်ျားချည်းတစ်ခြမ်း၊ မိန်းမချည်းတစ်ခြမ်း နှစ်ခြမ်းခွဲပစ်လိုက်တယ်တဲ့။ ဝတ္ထုခေါင်းစဥ်အရရယ် သူ့နုတ်လေးအရရယ် ဝတ္ထုက ဘာအကြောင်းဆိုတာ ခပ်ရေးရေး သဘောပေါက်တယ်။
ဝတ္ထုအဖွင့်မှာတင် Albert Camus ရဲ့ The Outsider (ထင်လင်း - စည်းအပြင်ကလူ) ရဲ့ ဇာတ်လမ်းအဖွင့်စာကြောင်းလေးလို "ဒီနေ့ သမ္မတကြီး ရာသီလာတယ်။ ဒါမှမဟုတ် မနေ့ကလည်း ဖြစ်ချင်ဖြစ်မယ်။ " ဆိုပြီး စဖွင့်ထားတော့ နှုတ်ခမ်းလေးကွေးသွားပြီး မောင်ဗြိကတော့ လုပ်ချလိုက်ပြန်ပြီဆို တွေးမိသွားတယ်။ ဆက်ပြီးဖတ်လိုက်တဲ့ အခါတော့ ကိုယ်ထင်မိထားတာတွေ တက်တက်စင်အောင် လွဲခဲ့တာပဲ။
စာရေးသူဟာ 2081 မှာ ကမ္ဘာကို Gender Line ဆိုတဲ့ စည်းကိုခြားလို့ နှစ်ခြမ်းခွဲ၊ ယောက်ျားတစ်ခြမ်း မိန်းမတစ်ခြမ်း၊ ကြားဇုံထဲမှာ LGBT တွေအတွက် တစ်နေရာ စသည်ဖြင့် နေစေခဲ့တယ်။ နှစ်နှစ်ရာ ကျော်လောက်အကြာမှာ မိန်းမကလည်း ယောက်ျားတွေ ရှိတာမသိ၊ ယောက်ျားကလည်း မိန်းမတွေ ရှိတာမသိ ကြတော့ဘူး။ ရှိခဲ့တယ်ဆိုတာ ပုံပြင်တွေပမာ။ လူဖြစ်နေတဲ့ အတွက် လိင်စိတ်ဆိုတာတော့ ရှိကြသေးတယ်ပေါ့။ အဲဒါကိုလည်း ကိုယ့်နည်းကိုယ့်ဟန် ဖြေရှင်းကြ။ မျိုးဆက်အတွက်လည်း ဖန်ပြွန်နည်းတွေသုံးကြပေ့ါ။ ရိုးရိုးရှင်းရှင်းလေးပါပဲ။
ဘုရားသခင်ဆိုတာ လူတွေကို ဖန်ဆင်းခဲ့တုန်းကလည်း ရိုးရိုးရှင်းရှင်းပါ။ လူတွေ မရိုးရှင်းခဲ့တာ။ လူတွေက ဘုရားသခင်တားမြစ်တာတွေ နားမထောင်ဘဲ ထင်ရာစိုင်းခဲ့တာ။ အဲဒီနောက် ဘုရားသခင် လည်း လူသားတွေကို ဘာမှမတတ်နိုင်တော့ဘဲ လွှတ်ထားပေးလိုက်ရတော့တာ။
ဝတ္ထုထဲမှာလည်း စာရေးသူ ဖန်တီးခဲ့တဲ့ ကမ္ဘာမှာ ဇာတ်ကောင်တွေဟာ စာရေးသူတားမြစ်ထားတဲ့ စည်းကမ်းတွေ ဘောင်တွေ ကျော်ဖို့ ၊ စာရေးသူ တားမြစ်ထားတဲ့ Gender Line ကိုဖြတ်ဖို့ ကြိုးစားတော့တဲ့ အခါ စာရေးသူလည်း ဘာမှမတတ်နိုင်တော့ဘူး။ အဲဒီ မတတ်နိုင်တာကိုက ဇာတ်လမ်းကို ဆွဲခေါ်သွားခဲ့တာပဲ။ ဇာတ်ကောင်တွေကလည်း နဲမှ မနဲပဲကို။ စာရေးသူလည်း ဘယ်နိုင်တော့မလဲ။
မောင်ဗြိ အစစ်ဖြစ်ကြောင်းကို ကြားဖူးနေကြ နာမည်တွေကို ဟာသလုပ်တာ သရော်တာရယ်၊ မျက်မှောက်နိုင်ငံရေးကို သရော်တာရယ်က ဖယ်လိုက်ရင် စာရေးသူဟာ Terminator ဇာတ်လမ်းတွဲတွေ i Robort တို့လို့ Sci-Fi Movies တွေကြည့်ပြီး စိတ်ကူးယဥ်ပြီး ဘုရားသခင် လုပ်ခဲ့သလားပဲ။ အဲလို ဘုရားသခင် လုပ်ခဲ့တာက အမှားပဲ။ ဘုရားသခင်ကိုမှ သဘာဝကို လွန်ဆန်ပြီး လျှောက်ဖန်တီးခဲ့တာတွေက အမှားဆုံးပဲ။ အဲဒီအမှားတွေဟာ ခု ကျနော် ဖတ်ပြီးခဲ့တဲ့ Gender Line 2081 ဆိုတဲ့ ဝတ္ထုရှည်ကြီးပဲပေါ့။
- ကိုဇေ
Publisher Name: ငါတို့စာပေ
Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543
Publisher Phone Number: 09 73055543