စမ်းရေကြည်နု
လင်းခါး
စာမျက်နှာ ( ၂၃၉ )
ငါတို့စာပေ ပထမအကြိမ် ဇွန် ၂၀၂၀
တန်ဖိုး - ၃၅၀၀ ကျပ်
၂၀၀၀ခုနှစ်စွန်းစွန်းတွေမှာ ကဗျာတွေကိုတခုတ်တရ ဖတ်ခဲ့စဥ်က မဂ္ဂဇင်းစာမျက်နှာတွေမှာ လင်းလွင် ၊လင်းခါး ၊လင်းဆက်ရေစကြို စသဖြင့် နှစ်သက်ခဲ့မိသော `လင်း´ ကဗျာဆရာတွေ။ထို `လင်း´တွေထဲက လင်းခါးကတော့ မဂ္ဂဇင်းတွေ ပျောက်ကွယ်သွားတဲ့ ဒီဘက်နှစ်တွေမှာ ကဗျာနဲ့တင်ရပ်မနေဘဲ အက်ဆေးတွေ၊ ဝတ္ထုရှည် လုံးချင်းတွေပါရေးလာသည်ကိုတွေ့မြင်ရသည်။ကဗျာမှာ အောင်မြင်ခဲ့သောလင်းခါး၊ အနောက်မြောက်လွင်ပြင်ဆု ၊ရွှေဘိုပန်းကဗျာဆု၊အလယ်ရိုးမခေတ်ပေါ်ကဗျာဆုစသဖြင့် ကဗျာဆုတွေပါသိမ်းပိုက်ခဲ့သောလင်းခါး၊နေ့စဥ်ထုတ်သတင်းစာကြီးတစ်စောင်တွင် အက်ဆေးတွေဖြင့် ရသစာဖတ်ပရိတ်သတ်၏နှစ်သက်ခြင်းခံရသောလင်းခါး၊
ထိုကဗျာဆရာလင်းခါးက လုံးချင်းဝတ္ထုစာအုပ်၂အုပ်ဖြင့် စာဖတ်ပရိတ်သတ်ရင်ထဲ အခိုင်အမာနေရာယူနိုင်ခဲ့သည်။ပထမ လုံးချင်းနံမည်ကရေသေအိုင်။ ပေါက်သည်။အောင်မြင်သည်။အုပ်ရေ ၆၀၀၀ ၊၆ကြိမ်ပြန်ရိုက်ရသည်။ရုပ်ရှင်ရိုက်ဖို့ပင် ကမ်းလှမ်းခံရသည်အထိ အောင်မြင်သည်။
ဒုတိယလုံးချင်း စမ်းရေကြည်နု တဲ့။အောင်မြင်ပြန်သည်။ပေါက်ပြန်သည်။အုပ်ရေ၄၀၀၀ ထုတ်ပြီးပြီ။လင်းခါးသည် ကဗျာမှာသာမက ဝတ္ထုမှာလည်း အောင်မြင်သောစာရေးဆရာတစ်ယောက်ဖြစ်နေပြန်သည်။မုဒိတာစိတ်ဖြင့် ဝမ်းသာကြည်နူးရသည်။
စမ်းရေကြည်နု တဲ့။ခေါင်းစဥ်ပေးထားပုံကိုက ကဗျာဆရာပီပီ ကဗျာဆန်သည်။လှသည်။ဇွန်လကတည်းကထွက်ခဲ့သော ထိုစာအုပ်ကို ကိုဗစ်ကာလဒုတိယလှိုင်း စက်ရုံတွေပိတ်ချိန်မှပင် ဖတ်ဖြစ်ခဲ့သည်။ဖတ်ပြီးပြန်တော့ ပြောစရာတွေ၊တွေးစရာတွေနှင့် မိမိရင်မှာ ငြိကျန်ခဲ့သည်။
ဇာတ်အိမ်တည်ထားတာက တောင်ခြေ မြစ်ကမ်းပေါ်က မြို့ကလေးတစ်မြို့၏ လမ်းကလေးထဲက မိသားစု တွေအကြောင်း။(စာရေးသူက ကျောက်ဆည်မှာ နေခဲ့သူဖြစ်တာသိထားသည်မို့ ကျောက်ဆည်မြို့ကို ရည်ညွှန်းထားမှန်း စိတ်ကသိနေသည်။)ကျွန်တော်တို့အလွယ်တကူမြင်ရပေမယ့် ကျွန်တော်တို့အလွယ်မမြင်နိုင်ခဲ့တဲ့အမှန်တရားဟာ ဆရာလင်းခါး ရဲ့ စမ်းရေကြည်နု ထဲမှာ တသွင်သွင်စီးနေပါတယ်။
[ ]
ကဗျာဆရာတစ်ယောက်ရဲ့လက်မှန်း ဘယ်လိုမှ ကွယ်ဝှက်ထားလို့မရအောင် အတွေးတွေကတဆင့် ခုန်ဆင်းလာတဲ့ စကားလုံးတွေက သိပ်လှခဲ့ပါတယ်။ အောက်လိုင်းတားပြီး တကူးတကရှာစရာမလိုအောင် ပေါပေါများများ တွေ့ရမှာပါ။ ဥပမာ ပြောရရင်
မျက်နှာအနေအထားမာန်ဝင့်ပုံက ထက်လွန်းလို့ သစ်ရွက်များ သူ့မျက်နှာပေါ်ကြွေကျမိရင် တိခနဲနေမှာ ဆိုတာမျိုး။
သူ့အဖေဟာ သူ့အမေ မန္တန်တွေရွတ်ပြီး စီရင်မှုတ်သွင်းထားတဲ့ လေထိုးရုပ်ပဲ ဆိုတာမျိုး။
သူနဲ့သူ့သားလေးရဲ့ နှစ်ကိုယ်စာ အာကသအလယ်မှာ အဆုံးစွန်သော နာကျင်မှုဟာ ဆောင့်ကြောင့်ငုတိတုတ်ထိုင်လို့နေလေရဲ့ ဆိုတာမျိုးတွေပေါ့။
စေးစေးပိုင်ပိုင်ရှိလှတဲ့ ဥပမာပေးချက်တွေ၊ သူလိုကိုယ်လို ပြောရိုးပြောစဥ် လူထုသုံးစကားတွေကို လိုအပ်သလိုထည့်သုံးသွားတာဟာ ဒီဝတ္ထုကိုစကိုင်ပြီဆိုတာနဲ့ ပြီးအောင်ဆက်ဖတ်ဖို့ ဆွဲခေါ်သွားသလိုပါပဲ။စကားပြောအရေးအသားအသစ်ဟာ ကျွန်တော်တို့ကို မိန်းမောဆွံ့အ သွားစေခဲ့ပါတယ်။
စာရေးသူဟာ သူဖြတိသန်းခဲ့တဲ့၊ ဖြတ်သန်းနေဆဲဖြစ်တဲ့ ခေတ်ကို လှမ်းရိလိုက်တဲ့ ငေါ့လုံး ထေ့လုံးတွေကိုလည်း စာမျက်နှာ တချို့တနေရာမှာ တွေ့ရမှာ အသေအချာပါပဲ။ဒုက္ခိတတစ်ယောက်ရဲ့ကျောပေါ်က အဖုကြီးလို လောကကြီးထဲငေါထွက်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ ဒုက္ခ သုက္ခတွေဟာ ဘယ်လောက်ပဲဖုံးထားဖုံးထား စိတ်မသက်သာစရာ အဖြစ်အပျက်တွေဟာ အပြင်မှာတကယ် ဖြစ်ပျက်ခဲ့တယ်။စမ်းရေကြည်နုထဲမှာ ဖြစ်ပျက်ခဲ့တယ်။ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာဖြစ်ပျက်နေပါဦးမယ်။စာအုပ်ကိုအဆုံးအထိဖတ်ပြီးမှ မျက်နှာဖုံးကို နောက်တခေါက်ပြန်ကြည့်မိတယ်။ဇာတ်သိမ်းခန်းကိုရေးဆွဲထားပါလားလို့ နားလည်မိပြန်တယ်။
အစားကောင်းစားရရင် မိတ်ရင်းဆွေရင်းတွေကိုသတိရမိတတ်သလိုမျိုးပေါ့။ကျွန်တော်လည်းမိတ်ဆွေတို့ကို ပြင်းပြင်းပျပျသတိရနေမိခဲ့ပါတယ်။ ဒီဝတ္ထုဖတ်ပြီး မိတ်ဆွေတို့လည်း ဒီလိုဖြောင့်ချက်ပဲပေးလိမ့်မယ်ဆိုတာကျွန်တော် သိနှင့်နေခဲ့ပါပြီ။
ကျေးဇူးတင်ပါတယ် ။
ဆူးရင့်အိမ်
27-10-20
Publisher Name: ငါတို့စာပေ
Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543
Publisher Phone Number: 09 73055543