စာအုပ်အမည် _ ကိုယ်တိုင်သိရှိသွားမှု
စာရေးဆရာ _ ဇဏ်ခီ
ထုတ်ဝေသူ _ ဇလပ်နီစာပေ
ထုတ်သည့်နှစ်_ စက်တင်ဘာလ ၊ ၂၀၁၉ (ပထမအကြိမ် )
မျက်နှာဖုံးနှင့် အတွင်းပန်းချီ_နေမျိူးဆေး
စာမျက်နှာ _ ၁၂၄
တန်ဖိုး _၃၀၀၀
ဝတ္ထုစာအုပ်တွေ ချည်းပဲ တောက်လျှောက် ဖတ်နေရာက စိတ်ညောင်းလာပြီ ဆိုရင် အတွေးအခေါ်မှတ်စု လိုမျိုး စာတိုပေစ လေးတွေ ဖတ်ဖြစ်တယ်ဗျ ။ စာဖတ်ရတာ မငြီးငွေ့တော့ဘူး ။ ဆင့်ပွား တွေးတောစရာတွေ ရလာတယ် ။ စိတ်အညောင်းပြေတယ် ဆိုပါစို့ ။
အစောပိုင်း ဖတ်ခဲ့တဲ့ အတွေးအခေါ် မှတ်စုတွေက ဆရာ နန္ဒာသိန်းဇံ စာအုပ်တွေပါ ။ နောက်တော့ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ ခေတ်သစ်ပုတ္တောဝါဒ ကို ကြိုက်သွားတယ် ။ နောက် ဦးအောင်သင်း ရေးတဲ့ အတွေးစကား ၊ ဆရာကြီး တက်တိုး ဘာသာပြန် သူတို့အတွေးအခေါ် မှတ်စုများ စတဲ့ စာအုပ်တွေ ဖတ်ဖြစ်တယ် ။
အခုလည်း ဇဏ်ခီ ရေးတဲ့ ကိုယ်တိုင်သိရှိသွားမှု ဆိုတဲ့ စာအုပ်လေးကို ဖတ်မိတော့မှ အပေါ်က ပြောတဲ့ စာအုပ်တွေကို သတိရသွားမိတာ ။
ကျွန်တော် သိတဲ့ ဇဏ်ခီ က ရုပ်ရှင် သရုပ်ဆောင် ၊ ဒါရိုက်တာ ၊ အဆိုတော် ။ အဲဒီ နယ်ပယ်တွေမှာ သူဟာ အောင်မြင်မှု ရရှိပြီးသား ။ သူ့ ရုပ်ရှင်တွေတော့ ကျွန်တော် မကြည့်ဖူးသေးဘူး ။ သူ သီချင်းဆိုတဲ့ ဗီဒီယိုဖိုင်တော့ ကြည့်ဖူးတယ် ၊ အဆိုကောင်းပဲဗျ ။
စာရေးတယ် ဆိုတာကတော့ သီးခြား နယ်ပယ်တစ်ခု ။ အတွေ့အကြုံ ဘယ်လောက် များများ ရေးပြတတ်မှ ဖတ်လို့ အဆင်ပြေတာ ။ သို့ပေမဲ့ စာရေးတဲ့ နေရာမှာလည်း ဇဏ်ခီ တော်တာပဲ ။ သူ့ အတွေးအမြင်တွေ ၊ သူ ကြုံတွေခဲ့ရသမျှကို သုံးသပ်ပြသွားတာတွေ ဟာ စိတ်ဝင်စားဖို့ ကောင်းတယ် ။ အဆိုးမြင် သိပ်မတွေ့ရဘဲ ပြုပြင်စေလိုတဲ့ ကိစ္စတွေကို ဆွေးနွေးထားတယ် ။
ဘယ်လို အကြောင်းအရာတွေကို ဇဏ်ခီ တို့ထိ ရေးသားထားတာလဲ ဆိုတာ စာစု ခေါင်းစဉ် အချို့ကို ဖတ်ကြည့်ရင် သိသာနိုင်ပါတယ် ။
၁။ I Love Buddha but ...
၂။ ဗုဒ္ဓဘာသာနဲ့ ခြံစည်းရိုး ကိစ္စ
၃။ Oneness
၄။ အရာရာကို ဒုက္ခ နဲ့ ကြည့်တတ်အောင် ကြိုးစားပါ
၅။ ပြည့်စုံခြင်းဆိုတာ
၆။ အလွဲတချို့နဲ့ ကိုယ်ပိုင် သုံးသပ်မှု
၇။ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူ
၈။ ဘုရားစင်နဲ့ Gym .... အပါအဝင် တွေးတောစရာ ဆောင်းပါးတိုလေးတွေ ၁၈ပုဒ် ပါဝင်ပါတယ် ။
မန္တလေးသား တစ်ယောက် ဖြစ်ပြီး အမေရိကမှာ ကြီးပြင်းခဲ့တဲ့ ဇဏ်ခီရဲ့ ဖြတ်သန်းမှု ၊ ဇဏ်ခီ ရဲ့ အမြင်တွေကို သိရှိရမှာ ဖြစ်ပါတယ်။
လူငယ်လူရွယ်တွေ အတွက် ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ် လို့ ဆိုချင်ပါတယ် ။ ဗုဒ္ဓ အပေါ် ဇဏ်ခီ ဘယ်လို မြင်လဲ ။ လူနဲ့ လူ့ ပတ်ဝန်းကျင်ကို ဇဏ်ခီ ဘယ်လို သုံးသပ် ထားသလဲ ဆိုတာ သိရမှာပါ ။
kyaw kyaw lwin (12:30 pm,12.9.2019)