ဝတ္ထုစာအုပ်အမည် --------------- ၁၉၈၉ - ၉၀
စာရေးသူ ------------------------ မိုးကျော်ဇင်
အကြိမ်ရေ ----------------------- ပထမအကြိမ်
စာမျက်နှာ ---------------------- ၁၆၈
စာပေတိုက် -------------------- Mr Book Sarpay
မျက်နှာဖုံး ---------------------- မာဏ
တန်ဖိုး ---------------- ၄၀၀၀ ကျပ်
ဖြန့်ချိရေး. ,........... ကိုလတ်စာပေ
(ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)
ကုက္ကိုရွက်ကြွေလေးတွေ စာအုပ်ကြားညှပ်တဲ့ ခေတ်က ဝတ္ထု
( သို့ )
၁၉၈၉ - ၉၀
----------------------
ကျွန်တော့်ရဲ့ ၁၉၈၉ - ၉၀ လို့ ခုနှစ်တွေနဲ့ နာမည်ပေးထားတဲ့ ဒီဝတ္ထုဟာ ၄ အုပ်မြောက် လုံးချင်းဝတ္ထုရှည်ပဲ ဖြစ်ပါတယ်။
၁၉၈၉ - ၉၀ ဆိုတဲ့ နာမည်အတိုင်း ၁၉၈၉ ခုနှစ်နဲ့ ၁၉၉၀ ခုနှစ်တွေကို အသက် ၁၀ နှစ်သား အရွယ်လောက်နဲ့ ဖြတ်သန်းခဲ့ရတဲ့ ကလေးတစ်ယောက်ရဲ့ အတွေ့အကြုံတွေ၊ ကလေးတစ်ယောက် ရဲ့ မမီမကမ်း အတွေးလေးတွေနဲ့ မြင်ခဲ့ရတဲ့ ဘဝမြင်ကွင်းတွေကို ရေးဖွဲ့တည်ဆောက်ထားတာ ပါ။ ဒီဝတ္ထုမှာ လည်း တကယ့်လူ့ပတ်ဝန်းကျင် အစစ်အမှန်နဲ့ အနီးကပ်ဆုံးဖြစ်ဖို့ ကြုံးစားတိုးကပ်ထား ပါတယ်။
တောမြို့ကလေးတစ်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်ကလေးထဲက ကလေးငယ်တစ်ယောက်နဲ့ သူ့ သူငယ်ချင်းတွေ၊ ပြီးတော့ ထူးခြားပြီး ထက်မြက်သလို တပည့်တွေအပေါ် စေတနာရှိတဲ့ သူတို့ ဆရာ၊ သုဿန်အစပ်မှာ တဲထိုးပြီး တစ်ကိုယ်တည်းနေတဲ့ ဦးဆင်ကြီး ၊ ခြေထောက်တစ်ချောင်း မရှိတော့ဘဲ ချိုင်းထောက်နဲ့ သွားလာနေရတဲ့တိုင်အောင် သွေးသားကုန်သည်မလေးဘဝနဲ့ အသက် မွေးဝမ်းကျောင်းနေရတဲ့ မသီနဲ့ သူ့မိသားစု၊ ပြီးတော့ သူတို့ရဲ့ ပတ်ဝန်းကျင်။
ကလေးတစ်ယောက်ရဲ့ ဘဝဆိုတာ ကလေးတစ်ယောက် ဖြစ်နေရခြင်းကို စိတ်ကုန်ပြီး လူကြီးတစ်ယောက်ဖြစ်လာဖို့ နေ့စဉ်နဲ့အမျှ အားမလို အားမရ စောင့်ဆိုင်းစိတ်ပျက်နေရတဲ့ အချိန် ကာလတွေကို ပြောတာပါပဲ။ အဲဒီလိုပါပဲ၊ ၁၉၈၉ - ၉၀ ဝတ္ထုထဲက ဒီဇာတ်လမ်းကို အဓိက ပြန်ပြော ပြနေတဲ့ စိုးမင်းအောင် ဆိုတဲ့ ကောင်လေးနဲ့ သူ့ငယ်ချင်းတွေဟာလည်း လူကြီးမြန်မြန် ဖြစ်ချင်နေ တဲ့၊ လူကြီးဘဝကို ရောက်ဖို့ စောင့်ဆိုင်းနေရတာကို စိတ်မရှည်နိုင်တော့တဲ့ ကလေးငယ်တစ်စုပဲ ပေါ့။
သူတို့ဟာ ၁၉၈၉ ခုနှစ်၊ ရှည်ကြာလွန်းလှတဲ့ ကျောင်းပိတ်ရက်တွေအလွန်မှာ ကျောင်းမ ပိတ်ခင်ကလိုပဲ လေးတန်းကျောင်းသားဘဝနဲ့ ကျောင်းပြန်တက်ကြရတယ်။ မုန်တိုင်းကြီးတစ်ခု တိုက်ခတ်ပြီးဆုံးသွားပြီးတဲ့နောက် ကျန်ရစ်ခဲ့တဲ့ နေရာလို သူတို့ရပ်ကွက်ကလေးကလည်း စည်စည် ကားကား ရှိလှတာ မဟုတ်။ အဲဒီရပ်ကွက်ကလေးထဲက မူလတန်းကျောင်းသစ်ကလေးမှာ သူတို့ ကျောင်းတက်ခဲ့ကြတယ်။ အဲဒီကျောင်းနောက်က မန်းကျည်းပင်တန်းမှာ ကျောင်းစာအုပ်ထဲ မပါ တဲ့၊ လူကြီးမိဘတွေ ကြောက်လန့်ကြတဲ့ ပညာရွှေအိုးတွေကို သူတို့ တူးဖော်ရရှိခဲ့ကြတယ်ပေါ့။ သူတို့ ကျောင်းပြေးပြီး ရေကူးကြတယ်။ သူတို့ ပိုက်ဆံအကြွေ ငါးမူးစီနဲ့ မီးခြစ်ဆံတစ်ချောင်းစီ ကိုင်ပြီး နေရာတစ်ခုကို သွားဖို့ ကြိုးစားခဲ့ကြဖူးတယ်။ တစ်လျှောက်လုံး မမြင်နိုင်ခဲ့တဲ့ မျက်နှာတစ် ခုကို နောက်ဆုံးအချိန်တစ်ခုမှာ သူမြင်ခဲ့ရပါတယ်။ ဂမ္ဘီရတွေ ဆန်နေမှ မဟုတ်ပါဘူး၊ ကျွန်တော် တို့ လူတိုင်းလူတိုင်းရဲ့ ဘဝတွေတိုင်းဟာ ဆန်းကြယ်တဲ့ ကံကြမ္မာရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း ဆန်းကြယ်ခဲ့ကြပါတယ်။
အဲဒီလိုပါပဲ၊ ဒီ ၁၉၈၉ - ၉၀ ဝတ္ထုဟာ ကံကြမ္မာရဲ့ ဆုံးဖြတ်စီရက်ချက်တွေအရ ဆန်းကြယ် လာရတဲ့ ဝတ္ထုတစ်ပုဒ်ပေါ့။
၁၉၈၉ - ၉၀ ဝတ္ထုဟာ အချစ်တွေအကြောင်း၊ အလွမ်းတွေအကြောင်း အတင်းဖန်းတီး ထားတာ မဟုတ်ပါဘူး။ ခုနှစ်သက္ကရာဇ်၊ အချိန်ကာလတစ်ခုရဲ့ အကြောင်းကို ပြောပြနေခဲ့တာပါ။ ကျော်လွန်ခဲ့ပြီးတဲ့ ဖြတ်သန်းခဲ့ဖူးတဲ့ ၊ ကျန်နေရစ်ခဲ့တဲ့ နှစ်ကာလတစ်ခုရဲ့ အကြောင်းပေါ့။ တကယ်တမ်း ပြောရမယ်ဆို ဒီဝတ္ထုထဲမှာ ၁၉၈၉ - ၉၀ ခုနှစ်ဟာ ဇာတ်လိုက်တစ်ယောက် ဖြစ်နေပါ တယ်။
ဝတ္ထုတွေဟာ ဝတ္ထုတွေဆိုပေမယ့် တချို့ဝတ္ထုတွေဟာ ဝတ္ထုထက် ပိုတဲ့ အလုပ်တာဝန်တွေကို ထမ်းဆောင်ပါတယ်။ အဲဒါကတော့ လူသားတွေ ဘယ်လိုနေထိုင်ရှင်သန်ခဲ့ကြသလဲဆိုတဲ့ သမိုင်းကို ပါ ပြန်ပြောပြနေကြတဲ့ ဝတ္ထုတွေပေါ့။ ၁၉၈၉ - ၉၀ ဆိုတဲ့ လုံးချင်းဝတ္ထုဟာ ဝတ္ထုထက်ပိုမိုတဲ့ အလုပ်တာဝန်တွေကိုပါ ထမ်းဆောင်နေလေ သလားဆိုတာကတော့ စာဖတ်သူတွေပဲ ဆုံးဖြတ်ပါလိမ့်မယ်။