#ပန်းကြာဝတ်မှုန် (#ခင်ခင်ထူး)
ဒီစာအုပ်ကို ၂၀၀၈ ခုနှစ်ကတည်းက ပထမဆုံးအကြိမ်ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။
လူသိများ နာမည်ကြီးတဲ့အပြင် ရုပ်ရှင်ဇာတ်ကားကြီး အဖြစ်ပါ ပြန်လည်ရိုက်ကူးထားပြီးဖြစ်တဲ့ စာအုပ်ကောင်းတစ်အုပ်ကို မဖတ်ရသေးသော စာဖတ်ဝါသနာရှင်များအတွက် မိတ်ဆက်ပေးချင်ပါတယ်။
အညာဒေသ အငွေ့အသက်ပါတဲ့ ဘဝရသတွေကို ပုံဖော်လေ့ရှိတဲ့ စာရေးဆရာမ ခင်ခင်ထူးရဲ့လုံးချင်းဝတ္ထုရှည် တစ်အုပ်ဖြစ်ပါသည်။ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို အခြေခံထားခြင်းဖြစ်သည်ဟုလည်း စာရေးသူကိုယ်တိုင် ဝန်ခံထားသည်။
၁၉၈၀ ဝန်းကျင်ကာလ မန္တလေးတက္ကသိ်ုလ်မြေမှာ စတင်တွေ့ဆုံကြသော မြင်းခြံသူ "သီရိမေ" နှင့် ရှမ်းစော်ဘွားအနွယ်ဝင် "အောင်နိုင်သူ" တို့၏ စာပေမြတ်နိုးသူချင်းကြား အတ္တ၊ သံယောဇဉ်နှင့် ၁၅၀၀ မဆန်သော မေတ္တာတရားတို့၏ လွန်ဆွဲမွုကို ပုံဖော်ရင်း မန္တလေး တက္ကသိုလ်ကြီးတွင် ကိုယ်တိုင်တက်ရောက် သင်ကြားခဲ့ရသလို ခံစားလာစေမိအောင် ကလောင်စွမ်းပြထားသည်။
အရမ်းအပြည့်စုံသော မိသားစုမှ ပေါက်ဖွားလာခြင်းမဟုတ်သော်လည်း ဝန်ထမ်းကောင်း ဖခင်၏လမ်းပြပေးမှု၊ မိခင်ဖြစ်သူ၏ အနီးကပ်သွန်သင်ခဲ့မွုတို့ကြောင့် 'သိရိမေ'တစ်ယောက် သိမ်မွေ့အေးချမ်းတတ်သလို မိန်းမတစ်ယောက်၏ သိက္ခာ နှင့် ကိုယ်ကျင့်တရား ဂုဏ်ရည်ကို မာနယှဉ်သော နှလုံးသားဖြင့် ဖုံးကွယ်ဝှက်ရင်း ထိန်းချုပ်ခံစားခြင်းစရိုက်ဟာ ဇာတ်လမ်းရဲ့ ကျောရိုးကို ထိမိစေပါသည်။
..............................
"သမီးရဲ့ ... လူတွေမှာ သတ္တိရှိတတ်ကြပေမဲ့ ဗျတ္တိရှိဖို့ ခဲယဉ်းနေတာ တွေ့ရတယ် ... ဗျတ္တိဆိုတာ ထင်ရှားစွာ ဖြစ်ပေါ်ခြင်းလို့ အဓိပ္ပါယ်ရတယ် ... ကိုယ်ကျိုးစီးပွားကို ပဓာနမထားပဲ အခြားတစ်ပါးအတွက် ထင်ရှားစွာ ဖြစ်ပေါ်စေရမယ်ဆိုတဲ့စိတ်ဟာ ဗျတ္တိစိတ်ပဲ ... ဒါကို ဗျတ္တိဂုဏ်လို့ခေါ်တယ်"
ဒါဆိုရင် လမင်းဟာ ဗျတ္တိဂုဏ်နှင့်ပြည့်စုံသော သူတော်ကောင်းပေါ့။ နေမင်း၏ ပူလောင်သောအလင်းကို ကိုယ်တိုင်ခံယူပြီး အေးမြသော အလင်းကို ဝေမှျပေးတတ်သူပေါ့။ လရောင်ဆီက ရသော ခွန်အားသည် အေးမြခြင်းနှင့် အတူပါလာခဲ့သော ခွန်အားဖြစ်ပါ၏။
(ပန်းကြာဝတ်မွုန်)
.................................
အစ်ကိုအရင်းကဲ့သို့ အားကိုးချစ်ခင်ရသော တစ်မြို့တည်းနေ ကိုတိုးကြီး၏မိတ်ဆက်ပေးမွုကြောင့် စတင်သိကျွမ်းရသည့် အောင်နိုင်သူ နှင့် ခံစားချက်ခြင်းဖလှယ်၊ ယုံကြည်ချက်ခြင်းတည်ဆောက်ရင်း ရင်ဘတ်ခြင်းနီးခဲ့ရသော နှလုံးသားတစ်စုံဖြင့် အရင်းတည်ထားတဲ့ ဇာတ်လမ်းကို မန္တလေးတက္ကသိုလ်ကြီး၏ ခန့်ညားထယ်ဝါမွုနှင့်အတူ ယှဉ်တွဲ ခံစားရမှာပါ။
ရင့်ကျက်သည့် အမျိုးသားတစ်ဦးနှင့် တည်ငြိမ်သည့် အမျိုးသမီးတစ်ဦးကြားမှ အဖြေရှာမရတဲ့ သံယောဇဉ် .. အတိတ်ကာလများဆီက ကျိုင်းမိုင်စော်ဘွားကြီး၏သမီးတော် "စောနန်းမို" ၏ စိတ်ဝင်စားလွမ်းမောဖွယ် ပုံရိပ်၏ အသက်ဝင်မွုကလည်း စာအုပ်ကို လက်ကမချနိုင်လောက်အောင် ဆွဲဆောင်ပေးနိုင်ပါတယ်။
...............................
"သည်နေရာမှာတော့ မေနဲ့ အောင် မတူဘူးလို့ ပြောရမှာပဲ။
လရောင်ကို လခွဲတစ်ကြိမ်မေှျာ်ရတာထက်စာရင် နေ့တိုင်းလိုလိုမြင်ရတဲ့ ကြယ်တွေက ပိုအဓိပ္ပါယ်ရှိတယ်လို့ အောင် ထင်တယ်။ ဘဝမှာ လက်တွေ့ဆန်တာပဲ အောင် ကြိုက်တယ်။
ကြည်အေးရေးတာပါပဲ ... 'ကြယ်ပွင့်တွေဆီ ကြယ်ရည်တွေလူးလို့ ကြယ်အငုံ ကြယ်အဖူးနဲ့ ကြယ်ပွင့်တွေပဲ ခူးချင်တယ်' တဲ့။ ဒါကျတော့ ဘဝမဆန်ဘူးလား မေ"
(ပန်းကြာဝတ်မှုန်)
................................................
မြန်မာစာ အသုံးအနွုန်း စကားလုံးအကျအန ဘာမှ ပြောစရာမရှိအောင် ရွေးချယ်သုံးနွုန်းတတ်သော စာရေးသူ၏ ဝေါဟာရ ခံစားမွုကြွယ်ဝမွုကိုလည်း အထင်ကြီး လေးစားရသည်။
.................................................
ဘဝဆိုတာ မျက်လှည့်ဆရာလက်ထဲက ကျောက်ခဲလေးတွေလိုပဲ မေရဲ့ ... ဖျောက်လိုက်ရငါ ပျောက်တော့သွားပါရဲ့ ... ဒါပေမဲ့ တစ်နေရာမှာ ရှိနေတာမျိုးပဲ ... ။
(ပန်းကြာဝတ်မွုန်)
....................................................
အင်မတန်မြတ်နိုးတဲ့ စောင်းကြီးကိုလည်း ရိုက်ချိုးပစ်လိုက်သတဲ့။ စောင်းကိုမုန်းလို့မဟုတ်ပါဘူး ... စောင်းတီတိုင်းလွမ်းရလို့တဲ့ ...
(ပန်းကြာဝတ်မှုန်)
....................................
ဤဝတ္ထုအကြောင်းသည် ဘဝမဟုတ်၊ အချစ်ဟုတ်၊ အလွမ်းမဟုတ်၊ ဟာသမဟုတ် ..... သို့သော် ထိုအရာအားလုံးလည်းဖြစ်သည်။
ဇာတ်လမ်းထဲတွင် ဇာတ်ကောင်တစ်ခုချင်းစီ၏ ချစ်စဖွယ် စရိုက်လေးများကိုပါ ကွက်ကွက်ကွင်းကွင်း မြင်သာရအောင် ပုံဖော်ထားနိုင်တဲ့အတွက် ကြည်နူးဖွယ် ရသတစ်မျိုးပါခံစားရစေပြီး ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဆရာမ ကြည်အေးတို့၏ ကဗျာစာပိုဒ် တော်တော်များများကိုလည်း ဇာတ်ကောင်သဘာဝများနှင့် လျော်ညီအောင် ထည့်သွင်းပေးထားသောကြောင့် ကဗျာချစ်သူများအတွက်လည်း အကြိုက်တွေ့စေမှာဖြစ်ပါသည်။
ကဲ .... ကျွန်တော်ညွွန်းတာတွေ အရမ်းများနေတော့ ဟုန်သွားမှာတောင် စိုးရိမ်ရလို့ ကိုယ်တိုင်သာ ဖတ်ကြည့်ပြီး ခံစား သုံးသပ် အကဲဖြတ် ပါတော့ခင်ဗျာ။
Credit to Lu Min
Via Thurein Soe
Credit-Thant Zaw Thaw