"If you want to fly
give up everything
that weights you down. ”
ပျံသန်းချင်ရင် လေးလံသမျှကို လွှတ်ချခဲ့ပါ။
✍.....စာမျက်နှာ ၂၀၀ ကျော်လောက်က အခုလောက်ထိ အသိတရား သတိတရားတွေကို ပေးလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ စာရေးသူကို ကြည့်မိကာမှ " အော်... ဒါကြောင့်ကိုး” လို့ ရေရွတ်မိတဲ့ အထိပင်။တကယ့်ကို ဘက်စုံထူးချွန် အောင်မြင်သော ဆရာပါလား.....။
✍.....ဆရာရဲ့ ကနဦးစကားအရ ဤစာအုပ်တွင် ပါဝင်သော ဇာတ်ကောင်များသည် လက်တွေ့၌ တကယ်မရှိဟု ဆိုထားသော်လည်း ဖတ်ပြီးသည့် အချိန်တွင် တကယ်ရှိသလို ခံစားမိကာ ရှိလည်း ရှိစေချင်သည်။ ရှိအောင်လည်း ကြိုးစားချင်သည်။
✍..... နိုင်ငံရပ်ခြားမှ အင်ဂျင်နီယာ ချမ်းမြေ့က သူ၏ငယ်ချစ်ဟု ဆိုလောက်သော သူငယ်ချင်းမလေး ဆန်ဆန် (လာရပ်ဆန်) ကို တမ်းတ အိမ်မက်ဆိုး မက်ရာမှ အစပျိုးခဲ့သည့် ရှာပုံတော် ဇာတ်လမ်းနှင့်
✍....." ရှာမရအောင် ရှားသောအရာ”ဟု ဆိုနိုင်လောက်သည့် နှလုံးလှပိုင်ရှင်လေး၊ "ပန်းဒေါင်း” ပရဟိတ အဖွဲ့၏ ခေါင်းဆောင် ခင်နွယ်စိုးတို့ဖြင့် စတင်ကာ
- - -၂၀၁၄ ခုနှစ်ဝန်းကျင် မြန်မာနိုင်ငံ အထက်ပိုင်း မှ ဆည်တွေကြောင့် ဖြစ်ပေါ်လာသော နိုင်ငံနှင့်အဝှမ်း ရေဘေး အချိန်ကာလ၊
- - - နိုင်ငံတစ်နိုင်ငံရဲ့ ကာလံဒေသအလိုက် လိုအပ်ချက် လစ်ဟာမှုများ ၊ ထိုအရာများအပေါ် ဖြည့်စွမ်းပေးသော ပရဟိတလူငယ်များ၏ စိတ်ဓာတ်ခွန်အားနှင့် ကြိုးပမ်းမှုပုံရိပ်၊
- - - ပရဟိတ အမျိုးသမီးလေး၏ ပြည့်ဝသော စိတ်ဓာတ်၊ ဖြူစင်သော စေတနာနှင့် တတ်ကြွသော အားမာန် ၊ ထိုသို့သော အရင်းခံစိတ်ကြောင့် ရရှိလာသော လူအများစုရဲ့ ချစ်ခြင်းမေတ္တာ ၊
- - - တကယ့် မေတ္တာ အမှန်နှင့် စုံမက်တွယ်တာသူတို့ ဟန်၊
*** " မိဘနဲ့ သားသမီးပေမယ့် သီလမတူရင် သီလပိုကြီးတဲ့ လူက ပိုလွှမ်းမိုးနိုင်သတဲ့ ” ***
ဆရာရဲ့ ဇာတ်လမ်းအဖွဲ့ လှပသေသပ်မှု ၊ လျှို့ဝှက်ချက်ကို သိုသိပ်ထားမှုပုံစံ ၊ ဇာတ်ကောင်တိုင်းရဲ့ ထူးခြားသော နူးညံ့မှု စိတ်သွင်၊ လူ့သဘာဝ စိတ်နေဆန်းများ၊ ရေမြေတောတောင်ပေါ် ခံစားသက်ဝင်မှုတို့ဖြင့် အလွန် ပနံတင့်လှသည်။
"သမီးတို့လုပ်နေတဲ့ ပရဟိတ လုပ်ငန်းတွေဟာ အန်တီတို့ အစိုးရ ဖြစ်လာတဲ့အခါကျရင် အစိုးရကိုယ်တိုင် ဦးဆောင်ပြီး လုပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ အာ့အခါကျရင် သမီးတို့ လူငယ်တွေဘက်က ဘာတွေ ထပ်လုပ်ပေးရမလဲ ၊ ဘယ်လိုဝိုင်းဝန်းရမလဲသာ အန်တီတို့ ပြောပါလို့ ”။
ဒါဟာ ကိုယ်အလေးချိန် ပေါင် ၉၀ ခန့် ရှိ ပရဟိတ အမျိုးသမီးလေးက နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆီသို့ ပြောသော စကားတဲ့ ။
ပန်းမာန် ကို ဖတ်လိုက်ရတဲ့အခါ -
၁) စင်ကြည်သော မေတ္တာကြောင့် ရရှိလာမယ့် အလှတရားနဲ့ ခွန်အားကို မက်မောစွာ လိုချင်လာတယ်။
၂) ကိုယ့်ကိုကိုယ် "ပန်းဒေါင်း”လေး ဖြစ်ချင်လာတယ်။
၃) ပြီးတော့ "ပန်းဒေါင်း ” စာအုပ်ကိုလည်း ဖတ်ချင်လာတယ်။
Kay Thwe
Publisher Name: နန်းဒေဝီစာပေ
Publisher Address: တိုက် ၂၀၀ ( ပထမထပ်)၊ ၃၆လမ်း (အထက်) ကျောက်တံတားမြို့နယ်၊ရန်ကုန်ုမြို့။ဖုန်း 01383025, 01391633
Publisher Phone Number: ဖုန်း 01383025, 01391633