မူရင်းစာအုပ်အမည် - The Country of the blind
မူရင်းစာရေးသူအမည် - H.G Wells
ဘာသာပြန်စာအုပ်အမည် - မျက်မမြင်တိုင်းပြည်
ဘာသာပြန်သူအမည် - သခင်ဘသောင်း
ထုတ်ဝေသည့် စာပေ- တိုးမြစ်
ထုတ်ဝေသည့် ခုနှစ် - 2018 ဒီဇင်ဘာလ(တတိယအကြိမ်)
ရောင်းစျေး -2000 ကျပ်
စာအုပ်လေးရဲ့ နောက်ကျောဖုံးမှာပါတဲ့ စာသားလေးက "မျက်မမြင်တိုင်းပြည်မှာ တစ်ဖက်လပ်ဟာ ရှင်ဘုရင်"တဲ့။ မျက်စိနှစ်ကွင်းအလင်းမရတဲ့ လူတွေချည်းနေတဲ့ တိုင်းပြည်မှာ
မျက်စိတစ်ဖက်သာ ရှိတဲ့သူဟာ ရှင်ဘုရင်လုပ်လို့ရတယ်ဆိုတဲ့သဘော...။ "အနူတောမှာ လူချော" ဆိုတဲ့ စကားလိုပေါ့။
အခု ဝတ္ထုတိုလေးကတော့ အဲ့ဒီစကားပုံလေးကို တော်လှန်ထားတဲ့ သဘောတရားလို့ ထင်တာပါပဲ။
"တစ်ခါတစ်လေမှာ ကျွန်တော်တို့ မှန်တယ်လို့ ထင်ရတဲ့ အရာတော်တော်များများဟာ မှားနေတတ်တယ်ဆိုတာ သတိထားကြစေချင်တယ်"လို့ ဆရာနေဝင်းမြင့်က စာပေဟောပြောပွဲတစ်ခုမှာ ပြောဘူးပါတယ်။
အခုဝတ္ထုထဲမှာလည်း "မျက်မမြင်တိုင်းပြည်မှာ တဖက်လပ်ဟာ ရှင်ဘုရင်"ဆိုတဲ့ စကားပုံကို ယုံကြည်တဲ့ စုံလုံးမြင်(မျက်စိနှစ်ကွင်းလုံး အလင်းရနေသူ)တစ်ယောက်ဟာ ဆွေစဉ်မျိုးဆက် ဆယ်ငါးဆက်လုံးလုံး မျက်မမြင်ဘဝကို ဖြတ်သန်းနေခဲ့ကြတဲ့ မျက်မမြင်တိုင်းပြည် တစ်ခုကို ရောက်သွားရာက စတဲ့ဇာတ်လမ်းပါ။
မျိုးဆက်ဆယ့်ငါးဆက် အလင်းဆိုတာ ဘာလဲ... အမေှာင်ဆိုတာဘာလဲ... နေ့ဆိုတာ ဘာလဲ... ညဆိုတာ ဘာလဲ....စတာတွေကိုသိလည်း မသိသလို သိလည်း သိစရာမလို....
ထိုအရာတွေကို မသိပေမဲ့ ဘဝကိုတော့ သူတို့ကောင်းကောင်းဖြတ်သန်းနေကြတာပဲလေ....။ မျက်စိမမြင်ပေမဲ့ သူတို့ အိမ်ဆောက်နိုင်ကြတယ်... စိုက်ပျိုးရေးလုပ်နိုင်တယ်... မွေးမြူရေးလုပ်နိုင်တယ်...။ သူတို့အတွက်တော့ ပြီးပြည့်စုံနေတဲ့ ဘဝပေါ့။
ဒီလိုတိုင်းပြည်ကို မျက်စိနှစ်ကွင်း အလင်းရတဲ့ ဘဲတစ်ပွေ ရောက်သွားတော့... မျက်မမြင်တိုင်းပြည်က လူတွေကို
ပြာလဲ့လဲ့ကောင်းကင်ကြီးအကြောင်းပြောမယ်...
ကောင်းကင်ပေါ်က ကြယ်လေးတွေအကြောင်း ပြောမယ်...
တောတောင်ရေမြေအကြောင်းပြောမယ်....
သူမြင်တွေ့ရတာတွေ မှန်သမှျ သူပြောတော့တာပေါ့...။
မြင်ခြင်းဟာ ကောင်းတယ်...မမြင်ချင်းဟာ မကောင်းဘူး ဘာညာသာရကာ တော်ကီတွေလည်း ပစ်ချင်ပစ်မှာပေါ့။
ဒါကို မျက်မမြင်တိုင်းပြည်က လူတွေက လက်ခံမယ် ထင်သလား...?
နောက်တော့ မျက်စိနှစ်ကွင်း အလင်းရသူဟာ "မျက်မမြင်တိုင်းပြည်မှာ ဘုရင်လုပ်ဖို့ ကြံစည်တော့တာပေါ့...။
မျက်မမြင်တိုင်းပြည်မှာ တစ်ဖက်လပ်ဟာ ဘုရင်လို့ ဆိုရိုးရှိခဲ့တာကိုးဗျ....။
မျက်မမြင်တိုင်းပြည်မှာ မျက်မြင်ငနဲ ဘုရင်ဖြစ်နိုင်ပါ့မလား?
............
တကယ်လို့များပေါ့ဗျာ...ဒီစာအုပ်ထဲကလို မျက်မမြင်တိုင်းပြည် တစ်ခုကို ခင်ဗျားတို့ ရောက်သွားခဲ့မယ် ဆိုပါစို့...။ ဆိုရိုးစကားထဲက အတိုင်း အကောင်အထည်ဖော်ဖို့ ခင်ဗျားကြိုးစားမလား?
............
နောက်တစ်ခုက ဒီစာအုပ်လေးကို ဖတ်ရင်း ပုံပြင်လေးတစ်ပုဒ်ကို သွား သတိရမိပါတယ်။
ရေှးရေှးတုန်းက တိုင်းပြည်ကြီးတစ်ပြည်မှာ နတ်ကောင်းနတ်မြတ်တွေက ဒီတိုင်းပြည်ကြီးမှာ နောက်ခုနှစ်ရက်ကြာရင် မိုးကြီးသည်းထန်စွာ ရွာလိမ့်မယ် ထိုမိုးရေကို သောက်မိသူတိုင်း ရူးသွပ်သွားလိမ့်မယ်ဆိုပြီး လူတွေကြားအောင် အသိပေးကြသတဲ့။ နတ်ကောင်းနတ်မြတ်ရဲ့ အသိပေးစကားကို တိုင်းပြည်ရဲ့ ရှင်ဘုရင်နဲ့ ပညာရှိအမတ်ကြီးနှစ်ဦးကပဲ ယုံကြည်ပြီး ကျန်တဲ့သူတွေ မယုံကြည်ကြဘူးပေါ့။ ဒီလိုနဲ့ ခုနှစ်ရက်ကြာပြီးတဲ့အခါ မိုးကြီးရွာပြီး အဲ့ဒီမိုးရေကို သောက်မိကြတဲ့ တစ်တိုင်းပြည်လုံးက လူတွေ အကုန်ရူးကုန်တာပေါ့။ မရူးတာဆိုလို့ ရှင်ဘုရင်နဲ့ ပညာရှိအမတ်ကြီးနှစ်ဦးသာ ကျန်တော့တယ်။ ရူးနေတဲ့ ပြည်သူတွေက ရှင်ဘုရင်နဲ့ အမတ်ကြီးကို ဘာပြောသလဲဆိုတော့ အရူးနှစ်ယောက်လို့ ပြောသတဲ့...။
ကဲ..... အခုလည်း မျက်မြင်တိုင်းပြည်ထဲ ရောက်သွားတဲ့ မျက်မြင်ငနဲသည်လည်း ထိုနည်းတူစွာပါပဲ....။
.......
ဝတ္ထုက တိုပေမဲ့ နောက်ဆက်တွဲ ချန်ရစ်ထားပေးခဲ့တဲ့ တွေးစရာတွေကတော့ တစ်ပုံတစ်ပင်ပါပဲ....။
မျိုးဆက် ဆယ့်ငါးဆက် မျက်လုံးကန်းခဲ့တဲ့ တိုင်းပြည် တစ်ပြည်...
အဲ့ဒီတိုင်းပြည်ထဲရောက်လာတဲ့ တစ်ဦးတည်းသော မျက်စိနှစ်ကွင်း အလင်းရသူ....
ထိုနည်းတူစွာ
စနစ်ဆိုးတစ်ခုအောက်မှာ နှစ်ပေါင်း ခြောက်ဆယ်နီးပါး ဖြတ်သန်းခဲ့ရတဲ့ တိုင်းပြည်တစ်ပြည်....
အဲ့ဒီတိုင်းပြည်ထဲရောက်လာတဲ့ ................
# မိဘဂုဏ်