"အရေးတော်ပုံ"
မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရေးတော်ပုံတွေ အများအပြား ပေါ်ပေါက်ခဲ့ဖူးတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံလည်း အပါအဝင်ပေါ့။ ၁၃၀၀ ပြည့် အရေးတော်ပုံဆိုတာ BOC ရေနံကုမ္ပဏီကြီးနဲ့ အလုပ်သမားထုကြီးရဲ့ တိုက်ပွဲပေါ့။
ဒီတိုက်ပွဲကို ကလေးငယ် မောင်ဌေးမောင် တစ်ယောက် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတယ်။ မောင်ဌေးမောင်လေးရဲ့ မျက်စိရှေ့မှာပဲ ရေနံအလုပ်သမားလည်းဖြစ်ပြီး အစ်ကိုလည်းဖြစ်တဲ့ မောင်ဌေးမောင်ရဲ့အစ်ကို ရိုက်နှက်ခံရတယ်။ မောင်ဌေးမောင်ရဲ့ အမေလည်း ပခုက္ကူထောင်မှာ ကျခဲ့ရတယ်။
မောင်ဌေးမောင်တစ်ယောက် ဒီလိုနဲ့ အရွယ်ရောက်လာခဲ့တယ်။ ကိုဌေးမောင်ဟာ အာဠာဝက သခင်ဖိုးလှကြီး၊ သခင်ခင်၊ သခင်ဖေသန်း၊ ရဲဘော်အောင်သန်း၊ သခင်ခင်သန်းတို့နဲ့အတူ ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ဦးဆောင်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ၊ အာဏာဖီဆန်မှုတွေကို မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ ပါဝင်လုပ်ဆောင်ခဲ့တယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးကနေ လက်ဆင့်ကမ်းပေးခဲ့တဲ့ တာဝန်ကို ကျေပွန်အောင် သွေးနဲ့၊ ချွေးနဲ့ ရင်းကာ လုပ်ခဲ့ကြတယ်။
ကိုဌေးမောင် (ဝါ) ဦးဌေးမောင်ဟာ စာပေနယ်ထဲ ရောက်လာတော့ ကြုံခဲ့ရတဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးကို အများသူငါ သိရှိစေရန်မှာ သူရဲ့ တာဝန်လို့ ယုံကြည်လာခဲ့တယ်။ ဒါပေမဲ့ သူ မရေးဖြစ်။
၁၉၆၄ ခုနှစ်မှာ အလုပ်သမားနေ့ကို ရေနံမြေ ချောက်မြို့မှာ ကျင်းပမယ်လို့ ကြေညာသံကို ကြားချိန်ရောက်တော့ ဦးဌေးမောင်ရဲ့ ရှိရင်းစွဲ အာသီသဟာ တားမရတော့ဘဲ "အရေးတော်ပုံ" ကို ရေးလိုက်ပါတော့တယ်။
ကနဦးမှာ အစအဆုံး မရေးဘဲ ရှုမဝမဂ္ဂဇင်း အခန်းဆက် ဝတ္ထုရှည်ကဏ္ဍမှာ လေးလဆက်ထည့်ဖို့ လျာထားခဲ့တယ်။ နှစ်လစာသာ အရင်ရေးပြီးပို့လိုက်ပေမဲ့ ရှုမဝဦးချစ်မောင်က အဆုံးအထိ ရေးပေးဖို့ အကြောင်းကြားခဲ့တယ်။ ဒါကြောင့်လည်း အပြီးသတ်ရေးပြီး ပို့လိုက်တဲ့အခါ မေလထုတ် ရှုမဝမဂ္ဂဇင်းမှာ "အရေးတော်ပုံ" ကို အစအဆုံး ဖော်ပြခြင်း ခံရပါတော့တယ်။
၁၉၆၄ ခုနှစ်မှာပဲ "အရေးတော်ပုံ" ကို လုံးချင်းအဖြစ် ထုတ်ဝေလိုက်တဲ့အခါ အမျိုးသားစာပေဆု (ဒုတိယဆု) ကို ရရှိခဲ့ပါတယ်။ ဆရာဌေးမောင်ရဲ့ "အရေးတော်ပုံ" ကို ရုရှားသူ မစိန်တင် (မော်စကိုရေဒီယို) ရုရှားဘာသာဖြင့် အုပ်ရေ ငါးသောင်း ထုတ်ဝေခဲ့တဲ့အခါမှာလည်း ရုရှားပြည်သူများအကြား လူကြိုက်များခဲ့ပြန်တယ်။
"အရေးတော်ပုံ" ဝတ္ထုအပေါ် စာပေဝေဖန်ရေး ဆရာကြီးတို့ရဲ့ ထင်မြင်ချက်တွေကိုလည်း ကောက်နှုတ်ပြချင်သေးတယ်။
[၁] သိန်းဖေမြင့်
------------------
၁၃၀၀ ပြည့် အရေးတော်ပုံ၏ တပ်ဦးဖြစ်သော ရေနံမြေသပိတ်ကြီးအကြောင်းကို ဝတ္ထုရေခံ၊ မြေခံထားပြီး ထိုသပိတ်တွင် ပါဝင်ကြသော အသက်ထင်ရှား ရှိခဲ့ကြသည့် ဇာတ်ကောင်များနှင့် စာရေးသူ ဖန်တီးထားသော ဇာတ်ကောင်များ ပူးပေါင်းကာ တည်ဆောက်ထားသည်။ အရေးတော်ပုံမှာ စရိုက်သရုပ်ဖော်မှု မည်မျှကောင်းသနည်းဆိုသော် ကျွန်တော့် စိတ်ထဲမှာ အားလုံး ဇာတ်လိုက်ချည်း ဖြစ်နေကြသည်။
[၂] ရန်အောင်
----------------
"ဌေးမောင် . . . မင်းဝတ္ထုက တော်တော် ကောင်းတယ်ကွ"
[၃] တက္ကသိုလ်ဝင်းမွန်
-------------------------
ဌေးမောင်၏ အရေးတော်ပုံဝတ္ထုသည် ၁၃၀၀ ပြည့် အရေးတော်ပုံ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရေးဖွဲ့ထားသော ဝတ္ထုဖြစ်သည်။
[၄] ဆရာချိန် (ပဲခူး)
-----------------------
ကျွန်တော်သည် ဆရာဌေးမောင်၏ အရေးတော်ပုံ ဝတ္ထုကို ဖတ်နေရင်းက ရန်ကုန်သို့ အားမာန်အပြည့်ဖြင့် ချီတက်လာသော ရေနံမြေ အရေးတော်ပုံတပ်သား လူတန်းရှည်ကြီးကို မျက်စိထဲ မြင်ယောင်နေမိသည်။
ဆရာကြီး ဌေးမောင်ဟာ "အရေးတော်ပုံ" ဝတ္ထုကို မျက်မြင် ဗဟုသုတတွေကို ဗဟိုပြုကာ ကိုထွန်းလှ၊ ကိုညွန့်အောင်၊ မမြအေးတို့ရဲ့ အချစ်ရေးနဲ့ ပေါင်းစပ် ရေးသားထားပါတယ်။
"အရေးတော်ပုံ" ပုံဝတ္ထုဟာ ၁၉၆၄ ခုနှစ်မှာ ထုတ်ဝေပြီး စာပေဆုရခဲ့ပေမဲ့ ခေတ်အဆက်ဆက်မှာ ဒုတိယအကြိမ် ထုတ်ဖို့ ကြိုးစားခဲ့ကြသော်လည်း စာပေစိစစ်ရေးက ထုတ်ဝေခွင့် မပြုခဲ့။ ၁၃၀၀ ပြည့် အရေးတော်ပုံကြီး စိန်ရတုကျရောက်ချိန်မှသာ ပြန်လည်ထုတ်ဝေခွင့် ရရှိခဲ့ရတယ်။
ဆိုတော့ကာ ဘာကြောင့် စာပေစိစစ်ရေးက ခွင့်မပြုတာလဲ၊ ဝေဖန်ရေးဆရာတွေက ဘာလို့ ချီးကျူးထားတာလဲဆိုတာ ဖတ်ရှုကြည့်ကြပေါ့ဗျာ။
Aung Thiha
#ဝတ္ထုရှည်ဖတ်ညွှန်း