လူတစ်ယောက်ရဲ့စရိုက် ဖြစ်ပေါ်လာဖို့ ဗီဇက အဓိကကျသလား၊ သူနေထိုင်တဲ့ပတ်ဝန်းကျင်က အဓိကကျသလားဆိုတာ ပညာရှင်တွေ ခေတ်အဆက်ဆက် ငြင်းခုန်ခဲ့တဲ့ကိစ္စတစ်ခုပါ။ လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က ပေဖူးလွှာအင်တာဗျူးတွေထဲ ဆရာ ဦးဝင်းငြိမ်းက ဒီကိစ္စကို ထည့်ထည့် မေးတတ်တာလည်း သတိထားမိတယ်။ ပြန်ဖြေသူတွေကလည်း အတွေ့အကြုံနဲ့ အတွေးအကြံပေါ် တည်ပြီး အမျိုးမျိုး ပြန်ဖြေကြတယ်။ ဆရာ ဦးအေးမောင်လည်း ဒီအကြောင်းကို ရေးသားဖူးပါရဲ့။
ကျွန်တော်ကတော့ စရိုက်ဟာ ဗီဇထက် ပတ်ဝန်းကျင်ပေါ် ပိုပြီးတည်မှီတယ်လို့ လက်ခံထားသူပါ။ ပတ်ဝန်းကျင်က လူကို ဆစ်ထုပေးတတ်သလို လူကလည်း ပတ်ဝန်းကျင်ကို တစ်ဖန် ပြန်လည် ဆစ်ထုပေးပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် ပတ်ဝန်းကျင်က လူကို ဒီစရိုက် ပေးပြီး ဒီစရိုက်နဲ့လူဟာ ပတ်ဝန်းကျင်ကို အကျိုးသက်ရောက်မှု တွေ ပြန်ပေးပါတော့တယ်။ တစ်ခုခုကို လက်ခံလိုက်တာဟာ တခြားအရာများစွာကို ငြင်းပယ်ရာလည်း ရောက်တတ်တာမျိုးကို စာဖတ်သူတို့ သတိပြုမိစေလိုတယ်။
လမ်းမတော် ဖိုးတုတ်ကို ပတ်ဝန်းကျင်ကပဲ မွေးထုတ်လိုက်တယ်လို့ မြင်မိတယ်။ မတရားတာကို ငုံ့ခံမလား၊ လက်တုံ့ပြန်မလားဆိုတဲ့ကိစ္စတွေမှာ သူက လက်တုံ့ပြန်တဲ့နည်းကို ရွေးချယ်ခဲ့တယ်။ ဖိုးတုတ်သာ မတရားတာတွေကို ငုံ့ခံခဲ့ရင် လမ်းမတော် ဖိုးတုတ်ဆိုတာကို ကျွန်တော်တို့ သိကြရမှာတောင် မဟုတ်။ အဲဒီခေတ် အဲဒီအခါက ငုံ့ခံနေခဲ့ကြတဲ့ တခြားသော သာမန်ပြည်သူပြည်သားတွေလိုပဲ မှတ်တမ်းမှတ်ရာထဲ မပါတဲ့ မှုန်ဝါးဝါး ဇာတ်ပို့တွေအဖြစ် ဖိုးတုတ်လည်း ပျောက်ပျက်သွားမှာပဲ။ အခုတော့ လမ်းမတော် ဖိုးတုတ်ဆိုတဲ့လူက မှုန်ဝါးဝါး ဇာတ်ပို့မဟုတ်ဘဲ ထင်ထင်ရှားရှား ဇာတ်ပို့အဖြစ် ကျန်ရှိနေခဲ့တယ်။
မြန်မာ့နိုင်ငံရေးသမိုင်းမှာ အထင်ကရ ရှိနေခဲ့တဲ့ ဒေါက်တာ ဘမော်၊ ဂဠုန် ဦးစော၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗန္ဓုလ ဦးစိန်တို့လို ပုဂ္ဂိုလ်တွေအကြောင်း ပြောကြရင် လမ်းမတော် ဖိုးတုတ်ဆိုတာ တစ်ထောင့်တစ်နေရာက ဇာတ်ပို့တစ်ယောက်အဖြစ် ပါနေစမြဲပဲ။ သူက နိုင်ငံရေးသမားမဟုတ်တော့ နိုင်ငံရေးဇာတ်ကောင်တွေလို မမြင်သာဘူးပေါ့။ ဒါက လမ်းမတော် ဖိုးတုတ်ကို အဝေးရိုက်ချက်က လှမ်းမြင်ရတာ။
အနီး ရိုက်ချက် သွားကြည့်မယ်ဆိုရင်တော့ ၁၉၃၀ ဝန်းကျင်ကာလ ရန်ကုန်လူမိုက်လောကထဲ လမ်းမတော် ဖိုးတုတ်ဆိုတာ အဓိက ဇာတ်ကောင်တစ်ယောက်အဖြစ် ထင်ထင်ရှားရှား ရှိနေတာ တွေ့ရလိမ့်မယ်။
အဲဒီခေတ်မှာ လူမိုက်နဲ့ ရဲအရာရှိတွေဆိုတာ ခြားနားသလိုလိုနဲ့ မခြားနားတာကိုလည်း တွေ့ရပါလိမ့်မယ်။ လူမိုက်က တရားမဝင်တဲ့ နည်းနဲ့ မိုက်တယ်။ ရဲတွေက တရားဝင်တဲ့နည်းနဲ့ မိုက်တယ်။ ဒီအထဲ သူတို့ရဲ့မိုက်ရဲတဲ့ဇတွေကို ကြိုက်ပြီး အသုံးချတတ်သူတွေကတော့ စီးပွားရေးသမား အကြီးစားတွေနဲ့ နိုင်ငံရေးသမားတွေပဲ။ အသုံးချ ခံရလို့ လူရာဝင်သလိုလို ရှိပေမယ့် တကယ် ပြန်တွေးကြည့်ရင် တရားဝင် ခိုင်းဖတ်နဲ့ တရားမဝင် ခိုင်းဖတ်တွေသာပဲ။ မိုက်ပေးတဲ့အတွက် အခွင့်အာဏာတစ်စုံတစ်ရာနဲ့ ပစ္စည်းဥစ္စာအတိုင်းအတာတစ်ခုအထိ ရကြတယ်။ တချို့စားပွဲဝိုင်းတွေမှာလည်း ဝင်ထိုင်ခွင့် ရကြတယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေကြတော့ နိုင်ငံရေးသမားနဲ့ လူမိုက်တွေဟာ တစ်မြစ်ထဲ လှေခွဲ စီးကြပြီး တူညီတဲ့ခရီးဆီ ဦးတည်တဲ့ ခရီးသွားဖော်တွေ ဖြစ်သွားကြတယ်။
နိုင်ငံရေးသမားဇာတ်ကောင်က နေရာကြီးကြီးကို ရထားလေလေ သူတို့ရဲ့လက်စွဲတော် လူမိုက်ကြီး ဇာတ်ကောင်တွေဟာလည်း ကြွတက်လာလေလေပဲ။ လမ်းမတော် ဖိုးတုတ်ဟာ ဒီလိုလူမိုက်မျိုးတွေထဲက တစ်ယောက်ပဲ။
အစကတော့ မဟုတ်မခံစိတ်နဲ့ ဆတ်ဆတ်ထိ မခံ လူငယ်လေး။ လက်ပါရင် အနိုင်ကျင့်ခံရတာ သက်သာတာ သိလာတော့ လက်ကို ပိုသုံးလာတယ်။ လက်ပါတာချင်း တူပေမယ့် ဉာဏ်သုံး၊ အကွက်ချ၊ စိတ်ရှည်၊ စောင့်ဆိုင်းတတ်တဲ့ လူမိုက်က နေရာ ပိုရတာ၊ သက်တမ်း ပိုရှည်တာတွေကို ဖိုးတုတ်ရဲ့ဦးလေး ဘတ်စ်ကားပိုင်ရှင်သူဌေးဖြစ်သူ ဦးဘိုးသင်က သင်ပြပေးခဲ့တယ်။ သင်ပြပေးတယ်ဆိုပေမယ့် ဦးဘိုးသင်က လူမိုက်မဟုတ်ဘူး။ သူ့တူကို ပိုကောင်းတဲ့လမ်း ရွေးတတ်ရုံသာ ပြောပြခဲ့တာ။
လူမိုက်တစ်ယောက် အမြဲ မိုက်ကြေးခွဲချင်နေရင် တစ်ယောက်တည်း မိုက်နေရုံနဲ့ မရဘူး။ တပည့်မွေးတတ်ရတယ်။ အမိန့် နာခံအောင် လက်စလက်နကို ပြတတ်ရတယ်။ သတင်းပေးအချိတ်အဆက်တွေ ထားပြီး လူမိုက်တွေရဲ့ ဝါအရ နေရာပေးထားတတ်ရတယ်။ ကိုယ့်နယ်စည်းကို ကိုယ်တိုင်သတ်မှတ်ရတဲ့အပြင် ကိုယ့်ကို အကာအကွယ်ပေးနိုင်မယ့် အရေးပိုင် အရာရှိတွေကိုလည်း ကပ်တတ်ရတယ်။ ဖိုးတုတ်ဟာ ဒီလိုလမ်းကြမ်းတွေကို ဖြတ်သန်းခဲ့ရတဲ့ လူမိုက်တစ်ယောက်ပဲ။ သူ့ရဲ့လူမိုက်ဘဝလမ်းဟာ ရှုပ်ထွေးလွန်းတယ်။ သူ လူမိုက်ကြီးနေရာရောက်ဖို့ ဖန်တီးခံခဲ့ရတဲ့အကြောင်းတရားတွေ များစွာ ရှိနေတာလည်း တွေ့ရတယ်။
လူမိုက်တွေရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းတွေမှာ တွေ့နေကျအတိုင်း သတ်လိုက်လို့ရတဲ့ လူမိုက်ကလေးကို ဒီကောင် ဘာကောင်မှ မဟုတ်ပါဘူးကွာဆိုတဲ့အထင်နဲ့ လူမိုက်ဂိုဏ်းတစ်ခုက ပေါ့ပေါ့တန်တန် လွှတ်ပေးလိုက်တဲ့ လူမိုက်ကလေးက တစ်ချိန်မှာ လူမိုက်ကြီးအဖြစ် ပြန်ပေါ်လာပြီး ငါ ဘာကောင်ပါကွဆိုတာကို ပြနိုင်တဲ့ဖြစ်ရပ်တွေလည်း လမ်းမတော် ဖိုးတုတ်ရဲ့ဘဝမှာ တွေ့ရပါတယ်။ လူမိုက်ကလေး ဖိုးတုတ်ကိုယ်တိုင်က လူမိုက်ကြီး မတ်စတီးခန်းဆီကနေ အဲဒီလို လွတ်မြောက်ခဲ့ပြီး ကာလတွေ ရွေ့လျောလာတဲ့အခါ လက်ရဲဇက်ရဲ လူမိုက်ကြီး ဖြစ်လာခဲ့တာကိုး။ ဒါတင်မက ဖိုးတုတ်က ဘာမှမဟုတ်လို့ ထင်ခဲ့တဲ့ လူမိုက်ကလေး ပုသိမ်ညွန့် ဘဘိုးဟာလည်း (ဂန္ဓမာ သောင်းရီရဲ့မေတ္တာရပ်ခံချက်အရ) ဖိုးတုတ် လွှတ်ပေးခဲ့တာကြောင့်ပဲ ငါ ဘာကောင်ကွဆိုပြီး တစ်ချိန်မှာ ဒုက္ခတွေ ပတ်ပေးခဲ့ပြန်တာပါပဲ။
ဟိုတယ်မှာ မဂို ပြည့်တန်ဆာမလေး ချိုက်ဟုန်နဲ့ စိတ်ပါတိုင်း တက်ဝုန်းနေပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တရုတ်ကပြားမလေး မသင်းမြနဲ့ အကြောင်းပါတဲ့အခါ ဇနီးဘက်က တရုတ်တွေနဲ့ အဆက်မိပြီး လမ်းမတော် ဖိုးတုတ်ရဲ့ လက်တံဟာ အရင်ကထက် ပိုရှည်လာတယ်။ ဒီ့မတိုင်ခင်ကတည်းကပဲ ဖိုးတုတ်ဟာ ပလိပ်အင်စပတ်တော်အရာရှိ ဦးဟုတ်ဂွမ်ကို သူ့အိတ်ထဲ ထည့်ထားပြီးနေပြီ။ ဓာတ်ရှင်မင်းသား ခင်မောင်၊ ဇာတ်မင်းသား ရွှေကျီးညိုတို့နဲ့လည်း ငယ်ပေါင်းကြီးဖော်တွေလို ပေါင်းလာနိုင်တော့ သူတို့ဆီကနေ တစ်ဆင့် ရှေ့နေတွေ၊ အရာရှိတွေနဲ့ အချိတ်အဆက်မိလာခဲ့တယ်။ အဲ . . . ဖိုးတုတ်နဲ့ လုံးဝ အချိတ်အဆက် မမိတာကတော့ လောကုတ္တရာပိုင်းပဲ။ ဇနီးက ဘာသာတရားကိုင်းရှိုင်းသူ ဖြစ်တာတောင် ဖိုးတုတ်ကတော့ ငွေကြေးပိုင်း ပံ့ပိုးလှူဒါန်းတာ၊ ဘုန်းကြီးကျောင်းလိုက်ပို့တာက လွဲရင် ကျန်တာ ဟင့်အင်းပဲ။
ဖိုးတုတ်ကို အဓိက ဇာတ်ကောင်အဖြစ် အနီးကပ် ကြည့်တဲ့အခါ ဖိုးတုတ်ဘေးက ဇာတ်ပို့တွေအဖြစ် မြင်ရမယ့် လူမိုက်တွေလည်း မနည်းလှဘူး။ ဂန္ဓာမာ သောင်းရီ၊ ဗိုလ်တထောင် ငမိုး၊ စံဘ၊ ထွန်းရင်၊ ကြက်ကြား၊ အုန်းဖေ၊ ဘညွန့် စသဖြင့်ပေါ့လေ။ သူတို့ကြောင့်လည်း ဖိုးတုတ်ရဲ့စရိုက်က ပိုပြီး ကြွတက်လာတာကိုး။
ဆရာဗြိက ဒီစာအုပ်ရေးတဲ့အခါ ဖြစ်ရပ်မှန်ဆိုတဲ့ ဘောင်တစ်ခုထဲ ဝင်ရေးရတဲ့အတွက် တခြား စာအုပ်တွေရေးရတာထက် ခေါင်းခဲမှာ အမှန်ပဲ။ လူမိုက်တွေအကြောင်းကို စိတ်ထင်သလို ပြောသွားလို့ မရဘဲ ၁၉၃၀ ဝန်းကျင်က နိုင်ငံရေးလောက၊ စီးပွားရေးလောက၊ စာနယ်ဇင်းလောက၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ် စတဲ့ နောက်ခံအကြောင်းအရာတွေပေါ် တည်ပြီး ရေးရတာကိုး။ သာမန် စိတ်ကူးယဥ် လူမိုက်ဇာတ်လမ်းတစ်ခုကို ရေးသလို လက်သွားရာ လိုက်နေလို့ မရဘူး။ တကယ်ရှိခဲ့သလား၊ ဖြစ်ခဲ့သလားဆိုတာတွေပေါ် ထိန်းရေးရတာမို့ သူ့အတွက် ဘယ်လိုနေမလဲ မသိပေမယ့် ဖတ်ရသူအဖို့တော့ အရသာရှိချက်ပဲ။
ဒီစာအုပ်မှာ အဓိက အကျဆုံးနဲ့ အမေးအများဆုံး မေးခွန်းတစ်ခုကတော့ " ဘယ်သူ့ကို ဘယ်သူသတ်တာလဲ " ဆိုတဲ့မေးခွန်းပဲ။ လူ့အသက်တွေ တဖြုတ်ဖြုတ် ကြွေတဲ့ဇာတ်လမ်းဆိုတော့ ဒါကပဲ စာဖတ်သူကို အဓိက ဆွဲဆောင်သွားတဲ့ကျောရိုးတစ်ခု ဖြစ်နေတာပါ။
အကိုးအကားတွေ ပြန်ဖတ်ပြီး အတည်ပြုရမယ့် အကြောင်းအရာ နှစ်ခုကိုတော့ သတိထားမိတယ်။
စာမျက်နှာ ၁၁၀ မှာ ဆရာဗြိက ဒီလိုရေးထားတယ်။ " မသင်းမြက အိမ်ပေါ် ပြေးတက်သွားပြီးနောက် ငှက်ကြီးတောင် ဓားကို ယူကာ ဖိုးတုတ်အား ပေးလိုက်သည်။ " တဲ့။ ဖိုးတုတ်အကြောင်းကို ဖတ်ဖူးသလောက်တော့ ဒီလိုဖြစ်စရာ သိပ်မရှိဘူး ထင်မိတယ်။
နောက်တစ်ချက်ကတော့ စာမျက်နှာ ၃၁၀ မှာ ဆရာဗြိ ရေးထားတဲ့ " ရဲထံတွင် ထွက်ဆိုသော ဖြောင့်ချက်မှာ တရားစီရင်ရေးတွင် အကြုံးမဝင်ချေ။ " ဆိုတာပါ။ ကျောင်းတက်တုန်းက စာအုပ်တွေလည်း ပြန်မမွှေနိုင်သေးတော့ ဒီအချက်ကိုလည်း ပြန်ဆန်းစစ်ဖို့ မှတ်ထားမိတယ်။ ဆရာဗြိ ကိုးကားလေ့လာ ဖတ်မှတ်ထားတာတွေလည်း မနည်းလှတော့ သူလည်း လက်လွတ်စပယ်တော့ ဘယ်ရေးလောက်မလဲ။ ပြီးတော့ ဒီအချက်တွေကို စဥ်းစားမိတယ်ဆိုတာသာ ပြောပြတာပါ။ စာအုပ်ကို ထိခိုက်စေတာတွေမှ မဟုတ်ပဲ။
ရုပ်ရှင်မှာ ခေတ်ကာလတွေအရ အရောင်တွေကို သတိထား သုံးရသလိုမျိုး စာအရေးအသား အပြောအဆိုတွေမှာလည်း ခေတ်နေခေတ်ဟန်တွေကို သတိထား သုံးကြရပါတယ်။ ဆရာကြီး ရွှေဥဒေါင်းတို့လို ရေးဟန်ဘက် ပိုတိမ်းလိုက်ရင်တော့ အခု ဆရာဗြိ ရေးထားတာထက်ကို ပိုပြီး မိုက်သွားမယ်လို့ ထင်မိတယ်။
#လူသာမန်
15.5.2020; 10:55 pm