လူဆိုသည်မှာ "သဗ္ဗေသတ္တာကမ္မသကာ"ဟူသည့်အတိုင်း ကိုယ်ပြုသမျှကံနှင့်ကိုယ် ရှင်သန်ကြရသည်။ ကျွန်တော်တို့သည် အဲဒါကို သိကြလင့်ကစား တစ်ဦးက တစ်ဦးအပေါ် (အထူးသဖြင့် ကိုယ်က သူတစ်ပါးအပေါ်) စီမံပိုင်ခွင့် ရှိလေသယောင် ထင်တတ်ကြပါသည်။
သို့ဖြစ်ရာ
"သူကတော့ဖြင့် မကောင်းမှုတွေလုပ်နေပြီ၊ မကြာခင် အကုသိုလ်အကျိုးတွေခံရတော့မယ်"
"မဟုတ်တယုတ်တွေလုပ်နေပြီ၊ ဒင်းတော့ မကြာခင်ဝဋ်လည်တော့မှာပဲ၊ ကံကြီးထိုက်တော့မှာပဲ"
"သူကျတော့ မဟုတ်တာတွေလုပ်ပြီး ခုချိန်ထိကောင်းစားနေတုန်းပဲနော်၊ ဘာလို့များ ဘေးမတွေ့သေးတာပါလိမ့်"
" အေးလေ ဒါကအရင်လုပ်ခဲ့တဲ့ ကောင်းမှုအရှိန်ကြောင့်ပဲနေမှာ၊ အဲဒီအရှိန်တွေ အကျိုးပေးတွေ ကုန်ဆုံးရပ်တန့်သွားရင် သူလုပ်ခဲ့တဲ့မကောင်းမှုဒဏ်တွေ သူ့ပြန်ခံရမှာပဲ"
စသည်ဖြင့် တွေးကြံပြောဆိုတတ်ကြပါသည်။ သို့ကလို ငြူစူမှုတွေ၊ မလိုမုန်ထားစိတ်တွေ ပြဋ္ဌာန်းပြီး နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ အလကားနေရင်း(ကိုယ့်ထမင်းကိုယ်စားပြီး) အကုသိုလ်ယူကာ သူတစ်ပါးအပေါ် စီမံနေမိတတ်ကြပါသည်။
ကျွန်တော်တို့သည် ကိုယ်မတွန်းလည်း သူ့ဟာသူ ဆင်းသွားမည့်သူများအား အဆင်းကို ဘီးတပ်တွန်းရင်း ဘာကြောင့်များ ကူးတို့ခ ထည့်ပေးချင်နေကြတာပါလိမ့်။
အေးမင်းစောသည် လူတွေရဲ့ စိတ်ကိုသိသည့် စာရေးဆရာဖြစ်သည်နှင့်အညီ လူတွေရဲ့ ဖော်ပြပါ စိတ်ဓာတ်များကို အပီအပြင် ခြယ်မှုန်းနိုင်ကြောင်း "ကြွင်းကျန်ရစ်သော"မှာ ထင်ရှားစွာ တွေ့မြင်ရပါသည်။
လောဘဇောတိုက်နေသဖြင့် ဘာကိုမှမမြင်၊ ဥစ္စာအမွေရရှိရေးကိုသာ ဇောကပ်နေသော ခင်မကြီးကို ပင်တိုင်ဇာတ်ကောင်အဖြစ်ထားကာ ကြွင်းကျန်ရစ်သောကို ဆရာအေးမင်းစောက ဖန်တီးထားပါသည်။
ကောင်းကွက်နည်းသောဇာတ်ဆောင် ခင်မကြီးကို ဗဟိုပြုပြီး ခင်မကြီး၏အဖေဦးချမ်းသာနှင့် မောင်ဖြစ်သူ ကိုအေး၊ လင်ယောက်ျားနှင့် သားသမီးများ၊ အိမ်နီးချင်းများ၊ အမျိုးအဆွေများနှင့် ၁၅နှစ်သားကတည်းကစလို့ ဆယ်စုနှစ်သုံးခုတိုင်တိုင် ခင်မကြီးကို တစ်ဖက်သတ် စွဲလမ်းချစ်ကြိုက်ခဲ့သူအပါအဝင် ခင်မကြီးနှင့် ထိစပ်ပတ်သက်သူများ၏ စိတ်ခံစားချက်များကို ရုပ်လုံးကြွအောင် လှပစွာ ရက်ယှယ်ရေးဖွဲ့ထားပါသည်။
စာမျက်နှာ ၁၀၀တောင် မပြည့်ဘဲနှင့်
ခင်မကြီးကို ရွံ့ကြသူ
ခင်မကြီးကို ကြောက်ကြသူ
ခင်မကြီးကို ရွံကြသူ
ခင်မကြီးကို မုန်းတီးကြသူ
ခင်မကြီးကို မနာလိုကြသူ
ခင်မကြီးကို မေတ္တာထားသူ
ခင်မကြီးကို လိုလားသူ
ခင်မကြီးကို နှစ်သက်သူ
ခင်မကြီးကို ချစ်မက်သူ
ခင်မကြီးကို ဥပေက္ခာထားသူ
စသည်ဖြင့် ခင်မကြီး၏ဇာတ်လမ်းတွင် ဝိုင်းကူထောက်ပံ့ပေးကြသူများ၏ စိတ်သဘောအခြေအနေများကို ထောင့်စေ့အောင် ရေးဖွဲ့သွားနိုင်သည့် ဆရာအေးမင်းစော၏ ဝတ္ထုရေးအတတ်ပညာကို မချီးကျူးဘဲ မနေနိုင်ပါ။
တစ်ကြောင်းကျော်ဖတ်ရင် နောက်တစ်ကြောင်းက ဘာကိုဆိုလိုမှန်း မသိနိုင်အောင် ရေးဖွဲ့ပြသွားသည်မှာလည်း အေးမင်းစော၏ ကျစ်လျစ်သေသပ်သည့် အနုပညာအလှတရားဖြစ်မည်ထင်ပါသည်။
ဒါ့အပြင် ကြွင်းကျန်ရစ်သောကို ဖတ်ရချိန်မှာ ဂါစီယာမားကွေးဇ်၏ မက်ဂျီကယ်ရီယယ်လစ်ဇင်ဝတ္ထုဖတ်နေရသလို ကျွန်တော်ခံစားရပါသည်။
ထူးခြားချက်အနေဖြင့် ပြောရလျှင် ဖာစီယာကဗျာဖြင့် ထန်းရိပ်ညိုစာပေဆုရဖူးသူ၊ ဘိုဟီးမီးယန်းတောအုပ်များဝတ္ထုတိုဖြင့် ကျော်စောထင်ရှားသူ၊ ဆိပ်ကမ်းဝတ္ထုရှည်ဖြင့် အမျိုးသားစာပေ(ရသ/ဝတ္ထုရှည်)ဆုထင်ကြေး တစ်ပေးခံရသူ ကဗျာဆရာ၊ ဆောင်းပါးစာရေးဆရာ၊ ဝတ္ထုတို/ရှည်စာရေးဆရာ အေးမင်းစော၏ ကြွင်းကျန်ရစ်သောကို 2019 January မှာ ဆန်းစသော်တာစာအုပ်တိုက်မှ တန်ဖိုး၂၀၀၀ကျပ်ဖြင့် တစ်ကြိမ်၊ ယင်းနှစ် သြဂုတ်လတွင် စိတ်ကူးချိုချိုစာအုပ်တိုက်၏ နှစ်၂ဝပြည့်စာအုပ်စျေးပွဲတော်အတွက် အဖိုးနည်းဝန်ပါ စာမွန်ခန်းသာအစီအစဉ်အဖြစ် တန်ဖိုး၁၀၀၀ကျပ်ဖြင့် တစ်ကြိမ် စသည်ဖြင့် တစ်နှစ်တည်းမှာပင် စာပေတိုက်နှစ်တိုက်မှ ထုတ်ဝေပေးခဲ့ခြင်း ဖြစ်ပါသည်။
ကျွန်တော်ကမူ နှစ်တိုက်စလုံးကို အားပေးခဲ့လိုက်ပါသည်။ အဘယ်ကြောင်းနည်းဟူမူ အေးမင်းစောကို အရူးအမူး နှစ်ခြိုက်နေခဲ့မိပြီကိုး။ ။
#Aung Aung Htwe