ဇာတ်လမ်းက ဘာမှ မဆန်း။
ကြေးရတတ်အိမ်ထောင်သည် ၆၀အရွယ်သက်ကျားအိုကို ၈တန်းလောက်သာ စာသင်ခဲ့ရသည့် ၂၄နှစ်အရွယ် သူဆင်းရဲမက ပိုင်းသည့် ဇာတ်လမ်းသာ။
ဆန်းသည်က အလွှာနှစ်ထပ်ပြုရေးပြသွားသည့် ဆရာမဝင့်ပြုံးမြင့်၏ အတတ်ပညာ စာပေအနုပညာ လက်ရာဖြစ်ပါသည်။
မြေးအဖိုးနှစ်ယောက် (သွင်နှင့် သူ့ဘိုးဘိုး)ကို မတူကွဲပြားသော ကာလမှာ ဖန်တီးကာ ယင်းမြေးအဖိုးနှစ်ယောက်က အထက်ဖော်ပြပါဇာတ်လမ်းကို စည်းမျဉ်း၊ စည်းကမ်း၊ စနစ်၊ ဆင်ခြင်တုံတရား၊ လူမှုရေးရှုထောင့်၊ ကျင့်ဝတ်ရှုထောင့်၊ စာရိတ္တရှုထောင့်၊ ဥပဒေရှုထောင့်ကနေ ဘယ်လို သုံးသပ်ဆွေးနွေးသလဲဆိုတာက အလွန်တရာ စိတ်ဝင်စားဖွယ်ကောင်းပါသည်။
တစ်လင်တစ်မယားစနစ်၊ မယားပြိုင်၊ လင်ခိုးမှု၊ အမွေဆက်ခံခွင့်ဆိုင်ရာ စသည်တို့ကို အခြေခံ၍ ဥပဒေ၏ လက်တစ်လုံးခြားနိုင်မှုကို ထောက်ပြပါသည်။ ဥပဒေ၏ လစ်ကွက်၊ ဟာကွက်၊ အားနည်းချို့ယွင်းချက်တွေကို ဥပဒေစကားတွေ လှိုင်လှိုင်မသုံးဘဲ ကျွန်တော်တို့သာမန်လူတွေခံစားနားလည်ကြသည့်အတိုင်း သွင်နှင့် ဘိုးဘိုးတို့က ဒေါမနဿဖြင့် ဆွေးနွေးခံစားပြကြပါသည်။
ဥပဒေကခွင့်ပြုထားသည့် ဘောင်အတွင်းမှာ နေရတာ လုံခြုံစိတ်ချရမှု ရှိပါသလား။ လူတွေကို ဥပဒေက အပြည့်အဝ ကာကွယ်ပေးထားသလား။
ဥပဒေဟာ ငွေများတရားနိုင်ဆိုသလို အထုပ်အထည်နှင့် ပစ်ပေါက်လို့ ရပါသလား။
ဒါမှမဟုတ် လက်ရဲဇက်ရဲနှင့် ကျူးလွန်ကြသူတွေကို ကြောင်တောင်တောင် ဥပဒေတွေက အကာအကွယ်ပေးထားသလား။ မတရားမှုကို ဥပဒေက ဒီအတိုင်း လက်ပိုက်ကြည့်နေသလား။
ဒါကတော့ ပိုင်းကို ဖတ်ပြီး ကျွန်တော်တို့ တွေးကြည့်ရမှာပဲ ဖြစ်ပါသည်။
ပိုင်းသည် ဝင့်ပြုံးမြင့်၏ ပင်ကိုရေးဝတ္ထုဖြစ်ရာ ယခင်ဖတ်ဖူးသည့် ဆရာမ၏ ဘာသာပြန်များကို မေ့ထားပြီးမှ ကျွန်တော်ဖတ်ဖြစ်ပါသည်။ သို့သော် ဆရာမ၏ ဘာသာပြန်တွေကို မေ့ထားနိုင်ပေမယ့် ဖတ်ရင်း ဖတ်ရင်း ဆရာအထောက်တော်လှအောင်၏ ဘာသာပြန်စာအုပ်တွေကို သွားသွား သတိရပါသည်။ ဆရာအထောက်တော်၏ စာအုပ်များကိုဖတ်လျှင် ဇာတ်ဆောင်အမျိုးသားတို့၏ ဇစ်ဖြုတ်သံကို ကျွန်တော်ကြားရပါသည်။ အခု ပိုင်းမှာတော့ ဝါ့ကြယ်သီးဖြုတ်သံ၊ ဝါ့နှိပ်စေ့ဖြုတ်သံကို ကျွန်တော်ကြားနေရပါသည်။
ပိုင်းသည် အလွှာနှစ်ထပ်စာပေအနုပညာ ဖြစ်ရုံမက ပိုင်းကို ဖတ်နေတုန်းကတည်းက ဖျာပုံမြို့ကို သွားလည်ချင်စိတ် ပေါက်လာအောင်လည်း ကျွန်တော့်ကို ဆွဲဆောင်နိုင်ပါသည်။
ဖျာပုံရောက်ရင် အိမ်ကြီးရခိုင်နှင့် မလိုက် ခနော်နီခနော်နဲ့ရှိနေသော မုန့်ဟင်းခါးဆိုင်လေးမှာ ဝါပြင်ပေးမည့် မုန့်ဟင်းခါးလေးတစ်ပွဲတလေလောက် ကျွန်တော်စားကြည့်ချင်ပါသေးသည်။ ယခင်က သီတင်းကျွတ်လမှာ ကပြခဲ့သော်လည်း နာဂစ်အလွန်မှစ၍ တန်ဆောင်မုန်းလတွင် ကပြသည့် နန်းတွင်းရာမယဏဇာတ်ကို လည်း ကြည့်ချင်ပါသေးသည်။ အထူးသဖြင့် သွင့်ဘိုးဘိုးတဖွဖွညွှန်းသည့် ဒဿဂီရိသရုပ်ဆောင်မှုကို လေ့လာကြည့်ချင်ပါသည်။ နောက်တစ်ခေါက် ဖျာပုံသို့ သွင်တစ်ယောက် ထပ်သွားဖြစ်ရင် ကျွန်တော့်ကို အဖော်အဖြစ် ခေါ်စေချင်ပါသည်။ ။
#Aung Aung Htwe
Publisher Name: မဟာစာပေ
Publisher Address: အမှတ် (၆၃_B)၊ ၅_လွှာ (A)၊ အင်ကြင်းလမ်း၊ သု၀ဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ၀၉၄၅၀၆၂၃၃၈၃၊ ၀၉၄၅၀၆၂၃၃၈၄။
Publisher Phone Number: ၀၉၄၅၀၆၂၃၃၈၃၊ ၀၉၄၅၀၆၂၃၃၈၄။