ဆရာလင်းခါးရဲ့ လူအုပ်ထဲက အထီးကျန်မှု ဆိုတဲ့
စာအုပ်လေးကိုဝယ်ပြီး အချိန်ရရင်ပေါ့
အချိန်ပေးပြီးပေါ့ ဖတ်ကြည့်စေချင်ပါတယ်။
ဆရာလင်းခါးက သူ့ဘဝမှာ ဖြစ်ခဲ့ မြင်ခဲ့ ကြုံခဲ့ တာတွေကိုပြန်ပြောပြနေတယ်လို့ ထင်မိတယ်
အဲဒီမှာ ကျွန်တော်သတိထားမိတာက
သူရေးထားတဲ့ ရေသေအိုင်မှာက အရက်သမား
ကြောင်းကို ထင်ထင်ပေါ်ပေါ်မြင်အောင် ချပြသွားတယ်။
ဒီတစ်အုပ်မှာလည်း အရက်ကြောင်းကို
"ကျွန်တော့်အတွက်ကတော့
ဘီအီးတွေသောက်ရင်း ဖောသွပ်နေတဲ့
မျက်နှာဆိုတာတွေကို အကြိမ်ကြိမ်မြင်ဖူးနေကြမို့
အာတာလွတ်ဥလို ဖောသွပ်နေတဲ့ သူ့မျက်နှာကို
တစ်ချက်ကြည့်လိုက်ပြီးတဲ့နောက် မထူးဆန်းသလို မျက်နှာလွဲလိုက်တယ် " လို့ ထည့်ပြောသွားသေးတယ်။
နောက်ပြီး ကဗျာလောကပေါ့
ကဗျာ ဆရာလင်းခါး က သူမြင်တွေ့ခဲ့ရတဲ့
ကဗျာဆရာအချို့ကြောင်းကို ဒဲ့ပြောတယ်ဆိုရမယ်
သူပြောပြပုံလေးက အနာရှိသူတွေ စပ်ကြမှာ အမှန်ပါ
" ကဗျာဆရာတွေအကြောင်းကို
ဇွတ်အတင်း ညွှန်းဆို သိဒ္ဓိတင်ဖို့
ကျွန်တော် မလုပ်လိုပါ ။ ဆိုးရွားခွကျတဲ့
ကဗျာဆရာဆန်ဖို့နေနေသာသာ
လူတောင်မဆန်တဲ့၊ အပေါစား
ကဗျာဆရာတစ်ယောက် တလေမကလည်း
ဆုံဖူး မြင်ဖူးပါရဲ့ ။ လူတွေကိုချစ်ပါလို့
ပါဒတစ်ခုတည်း ထည့်ရေးရင်း
တစ်ခုခုဆို ဓားဆင်းသွေးတဲ့
ကဗျာဆရာတွေကိုလည်း ကြားဖူးပါရဲ့ ။
လူဆိုး လူညစ်ဆိုတာ ရှိသလို
ကဗျာဆိုး ကဗျာဆရာညစ်လည်း
သေချာပေါက် ရှိနိုင်တာပဲ ။
ဒီအကြောင်းတွေ ခုတော့ မေ့ထားပါရစေ။ " တဲ့
ဒီအကြောင်းအရာလေးကို ဖတ်ပြီး
ကျွန်တော်ဟာ အပြင်မှာ သိတဲ့ခင်တဲ့ ကဗျာဆရာတွေရဲ့ ဘဝအကြောင်းကို ဘာရယ်မဟုတ်ဘဲနဲ့
တွေးကြည့်မိသေးတယ် ။
ဒီစာအုပ်ထဲမှာပဲ နောက်တစ်ခုက
အဘိုးအိုကြီးတွေအကြောင်းလည်း
သူပြောပြသေးတယ် ။ ပင်စင်စား အဘိုးကြီးတွေမှာ
ရသစုံတဲ့ ဇာတ်လမ်းတွေရှိတဲ့အကြောင်းကိုပြောထားပုံလေးက လှတယ်ဗျ အဲမှာ သူညွှန်းလိုက်ပုံက ချစ်ရာပါပဲ
"ဖတ်ရခက်တဲ့ စာအုပ်ကြီးတွေ " တဲ့
ဟုတ်တယ်လေ သူ့ညွှန်းပုံလေးကို ကျွန်တော် တော်တော်လေးသဘောခွေ့မိတယ် ဘာကြောင့်ဆို
ကျွန်တော်က ကျွန်တော့် အဖွားပြောပြတဲ့ သူ့ငယ်ဘဝအကြောင်းတွေကို နားထောင်ခဲ့ရတာကိုးဗျ
သူကြီးအလုပ်ကို ကြောက်လို့ အဖိုးဟာ မိသားစုလိုက် ရန်ကုန်ဆီပြေးလာခဲ့တာတွေကို အက်ကြောင်းထပ်ပါစေ အဖွားပြောပြတိုင်း နားထောင်လို့ မဝခဲ့သူပါ။
ထမင်းမေ့ဟင်းမေ့တဲ့အထိ နားထောင်ခဲ့တာပါ။
ခန့်မှန်းရ ခက်သလောက် ပြောရခက်တဲ့
အဘိုးကြီးတွေကိုလည်း ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်တွေမှာထိုင်းရင် ဆုံဖူးကြုံဖူးကြမှာပါ
အများကြီး ပြောပြစရာမလိုတော့လောက်အောင်ကို စာဖတ်သူတွေအတွက် တကယ့်ကိုကောင်းတဲ့
စာအုပ်တစ်အုပ်ပါ ဒါကြောင့်
အဆွေတော်တို့ကို
အဆင်ပြေရင် ဝယ်ဖတ်ကြည့်စေချင်တဲ့
စေတနာနဲ့ဒီစာအုပ်လေးကို ကျွန်တော် ညွှန်းမိပါတယ်။
( ဒီစာအုပ်ထဲမှာ ယူတတ်ရင်
တစ်ခုခု (သို့ )အဲဒီထက်လည်း
ပိုချင်လည်း ပိုပြီးရမှာပေါ့)
အောင်မြတ်ဝင်း