Book Image
ဦးအေးမောင်
ဦးအေးမောင်ကို ၁၉၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြင်ဦးလွင်မြို့တွင် မွေးဖွားခဲ့သည်။ မိဘများမှာ ဦးသိန်းကျော် နှင့် ဒေါ်သင်တို့ ဖြစ်ကြသည်။

ပညာရေး 
ဦးအေးမောင်သည် ၁၉၃၂ ခုနှစ်တွင် မန္တလေးမြို့၊ ဝယ်စလီကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန် ဆရာဖြစ်သင်ကောလိပ်သို့ တက်ရာက်၍ ၁၉၃၇ ခုနှစ်တွင် ဆရာဖြစ်စာမေးပွဲကို အောင်မြင်သည်။ မုံရွာမြို့ ဝယ်လစလီကျောင်းတွင် ၁၉၃၈ ခုနှစ်မှ ၁၉၄၀ အထိ သုံးနှစ်ကြာ ဆရာလုပ်ခဲ့၏။ ထို့နောက်တွင် ရန်ကုန်ဆရာဖြစ်သင်ကောလိပ်တွင် လေ့ကျင့်ရေးကျောင်း၌ ဆရာအဖြစ် နှစ်နှစ်လုပ်ခဲ့သည်။

စာပေရေးရာ လုပ်ကိုင်မှု 
၁၉၄၉ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ စာပေဗိမာန်တွင် လက်ထောက်အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ဦးအေးမောင် (စာပေဗိမာန်) ကလောင်ဖြင့် စာပေဗိမာန်မဂ္ဂဇင်း၊ သင့်ဘဝမဂ္ဂဇင်း၊ မြဝတီမဂ္ဂဇင်း၊ ဂါးဒီယန်မဂ္ဂဇင်း၊ လုပ်သားပြည်သူ့နေ့စဉ် (မြန်မာ − အင်္ဂလိပ်) သတင်းစာနှင့် အခြားမဂ္ဂဇင်း စာစောင်များတွင် ဘာသာရေး၊ စိတ်ပညာ၊ ဒဿန၊ သိပ္ပံပညာနှင့် အခြားပညာရေး သုတဆောင်းပါးများကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် နှစ်ပေါင်း ၂၀ ကျော်မျှ ရေးသားခဲ့သည်။[၁]

ရေးသားခဲ့သော စာပေများ 

ဦးအေးမောင်သည် ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ၊ ဗီဇနှင့် ပတ်ဝန်းကျင်၊ လူ့စိတ်သဘာဝ၊ သိပ္ပံနည်းစူးစမ်းမှုနှင့် သိပ္ပံပညာသဘော၊ စိတ်ဝိညာဉ်ဆိုင်ရာ လေ့လာတွေ့ရှိချက်များ၊ ဘဝဆည်းဆာ၊ စိတ်ပညာနှင့် ကိုယ်ကျင့်တရား၊ စိတ်ပညာနှင့် စိတ်ငြိမ်းချမ်းမှု၊ သေသည်၏ အခြားမဲ့၌၊ လူ့ဘဝလူ့လောကအမြင်၊ ပိဋကတ်မှ ဗုဒ္ဓနှင့် ဓမ္မ၊ ဗုဒ္ဓအမြင် လူသားစွမ်းအင်၊ လူတစ်ယောက်၏ ခွန်အား၊ ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ၏ ထူးခြားချက်များ စသည့်စာအုပ်များကို ရေးသားပြုစုခဲ့သည်။

ထို့ပြင် မဟာစည်ဆရာတော်၏ တရားစာအုပ် ငါးအုပ်၊ ကမ္ဘာအေး သာသနာရေးဝန်ကြီးဌာန၊ ပိဋကတ်ဘာသာပြန်စာပေဖြန့်ချိရေးအဖွဲ့အတွက် မဇ္ဈိမနိကာယ် (မူလပဏ္ဏာသ)၊ ထေရအပါဒါန် (ပထမပိုင်း) နှင့် မင်းကွန်းဆရာတော်၏ မဟာဗုဒ္ဓဝင် (စတုတ္ထတွဲ) များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။

ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ (သုံးတွဲ) ကို ပေါင်းချုပ်အဖြစ် ပြန်လည် ပြုပြင်ရေးသားခဲ့ပြီး ၎င်းကို THE BUDDHA AND HIS TEACHING ဟူသော အမည်ဖြင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။

ဘဝနိဂုံး 

၂၀၀၂ ခုနှစ်၊ မေလ ၁၁ ရက် (စနေနေ့) ညနေ ၄ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့၊ စမ်းချောင်းရပ်၊ သံတံတားလမ်းနေအိမ်တွင် ကွယ်လွန်အနိစ္စရောက်သည်။ ဇနီးဖြစ်သူမှာ ဒေါ်သန်းရင် (ကွယ်လွန်) ဖြစ်ပြီး သားသမီးငါးဦး ကျန်ရစ်သည်။

Reference from: wikipedia

Written Books

Book Review Image

ဗုဒ္ဓ နှင့် ဗုဒ္ဓဝါဒ

ဦးအေးမောင်
Book Review Image

ဗီဇနှင့်ပတ်ဝန်းကျင်

ဦးအေးမောင်
Book Review Image

ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ

ဦးအေးမောင်