Book Image
ဇော်ဂျီ

ဆရာဇော်ဂျီ
ငယ်ဘဝ 

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ဇာတိဖြစ်၍ အဖဦးယော၊ အမိဒေါ်စိန်ညွန့်တို့မှ ၁၉၀၇-ခုနှစ်၊ ဧပြီလ ၁၂ရက်၊ သောကြာနေ့တွင် ဖွားမြင်သည်။ မွေးချင်းကိုးယောက်အနက် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ ဦးသိန်းဟန် ဖြစ်ပါသည်။

ဆရာဇော်ဂျီသည် ငယ်စဉ်က ဖျာပုံမြို့ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ဆရာဇော်ဂျီတို့အိမ်တွင် လူကြီးများစုဝေးကာ စာအကြောင်းပေအကြောင်း ပြောကြသောကြောင့် ဆရာဇော်ဂျီသည် ငယ်စဉ်ကလေးဘဝကပင် မြန်မာမှု၊ မြန်မာစာပေတို့နှင့် အကျွမ်းတဝင် ရင်းနှီးခဲ့သည်။

ပညာရေး 

ထို့နောက် ဖျာပုံမြို့ရှိ အင်္ဂလိပ်မြန်မာ အစိုးရအထက်တန်းကျောင်းတွင် သတ္တမတန်းအထိ ပညာသင်ကြားခဲ့သည်။ သတ္တမတန်းအရောက်တွင် ၁၉၂ဝ ပြည့် ပထမကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။ အမျိုးသားကျောင်းများ မြန်မာပြည် အနှံ့ပေါ်ပေါက် လာသောအခါ ဆရာဇော်ဂျီသည် ဖျာပုံမြို့၊ အမျိုးသားကျောင်းသို့ ပြောင်းရွှေ့ ပညာဆည်းပူးခဲ့သည်။ ထိုမှတဖန် ရန်ကုန်မြို့၊ မြို့မ အထက်တန်းကျောင်းသို့ ပြောင်း၍ ၁၁ ဆင့် အောင်သည်အထိ ပညာဆည်းပူးခဲ့သည်။ ထိုစဉ်က ကျောင်းအုပ်ဆရာကြီးမှာ ဦးဘလွင် ဖြစ်ပါသည်။

၁၉၂၄ တွင် ရန်ကုန်မြို့၊ မြို့မ အထက်တန်းကျောင်း( မြို့မအမျိုးသား အထက်တန်းကျောင်း)တို့တွင် ပညာ သင်ကြားခဲ့သည်။ မြို့မကျောင်းသား ဘဝတွင် ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၂၄ တွင် ဆာဂျေအေ မောင်ကြီး၏ သစ္စာဝါဒီသတင်းစာက ကြီးမှူးပြီး ကဗျာဘာသာပြန် ပြိုင်ပွဲ ကျင်းပ ခဲ့သည်။ မြန်မာဘာသာသို့ ပြန်ဆိုရမည့် ကဗျာမှာ အင်္ဂလိပ် ကဗျာဆရာ ဟင်နရီဝေါတန် (Henry Wotton) ၏ The Character of a Happy Life အမည်ရှိ ကဗျာ ဖြစ်သည်။ ဆရာဇော်ဂျီသည် ကဗျာ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရာ ပထမဆု ရရှိခဲ့သည်။ ဆာဂျေအေမောင်ကြီးက ရွှေဒင်္ဂါး ၅ ပြား ဆုချခဲ့သည်။ ၁၉၂၅ တွင် ဆရာ ဇော်ဂျီသည် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားခဲ့သည်။ တက္ကသိုလ်သို့ ရောက်သောအခါ ရှေးဟောင်း မြန်မာ့စာပေကို စနစ်တကျ လေ့လာခွင့် ရသကဲ့သို့ တဘက်တွင်လည်း ကမ္ဘာ့စာပေများကိုလည်း ကျယ်⁠ကျယ်ပြန့်ပြန့် လိုက်စားနိုင်ခဲ့သည်။ အင်္ဂလိပ်ကဗျာများကို ဖတ်ပြီး ကဗျာသစ်ကို စမ်းသပ် ရေးဖွဲ့ချင်စိတ် ပေါက်လာသည်။ ၁၉၂၈ တွင် ဆရာဇော်ဂျီသည် သူ၏ နာမည်ကျော် ပိတောက်ပန်း ကဗျာကို ရေးဖွဲ့ခဲ့သည်။

ခေတ်စမ်းစာပေ 

ဆရာဇော်ဂျီသည် တက္ကသိုလ်ကျောင်းသားဘဝတွင် သူကဲ့သို့ ဝါသနာတူ သူငယ်ချင်း ဆရာမင်းသုဝဏ်နှင့် တွဲမိသွားသည်။ သူတို့နှစ်ဦးသည် ရှေးဟောင်းကဗျာများမှ တွေးပုံတွေးနည်း၊ ရေးပုံရေးနည်းများကို လမ်းသစ်ခွဲထွက်ကြသည်။ မိမိ ခံစားရသော အမြင်ကိုသာ အလှပဆုံး၊ အထိမိဆုံး ရေးဖွဲ့ ကြသည်။ ထိုကဗျာများကို တက္ကသိုလ်မဂ္ဂဇင်း၊ ဂန္တလောကမဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်းများတွင် ရေးသားကြသည်။

၁၉၃၄ တွင်ဆရာကြီး ဦးဖေမောင်တင် က ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်နှင့် တက္ကသိုလ် ပုရဝဏ်အတွင်း ရေးသားနေကြသော ကဗျာများကို စုစည်းထုတ်ဝေရာမှ ‘ခေတ်စမ်းကဗျာ’ ဟု အမည်တွင်လာသည်။ ဆရာဇော်ဂျီသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝတွင် တက္ကသိုလ်ပုရဝဏ်ထဲမှ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာပွား၊ ပါမောက္ခလုစ်၊ ပါမောက္ခဂုဒ်တို့ထံမှ အင်္ဂလိပ်စာပေ၊ မြန်မာစာပေတို့ကို လေ့လာဆည်းပူးခွင့် ရခဲ့သည်။ ၎င်းအပြင် ပြင်ပစာပေလောကမှလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ အမျိုးသားပညာဝန်ဦးဖိုးကျား၊ ဒီးဒုတ်ဦးဘချို တို့ထံမှ ပြင်ပစာပေဗဟုသုတများကို ကြားနာခွင့်ရသည်။ ဆရာဇော်ဂျီသည် မိမိထက် အတန်းကြီးသော သိပ္ပံမောင်ဝထံမှ အက်ဆေး သဘောတရားများ၊ ဗဟုသုတများ ရရှိခဲ့ပြီး မိမိထက် ငယ်သော ဆရာမင်းသုဝဏ်နှင့်လည်း ကဗျာရေးဖော်ရေးဖက် ဖြစ်လာသည်။

ဆရာဇော်ဂျီသည် ၁၉၂၉-၃ဝ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရခဲ့သည်။ ဆရာဇော်ဂျီသည် မိမိ ပညာဆည်းပူးခဲ့ရာ ရန်ကုန်မြို့၊ မြို့မ အထက်တန်းကျောင်းတွင် အထက်တန်းပြဆရာအဖြစ် ၁၉၃၁ ခုနှစ်မှ ၁၉၃၄ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းဆရာလုပ်နေစဉ်မှာပင် ဖျာပုံမြို့၌ ၁၉၃၁ ဇန်နဝါရီလမှစ၍ ထုတ်ဝေခဲ့သော 'မြန်မာ့အာဇာနည်' ဂျာနယ်တွင် ဆရာဇော်ဂျီသည် အယ်ဒီတာအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။ သို့သော်လည်း ဂျာနယ် (၇)စောင်မျှသာ ရေးသားထုတ်ဝေနိုင်ခဲ့ပြီး ဖြန့်ချိမှု အခက်အခဲကြောင့် ရပ်ဆိုင်းခဲ့ရသည်။ မြို့မကျောင်း ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဆရာဇော်ဂျီသည် ဝိုင်အမ်ဘီအေ အသင်းကြီးက ကြီးမှူးကျင်းပသော ဟောပြောပွဲတွင် အင်္ဂလိပ်ဘာသာဖြင့် စာပေဝေဖန်ရေး စာတမ်းတစ်စောင် ဖတ်ကြားတင်သွင်းခဲ့သည်။ စာဆိုဝန်ကြီးပဒေသရာဇာနှင့် စိန္တကျော်သူ ဦးဩ တို့အကြောင်း ဖြစ်ပါသည်။ စာတမ်းအမည်မှာ Eighteenth Century Poets in Burma ဖြစ်သည်။

စာတမ်း တင်သွင်းသော ခုနှစ်မှာ ၁၉၃၂ ခု ဩဂုတ်လ ၂၈ ရက် ဖြစ်သည်။ သဘာပတိမှာ ဆရာကြီး ဦးလူဖေဝင်း ဖြစ်သည်။ ထိုစာတမ်းကို ရန်ကုန်တိုင်းမ် (Rangoon Time) အင်္ဂလိပ်ဘာသာ သတင်းစာတွင် ထည့်သွင်း ဖော်ပြခဲ့သည်။ ထိုစာတမ်းကို ဖတ်မိသော ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာပါမောက္ခရုခ်က အလွန် နှစ်သက်သဘောကျ၍ ဆရာဇော်ဂျီကို ခေါ်ယူကာ မဟာဝိဇ္ဇာတန်းတက်ရန် တိုက်တွန်းခဲ့လေသည်။ သို့ဖြင့် ဆရာဇော်ဂျီသည် ၁၉၃၄ ခုနှစ်တွင် မြို့မကျောင်းမှထွက်၍ မဟာဝိဇ္ဇာတန်းတွင် အင်္ဂလိပ်စာပေနှင့် မြန်မာစာပေ နှစ်ဘာသာ (Double Literature) ယူကာ ၁၉၃၆ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ ရခဲ့သည်။

၁၉၃၈ ခုနှစ် အထိ မန္တလေး ဥပစာကောလိပ်တွင် မြန်မာစာနည်းပြ အဖြစ် ဆောင်ရွက်သည်။ ၁၉၃၆-၄ဝ ပြည်နှစ် များတွင် အင်္ဂလန်နိုင်ငံ ဒဗ်ဗလင် တက္ကသိုလ်များတွင် စာကြည့်တိုက်ပညာ သင်ကြား၍ ဒီပလိုမာဘွဲ့ ရရှိသည်။ ၁၉၄၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး တာဝန် ထမ်းဆောင်သည်။ ၁၉၄၁-ခုနှစ်တွင် ရန်ကုန် မြို့မကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်စောရင် (ဘီအေ- ဘီအီးဒီ) ကြီး⁠ကြီးစော(စာရေးဆရာမ)နှင့် လက်ထပ်ခဲ့သည်။

၁၉၄၂ ခုနှစ် ဒုတိယ ကမ္ဘာစစ် အတွင်း မြန်မာ အစိုးရ၏ ပညာရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးဝန် (စာပေနှင့် စာကြည့်တိုက် ဌာန) တာဝန် ထမ်းဆောင်ပြီး ၁၉၄၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၄၇-၄၈ ခုနှစ် များ၌ တိုင်းပြု ပြည်ပြု လွှတ်တော်ရုံးနှင့် ရွေးကောက်ပွဲကော်မရှင်ရုံး အထူးအရာရှိနှင့် အခြေခံဥပဒေ အချောကိုင်ကော်မတီ အဖွဲ့ဝင် တာဝန်ထမ်းဆောင် ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသည်။

၁၉၅၁-၅၇ ခုနှစ် များ၌ ကျောင်းသုံးစာအုပ် ပြုစုရေး (ထုတ်လုပ်ရေး) ညွှန်ကြားရေးဝန် တာဝန်နှင့် ၁၉၅၉ ခုနှစ်၌ မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၅၁ တွင် ဆရာ ဇော်ဂျီသည် အစိုးရပညာရေး မစ်ရှင်အဖွဲ့ နှင့်အတူ အင်္ဂလန်၊ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ နိုင်ငံများသို့ သွားရောက် လေ့လာခဲ့သည်။ ထို့နောက် စာကြည့်တိုက်မှူးအဖြစ် ပြန်လည်ထမ်းရွက်သည်။ ၁၉၅၅ တွင် ထိုင်းနိုင်ငံ၊ ၁၉၆၁ တွင် တရုတ်နိုင်ငံ များသို့ ရန်ကုန်တက္ကသိုလ် ချစ်ကြည်ရေးအဖွဲ့နှင့် အတူ သွားရောက်ခဲ့သည်။

၁၉၆၁ ခုနှစ်တွင် ဂုဏ်ထူးဆောင် မြန်မာစာပါမောက္ခ အဖြစ်နှင့် သီရိပျံချီဘွဲ့ ရရှိသည်။

၁၉၆၅ - ၇၅ ခုနှစ် များတွင်ပညာရပ် ဝေါဟာရ ကော်မတီဥက္ကဋ္ဌနှင့် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၆၇ ခုနှစ်၌ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူးအဖြစ်မှ အငြိမ်းစား ယူပြီး ပညာရေး အထူး အရာရှိ (၁)၊ မြန်မာနိုင်ငံ သုတေသနအသင်း ဥက္ကဋ္ဌ တာဝန် များကို ထမ်းရွက်ခဲ့ပြီး၊ ၁၉၇၆ ခုနှစ်တွင် နိုင်ငံသမိုင်း သုတေသန ဦးစီးဌာန အကြံပေးပုဂ္ဂိုလ် အဖြစ်ပါ တာဝန်ယူခဲ့သည်။

ဆရာ ဇော်ဂျီသည် သခင်ကိုယ်တော်မှိုင်းဋီကာ စာအုပ်ဖြင့် ၁၉၅၅ ခုနှစ် အတွက် စာပေဗိမာန် စာပဒေသာ ဆု၊ နင်လားဟဲ့ ချစ်ဒုက္ခနှင့် အခြား ဝတ္ထုတိုများ စာအုပ်ဖြင့် ၁၉၇၉ ခုနှစ် အတွက် အမျိုးသား စာပေဆု (ဘာသာပြန် စာပေ)၊ ရှေးခေတ်ပုဂံ ကဗျာများနှင့် အခြားကဗျာများ စာအုပ်ဖြင့် ၁၉၈၇ ခုနှစ်အတွက် အမျိုးသားစာပေဆု (ကဗျာဆု) တို့ကို ရရှိ ခဲ့သည်။

ဆရာတက်တိုးက ဆရာဇော်ဂျီကို ဒဿနစာဆို (Philosopher Poet) ဟူ၍ လည်းကောင်း၊ ဆရာမင်းသုဝဏ်ကို သုတေသီစာဆို (Scholar Poet) ဟူ၍ လည်းကောင်း ဆိုမိန့်ဖူးသည်။

ဘဝနိဂုံး 

ဆရာဇော်ဂျီသည် အသက် (၈၃) နှစ် အရွယ် ၁၉၉ဝ ပြည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဆရာ နေထိုင်ရာ ရန်ကုန်မြို့ ဗဟန်း မြို့နယ် ကမ္ဘောဇလမ်း အမှတ် (၁ဝ-က) နေအိမ်တွင် ကွယ်လွန် ခဲ့သည်။

ဆရာ ဇော်ဂျီ၏ မျိုးရိုးဗီဇ 

ဆရာဇော်ဂျီသည် မြစ်ဝကျွန်းပေါ်ရှိ ဖျာပုံမြို့ဇာတိဖြစ်သော်လည်း ဆရာ၏ မိဘမျိုးရိုးမှာ အညာဇာတိများဖြစ်သည်။ ဆရာ၏ မိဘများနှင့် အဘိုးတို့သည် ပခုက္ကူ၊ ရေစကြိုနှင့် ဆင်ဖြူကျွန်းဒေသများမှ မြစ်ဝကျွန်းပေါ်ဒေသသို့ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့လာသူများ ဖြစ်ကြသည်။ အညာမှာ ပြောင်းရွှေ့လာသူများသောကြောင့် တမြို့တည်းသားတွေနေထိုင်ရာဖြစ်သည့် ဆင်ဖြူကျွန်းလမ်း၊ ပခုက္ကူလမ်းစသည်ဖြင့် ဖျာပုံနှင့် ကျိုက်လတ်မြို့များတွင် တွေ့ရှိနိုင်သည်။

ဆရာ ဇော်ဂျီ ငယ်စဉ် အခါက ပညာရှာ ခဲ့ရပုံ 

ငယ်စဉ် ကာလ ဖျာပုံ မြို့တွင် ပညာ ရှာခဲ့ပုံ၊ ရန်ကုန်၊ မြို့မ ကျောင်းတွင် ပညာ ဆက်လက် ဆည်းပူး ပုံနှင့် ပတ်သက်၍ ဆရာ ဇော်ဂျီ အမိန့် ရှိခဲ့ပုံ -
"၁၉၂၃-၂၄ လောက်ကပဲ တက္ကသိုလ် မရောက်ခင် အဆင့်တက်ဖို့ ဆရာ ကြိုးစား ခဲ့ရ ပုံလေးကို ပြောပြ ရဦးမယ်။ ဖျာပုံ မြို့မှာ (၇) ဆင့်ထိ စာသင် ရတယ်။ ကျောင်းသား သပိတ် ဖြစ်တော့ ဖျာပုံ မြို့မ ကျောင်းကပါ သပိတ် မှောက်တယ်။ ရန်ကုန်ကို (၇) တန်း အောင်တော့ စာသင်ဖို့ လာရတယ်။ အဲဒီ တုန်းက သရက်တော ကျောင်းတိုက်မှာ နေပြီး စာသင် ရတယ်။ နိုင်ငံရေး အခြေအနေ ကလည်း မကောင်းဘူး။ မြန်မာပြည်ကို ဒိုင်အာခီ အုပ်ချုပ်ရေး ပေးတော့ ဦးမောင်ကြီးက ပညာရေး ဝန်ကြီး၊ နိုင်ငံရေး မှာလည်း အကွဲအပြဲ တွေနဲ့။ ဦးဘဖေ တို့က ဒိုင်အာခီ အုပ်ချုပ်ရေးကို လက်ခံ လိုက်တယ်။ နေရှင်နယ် အမျိုးသား ကျောင်းတွေ ပျက်တော့ ဆရာ (၁ဝ) ဆင့် အောင်ပြီ။ ကျောင်းတွေ ပိတ်လိုက်လို့ ဖျာပုံ ကျောင်းမှာ ပြန်ပြီး လုပ်အားပေး နေရတယ်။ ဆရာက ကျောင်းပြန် တက်ချင်တယ်၊ အဖေက ခွင့်မပြုဘူး။ ဒါနဲ့ အမေ့ကို ကပ်ပြီး ပူဆာ ရတယ်။ အမေက ငွေ (၄ဝိ/-) ပေးပြီး ရန်ကုန်ကို လွှတ်လိုက်တယ်။

ရန်ကုန်၊ မြို့မ ကျောင်းမှာ ကျောင်းအုပ်ကြီးက ဆရာ ဦးဘလွင်၊ ကျောင်းအုပ်ကြီး ဆီသွား (၁၁) ဆင့်မှာ နေရဖို့ ပြောတယ်။ နေရှင်နယ် အမျိုးသား ကျောင်းက (၁ဝ) တန်းဆင့်ကို အသိအမှတ် မပြုဘူး။ (၁ဝ) ဆင့်မှာပဲ နေရမယ်တဲ့။ ဆရာ ကလည်း (၁ဝ) ဆင့်ကို အရည်အချင်း အပြည့်နဲ့ အောင်ခဲ့ တာပါ။ ဆရာကြီး မယုံရင် ကြိုက်ရာ ဘာသာကို စစ်ကြည့်ပါ။ အဖြေကို မကြိုက်ရင် (၁ဝ) ဆင့်မှာပဲ နေပါ့မယ်။ ဆရာကြီးက ကျွန်တော့် အဖြေတွေကို ကြိုက်ရင် (၁၁) ဆင့် ထားပါလို့ ပြောလိုက်တယ်။

ဒီတော့ 'ဆရာကြီးက အာဂ၊ လာတဲ့ ချာတိတ်' ပါလားကွယ်၊ ကပ် ဈေးဆစ် တယ်လို့ ပြောပြီး နောက်နေ့ (၁၁) နာရီ လာခဲ့လို့ မှာတယ်။

'ဆရာ့ သူငယ်ချင်းတွေ ကိုနု (သခင်နု)၊ ကိုချစ် တို့က ဆရာ ရုံးခန်း ထဲက ထွက်လာတော့ အခြေ အနေ ကိုလည်းမေး။ ရ ရမှာ ပေါ့ကွာ လို့လည်း အားပေး နဲ့ပေါ့။ သူတို့နဲ့က ဘာသာ ချင်းလည်း မတူ၊ ကျောင်းချင်းလည်း ကွဲနေ ပေမယ့် ခင်ကြတယ်။

ဒီလိုနဲ့ နောက်နေ့ ဆရာကြီးဆီ သွားတော့ အင်္ဂလိပ်စာနဲ့ အတွက် (သင်္ချာ) ကို ဖြေရတယ်။ တဘာသာ တနာရီစီ ဖြေရတယ်။ အင်္ဂလိပ်စာ ဖြေပြီး (၁ဝ) မိနစ်နား၊ နောက် အတွက် ဖြေပေါ့။ ဖြေလို့ ပြီးသွားတော့ ဆရာကြီးထံ အဖြေစာအုပ် အပ်ရင်း 'ဘယ်တော့ သိရ မလဲ ဆရာကြီး' လို့ မေးလိုက်တယ်။

'ဟ မြန်လှ ချေလား၊ သိရမှာ ပေါ့ကွာ' လို့ ဆိုပြီး နောက်နေ့ (၃) နာရီကို ချိန်းလိုက်တယ်။ အဲဒီ တုန်းက ဆရာမြ (သခင်မြ)၊ ဆရာ ဦးသာခင်၊ ဆရာ ဘသန်း (ဝတ်လုံ ဦးဘသန်း) တို့က ဆရာ ဟောင်းတွေ ဖြစ်နေတော့ ကျောင်းမှာ ပဲနေ၊ ကျောင်းက ဘော်ဒါဆောင် မှာပဲ ထမင်း ဝင်စားနဲ့ နောက်နေ့ ကျတော့ ရုံးခန်းထဲ ဝင်သွား သွားချင်း ဆရာကြီးက 'ချာတိတ်၊ ရတယ် ရတယ်၊ နက်ဖြန် ကျောင်းတက်၊ ပိုက်ဆံ ပေးခဲ့၊ ဘော်ဒါ နေမလား၊ ဆွေမျိုးတွေ ရှိလား' လို့ မေးလိုက်တယ်။

ဒီတော့ ဆရာ ကလည်း ဆရာ့ အစီ အစဉ်ကို ပြောပြ ရတယ်။ ဆွေမျိုးတွေ ရှိပေမယ့် ဘော်ဒါ နေမှ အဆင် ပြေတာမို့ ဘော်ဒါမှာ နေမယ်လို့ ဆိုပြီး ဘော်ဒါခ တွက်တော့ (၅ဝ) ကျပ် ကျော်ကျော် ကျတယ်။ ဆရာ့မှာ အမေ ပေးလိုက်တဲ့ ငွေ (၄ဝိ) က ခရီးစရိတ်နဲ့ ငွေ (၃ဝိ) ပဲ ကျန်တော့တယ်။ ဒီတော့ တခါ ဆရာကြီးကို ပိုက်ဆံ (၃ဝိ) ပဲ ကျန်တဲ့ အကြောင်း ပြောပြ ရတယ်။ ဆရာကြီးက 'ဘယ်ရ မလဲကွ' တဲ့။ ဆရာလည်း ကျောင်း တက်ချင် လွန်းလို့ အဖေ့ကို ဆန့်ကျင်ပြီး အမေ့ ဆီက ပိုက်ဆံ တောင်းပြီး လာခဲ့ ရတဲ့ အကြောင်းကို ပြောပြတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဆရာကြီးက စိုက်ပေး ပါလို့ ပြောရ တာပေါ့။

ဆရာကြီးက 'မင်း ယုံရ မလားကွ' တဲ့။ ဆရာ ကလည်း 'ဒါတော့ ဆရာက ဆရာကြီးပဲ၊ ကျွန်တော် လိမ်ရင် ညာရင် ကျွန်တော့်ကို ကျောင်းထုတ် နိုင်ပါတယ်' လို့ ပြောတော့ ဆရာကြီးက 'အေး ငါ လိုတဲ့ ငွေ (၂ဝိ) ကို စိုက် ပေးမယ်' လို့ ပြောတယ်။

အခက် ကြုံပုံက ဆရာ့မှာ ပစ္စည်းတွေ သယ်ဖို့ ရွှေ့ဖို့က စရိတ် ချန်ရဦးမှာ မဟုတ်လား။ စရိတ် ချန်ပြီး ငွေ (၂ဝိ) ကိုပဲ ပေးနိုင် တော့မှာကို ပြောပြတော့ 'ဈေးထပ် ဆစ်ပြန်ပြီ' လို့ ဆရာကြီးက ဆိုတယ်။ ဆရာလည်း မတတ်နိုင်တော့ဘူးလေ ဆရာကြီးက ငွေ (၂ဝိ) ကိုပဲ ယူထား လိုက်ပါတယ်။

ကျောင်းနေခွင့် ရတော့ အမေ့ဆီ စာရေးပြီး အကျိုး အကြောင်းရေး၊ ငွေထပ် တောင်းရတယ်။ 'အဖေက ဘာပြော သေးလဲ အမေ' လို့ မေးတော့ 'ဘာမှ မပြောတော့ပါဘူး သားရယ်' လို့ စာပြန်တယ်။"

ဤကား ဆရာ ဇော်ဂျီ မြို့မ ကျောင်းတွင် ပညာ သင်ယူ နိုင်ရန် ကြိုးစား ခဲ့ရပုံ အကြောင်း ဖြစ်ပါသည်။"

ဆရာဇော်ဂျီနှင့် ဟံသာ့ကြေးမုံ 

"၁၉၂၄-၂၅ စာသင် နှစ်မှာ ဆရာ ရန်ကုန် ကောလိပ်ကို ရောက်လာတယ်။ ပဲခူး ကျောင်းဆောင်မှာ နေရ စဉ်က၊ ကဗျာ ဉာဏ်က မြူးချိန် ဆိုတော့ ကဗျာတွေ သိပ်ရေး ဖြစ်တယ်။ 'ဟံသာ့ ကြေးမုံ' ဆိုတဲ့ စာစောင်ကို ရေးတယ်။ ကိုယ်ပဲ စာရေး ဆရာ၊ ကိုယ်ပဲ အယ်ဒီတာ လုပ်တယ်။ ည (၁ဝ) နာရီ ကျော်ရင် မီး မပေး တော့ဘူး။ ဖယောင်းတိုင် ထွန်းပြီး လက်ရေး စာစောင်ကို ရေးတယ်။ ကိုယ်ရေး တာလို့ မသိ စေချင် ပေမယ့် ကိုယ့်နာမည် လေးလည်း ဖော်ထုတ် ချင်တာကိုး။ ဟံသာ့ ကြေးမုံမှာ 'သ' ဆိုတဲ့ ကလောင်နာမည်တပ်တယ်။ 'ကျောင်းချစ်'၊ 'မောင်ပန်းမြိုင်' စတဲ့ ကလောင်ခွဲ တွေလည်း အများကြီး ရှိတယ်။

'ပုရစ်ဖူး အသင်း' ဆိုပြီး ဆရာ့လို စာပေ ဝါသနာ ပါပြီး စိတ်ကူး သစ်နဲ့ ရေးချင်တဲ့ သူတွေ တွေ့ဆုံပြီး စကား ပြောကြ၊ ဆွေးနွေး ကြတယ်။ အဲဒီ အချိန် တုန်းက ကောလိပ် မဂ္ဂဇင်း ဆိုတာ အင်္ဂလိပ်စာ များတယ်။ မြန်မာစာ နှစ်ရွက် သုံးရွက်ပဲ ပါတယ်။ ပါတဲ့ နှစ်ရွက် သုံးရွက် ကလည်း အသင်းရဲ့ ရှင်းတမ်းကို ရေးထားတာ။ ဆရာ တက္ကသိုလ် ရောက်တဲ့ နှစ်မှာ မြန်မာစာ ထူလာတာ။ ထူလာ အောင်လည်း ကလောင်ခွဲ အမျိုးမျိုးနဲ့ တယောက်တည်း ရေးခဲ့ တာပဲ။"

ဆရာ ဇော်ဂျီနှင့် ကလောင်အမည် 

‘ဇော်ဂျီ’ ဟူသော ကလောင်အမည်ကို (၁၉၂၈) ခုနှစ် ‘ပိတောက်ပန်း’ ကဗျာ ရေးသားစဉ်က စတင်အသုံးပြုခဲ့ပြီး ထိုကလောင်အမည်ယူရခြင်းမှာ အခြားထူးခြားသော အကြောင်းတရားမရှိပဲ ဇော်ဂျီရုပ်ကလေးအား သဘောကျသဖြင့် ‘ဇော်ဂျီ’ ဟု သုံးစွဲခဲ့သည်။

ဆရာ ဇော်ဂျီ၏ တက္ကသိုလ် ကျောင်းသား ဘဝ 

"ကောလိပ် ရောက်ခါ စက တကောင်း ဆောင်မှာ နေရတယ်။ ကျောင်းသား ကလည်း ဒီလောက် မများ သေးဘူး။ ကိုစိန်တင် (သိပ္ပံ မောင်ဝ) နဲ့ တဆောင်တည်း။ Row တခု တည်းမှာ နေရတယ်။ သိပ်ရင်းနှီး ကြပါတယ်။ သူက အတန်း ပိုကြီးတယ်။ အဲဒီ တုန်းက အခု တိုးချဲ့ ဆေးရုံ နေရာမှာ ကျောင်း ရှိတယ်။ ကျောင်း သွားရင် ကြံတော သင်္ချိုင်းကို ဖြတ်ပြီး ဟံသာဝတီ ဘူတာကို သွားရတယ်။ ဘတ်စ် ကားလိုင်းတွေ မရှိ သေးဘူး။ အင်းစိန် လော်ကယ်နဲ့ လိုက်သွား။ ဘုရားလမ်း ဘူတာ ဆင်းပြီး ခြေလျင် ထပ်လျှောက် ရတယ်။ တခါ တလေ လော်ရီ ကားကြီးတွေ တားစီးပြီး ကျောင်းတက် ရတယ်။

စာမေးပွဲ မနီးခင် ရုပ်ရှင်ကြည့်၊ ကိုယ်ရေး ချင်တာ တွေရေး၊ ဖတ်ချင်တဲ့ စာအုပ်တွေ ဖတ်ပေါ့၊ ကျောင်းတော့ မပြေးပါဘူး။ အတန်း မှန်မှန်တက်၊ စာမေးပွဲ ဖြေဖို့ တလ အလို ဆိုရင် စာကျက်၊ ဖိဖိစီးစီး ကျက်တယ်။ စာမေးပွဲ နီးပေမယ့် ညဉ့်နက်ရင် မီး မပေး တော့ဘူး။ ဖယောင်းတိုင် ထွန်းပြီး စာကြည့် ကြတယ်။ စာကြည့် စားပွဲ ကနေ အိပ်ရာလေး မြင်ပြီး အိပ်လိုက် ရရင် သိပ်ကောင်း မှာပဲလို့ တွေးမိတယ်။ တကယ်တမ်းကျ မအိပ် ရဲဘူး။ စာမေးပွဲ ပြီးမှ အိပ်မယ်လို့ အားခဲ ထားပေမယ့် စာမေးပွဲ ပြီးတော့ အိပ်လို့ မရတော့ဘူး။ ပျော်ကြ၊ ရွှင်ကြ၊ ဆူကြ၊ ညံကြ နဲ့ကိုး။ အခုလို တက္ကသိုလ် ကျောင်းသား ဘဝကို ပြန်တွေးတော့ ကျောင်းသား ဖြစ်ချင်တယ်။ ဒါပေမဲ့ စာမေးပွဲတော့ မဖြေချင်ဘူး။ စာမေးပွဲ မဖြေဘဲ အောင်တဲ့ ကျောင်းသားပေါ့။"

ဆရာ ဇော်ဂျီနှင့် ကျောင်းဆရာ ဘဝ 

"ဘီ အေ အောင်တော့ ဆရာ့ ရည်ရွယ်ချက်က ကျောင်းဆရာ ဖြစ်ဖို့ ပါပဲ။ ဒါကြောင့် ဘီ-အေ ဂုဏ်ထူးတန်းကို မတက်ဘူး။ ကိုယ်နေ ခဲ့တဲ့ မြို့မ ကျောင်းမှာ ကျောင်းဆရာ ဝင်လုပ်တယ်။ မြို့မကျောင်း ကျောင်းဆရာ ဘဝနဲ့ 'စိန္ဒကျော်သူနဲ့ ဝန်ကြီး ပဒေသ ရာဇာ' အကြောင်းကို အင်္ဂလိပ်လို စာတမ်း ရေးပြီး ဝိုင်-အမ်-စီ-အေ (Y.M.C.A) မှာ ဖတ်တယ်။ ဒီတုန်းက ထုတ်တဲ့ Evening Paper သတင်းစာမှာ စာတမ်းကို ထည့်ပြီး ဖော်ပြ ခံခဲ့ရတယ်။

စာတမ်း ဖော်ပြ ခံရပြီး တပတ်ကျော် ကျော်ကြာတော့ တက္ကသိုလ်က အင်္ဂလိပ်စာ ပါမောက္ခသစ် ဆရာကြီး ရုဒ် (W.W.Rhodes) က ဆရာ့ စာတမ်းကို သဘော ကျကြောင်း၊ ပုဂံ လမ်းက သူ့ နေအိမ်ကို စနေ နေ့မှာ လ္ဘက်ရည် သောက်လာ ပါလို့ စာရေးပြီး မှာတယ်။ ဆရာလည်း စနေ နေ့မှာ အရောက် သွားတယ်။ဆရာ့ကို ရုဒ်က လက်ဖက်ရည် တိုက်ပြီး၊ စာတမ်းနဲ့ ပတ်သက်ပြီး မေးတယ်။ ဆရာက မတတ်ဘဲနဲ့ ဖြီးဖြန်း ရေးတယ်လို့ ထင်ဟန် တူပါရဲ့။ ကဗျာ ဆရာ ရှယ်လေး၊ ကိ၊ ဘိုင်ရွန်တို့ အကြောင်း မေးတယ်။ ဆရာ နှစ်သက် ခဲ့တဲ့ ၊ဆရာ လေးစား ခဲ့တဲ့ ကဗျာ ဆရာ တွေပဲ မို့လား။ ကောင်းကောင်း ပြန်ပြော ပြလိုက်တယ်။ စကား ပြောလို့ ကျေနပ် တော့မှ ဆရာက ပြန်မယ် နှုတ်ဆက်တော့ ရုဒ်က 'အင်္ဂလိပ်စာ ဌာနမှာ ကျူတာ ပေးမယ်။ M.A တက်ပါလို့' တိုက်တွန်းတယ်။ ဆရာ့ ဆန္ဒ ကတော့ မတက် ချင်ဘူး။ ဒါနဲ့ ကျွန်တော် ဆရာကြီးကို တိုင်ပင် ပါဦးမယ်။ ဆရာကြီးက ခွင့်ပြုရင် လုပ်မယ်လို့ ပြောပြီး ပြန်ခဲ့ ရတယ်။

တနင်္လာနေ့ ရောက်တော့ မြို့မကျောင်း ကျောင်းအုပ် ဆရာကြီးကို အကျိုး အကြောင်း ပြောပြတယ်။ ဆရာကြီးက M.A တက်ဖို့ အားပေးတယ်။ အကူအညီ လိုရင်လည်း ပေးမယ်လို့ အားပေးရင်း ကျောင်း တက်ဖို့ တိုက်တွန်းတယ်။ ဟိုခေတ် တုန်းက ဘီအေ အောင်အောင်ချင်း ဆက်တက် ခဲ့တဲ့ မဟာ ဝိဇ္ဇာတန်း ဆိုတာ မရှိ သေးဘူး။ အမြဲတမ်း ပရော်ဖက်ဆာ နှစ်ယောက်က ကျေနပ် မှသာ M.A တက်ခွင့် ရှိတယ်။

ဆရာက ရုဒ်ဆီ ပြန်ပြီး အကြောင်း ကြားတယ်။ ဆရာကြီး ရုဒ်က ဆရာကြီး ဦးဖေမောင်တင်ကို အကျိုး အကြောင်း ပြောပြတယ်။ ဆရာကြီး ဦးဖေမောင်တင် ကလဲ ဆရာ့ကို M.A ဆက်တက် စေချင် နေတာ။ ဒီဆရာကြီး နှစ်ယောက် ထောက်ခံ မှုနှင့် တက္ကသိုလ် ပြန်ဖွင့်တော့ မြန်မာ စာဌာနမှာ ဆရာ ဝင်လုပ်ရင်း မဟာ ဝိဇ္ဇာတန်းဆက်တက် ရတယ်။ ခေါ်တုန်း ကတော့ ရုဒ်ပဲ။ သူတို့ နှစ်ယောက် ဆရာ့ကို အပြိုင် ခေါ်ကြတာ။ နောက်ဆုံးတော့ ဆရာ ဦးဖေမောင်တင်ပဲ နိုင်သွား ပါတယ်။ ရုဒ် ကပဲ ဆရာ့ မြန်မာစာကို သဘော ကျကြောင်း Modern Style နဲ့ ရေးဖို့ အားပေးတယ်။ မဟာ ဝိဇ္ဇာ တက်တော့ ၁၉၃၅ -၃၆ ခုနှစ် မှာပေါ့။

မဟာ ဝိဇ္ဇာ အောင်ပြီးတော့ ဆရာကြီး ဦးဖေမောင်တင်က မန္တလေး ဥပစာ ကောလိပ်ကို ပြောင်းပြီး ဆရာ လုပ်ခိုင်းတယ်။ ၂ နှစ် ကျော်ကျော် လုပ်ရတယ်။ ၁၉၃၇ ခု ကနေ ၁၉၃၈ ခုနှစ် အထိပဲ။ 'မန္တလေးမှာ ရှိစဉ်က ရုဒ် ဆီကနေ ဆရာ့ ဆီကို စာ လာတယ်။ စကောလားရှစ်နဲ့ ပိဋကတ်တိုက် ပညာ ဒီပလိုမာ ဘွဲ့ကို ဘိလပ်မှာ သွားတက်ဖို့ စာမေးပွဲ ဖြေရမယ် ဆိုတဲ့ စာပဲ။ ဆရာ့မှာ အခက်အခဲ မရှိ လှပါဘူး။ အင်္ဂလိပ် စာရယ်၊ မြန်မာ စာရယ်၊ အထွေထွေ ရယ်လို့ ဖြေပြီး အင်တာဗျူး ထိုင်ရတယ်။ အင်္ဂလိပ်စာကို ရုဒ်က စစ်တယ်။ မြန်မာစာကို ဆရာကြီး ဦးဖေမောင်တင်က စစ်တယ်။ တပည့် အကြောင်း သိပြီး သားမို့ တယ်အခက် မတွေ့ လိုက်ရဘူး။"

ဆရာ ဇော်ဂျီနှင့် ရွှေပြည်စိုး 

"၁၉၃၈ မှာ ပိဋကတ် ဒီပလိုမာ အတွက် နိုင်ငံခြား ပညာသင် သွားရမယ် ဆိုတော့ အမေက 'ရွှေပြည်စိုး' ဝတ္ထု စာအုပ်ကို ထည့်ပေးတယ်။ 'အမေရာ ကျွန်တော် ဖတ်ပြီး သားပါဗျာ' ဆိုတော့ 'ဖတ်ပြီး သားလည်း ဖတ်ရမယ်၊ အဲဒီ စာအုပ် ထဲက ဘိလပ်ပြန် မောင်သန်းဖေ အကြောင်း နာနာဖတ်' လို့ ဘိလပ် သွားမယ့် သားကို မှာတယ်။ ရွှေပြည်စိုးကို ဆရာ ခုထိ နှစ်ခြိုက် ပါတယ်။ စာအုပ် စင်မှာ အမြဲ ထားတယ်။ ဆောင်းပါးမှာ ရေးခဲ့ သလို ပျောက်ရင်လည်း အစား ဝယ်ထည့် ထားတာပဲ။

လန်ဒန်မှာ ပထမနှစ် သင်ရတယ်။ ဒီအချိန်မှာ စစ်ဖြစ် နေပြီ။ နောက်ဆုံးနှစ် ကိုတော့ အိုင်ယာလန်က ဒဗ်ဖလင် တက္ကသိုလ်မှာ တက်ခဲ့တယ်။"

ဆရာ ဇော်ဂျီနှင့် လက်ရွေးစင် ကဗျာ စကားပြေ 

အလယ်တန်း မြန်မာ ကဗျာ လက်ရွေးစင် ပြဋ္ဌာန်းချက် စာအုပ်တွင် ဆရာ ဇော်ဂျီ၏ 'တို့တိုင်းပြည်' ၊ 'လှိုင်းကလေး သင်' ၊'အင်းလေး လူရည်ချွန် စခန်းမှာ' ကဗျာများ ပါဝင်သည်။ အထက်တန်း ပင်ရင်း ကဗျာ လက်ရွေးစင် ပြဋ္ဌာန်းချက် စာအုပ်တွင် ဆရာ ဇော်ဂျီ၏ 'ရှေးခေတ် ပုဂံပြည်'၊ '၁၉၄၈ ခုနှစ် လွတ်လပ်ရေး အတွေး'၊ 'ကမ္ဗောဇသို့'၊ 'ပဲ့နင်း'၊ 'တခုသော သင်္ကြန်ခါ'၊ 'အို တက်လူတို့'၊ 'ပိတောက်ပန်း'၊ 'ဗေဒါလမ်း' ၊ 'မြက်ရိတ် သမား'၊ 'တပေါင်းမိုး'၊ အလယ်တန်း စကားပြေ လက်ရွေးစင် ပြဋ္ဌာန်းချက် စာအုပ်တွင် ဆရာ ဇော်ဂျီ၏ 'မွန်ဝန်ကြီးနှင့် မြန်မာ စကားပြေ'၊ 'ကဗျာဝိုင်း စာဝိုင်းနှင့် ကျွန်တော်'၊ 'နွေဦး ကျက်သရေ' စသော စကားပြေများ ပါဝင် ပါသည်။ ပင်ရင်း စကားပြေ လက်ရွေးစင် ပြဋ္ဌာန်းချက် စာအုပ်တွင် ဆရာ ဇော်ဂျီ၏ 'ကေတု မတီ'၊ 'ပုဂံဈေး' စကားပြေ နှစ်ပုဒ် ပါဝင် ပါသည်။ စိတ်ကြိုက် စကားပြေ လက်ရွေးစင် ပြဋ္ဌာန်း ချက်တွင် ဆရာ ဇော်ဂျီ၏ 'ဇာတိမာန် စာဆို ဦးလွန်း' စကားပြေ ပါဝင် ပါသည်။

ပြဋ္ဌာန်းချက်ပါ ကဗျာ စကားပြေများ အကြောင်း၊ အချက်အလက် ရည်ရွယ်ချက် များနှင့် ပတ်သက်၍ ဆရာ ဇော်ဂျီက တပုဒ်ချင်း ရှင်းလင်း ပြောကြား ခဲ့ပါသည်။ ဆရာ ဇော်ဂျီ၏ ပြောကြားချက် များကို တပုဒ်ချင်း တင်ပြ လိုက်ပါသည်။

ဆရာ ဇော်ဂျီနှင့် အလယ်တန်း ကဗျာများ ဝေဖန်ချက် 

တို့တိုင်းပြည် 
"ဒီကဗျာကလည်း 'အိုတက်လူတို့' ကဗျာလိုပါပဲ။ ၁၉၃၅ ဩဂုတ်လထုတ် ကြီးပွားရေး မဂ္ဂဇင်း၊ တွဲ (၃) အမှတ် (၁ဝ) မှာ ဖော်ပြထားတယ်။ မြန်မာတွေကို နိုးကြားစေချင်လို့၊ ထကြွစေချင်လို့ တပ်လှန့် ထားတဲ့ ကဗျာပါ။"

လှိုင်းကလေး သင် 

"ဒီကဗျာက ကူညီ တတ်တဲ့ သဘော ကူညီ တတ်တဲ့ စိတ်ဓာတ်ကို ချီးကျူး ထားတယ်။ ခေတ် စကားနဲ့ ကြီးကြီး ကျယ်ကျယ် ပြောရရင် ပရဟိတ စိတ်ကို ချီးကျူး တာပေါ့ကွာ။ ဘယ်က လာလို့ ဘယ်နေရာ သွားမယ်မှန်း မသိရတဲ့ လှိုင်း ကလေးက ပန်းခဲ့တဲ့ စင်ရော် ငှက်လေးကို ကမ်း အရောက် သယ်ပိုး ပေးခဲ့ တာကို ချီးကျူး ဝမ်းမြောက် မိတယ်လို့ ရေးထားတယ်။ ဒီ ကဗျာကို ၁၉၃ဝ၊ ဒီဇင်ဘာ လထုတ် တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်းမှာ ရေးခဲ့တယ်။"

အင်းလေး လူရည်ချွန် စခန်းမှာ 

"လူရည်ချွန်တွေ စပြီး ရွေးတဲ့ နှစ်ကပေါ့။အင်းလေးရဲ့ သဘာဝ အလှ၊ လူရည်ချွန် တွေရဲ့ စိတ်ဓာတ်၊ လူရည်ချွန် တွေရဲ့ လှုပ်ရှား ပုံလေး တွေကို မြင်တဲ့ အတိုင်း ရေးဖွဲ့ ထားတာ။ ဒီ ကဗျာထဲက ရေခြံဝင်း ဆိုတာ၊ ကျွန်းမျော တွေကို ဆိုချင်တာ။ အင်းသား တွေက ဒီကျွန်းမျော ပေါ်မှာ ခြံစိုက် ကြတာကိုး။ ကြာဖက်နင်း ဆိုတာ ငှက် အမည်ပဲ။ လက်သီးဆုပ် တဆုပ် စာလောက် ရှိတယ်။ ခြေတံ ရှည်ရှည်နဲ့ ခြေထောက် အစိမ်းရောင်၊ နှုတ်သီးက နီနီလေး၊ ကြာဖက်ပေါ် လျှောက်သွားလို့ ရအောင် ပေါ့ပေါ့ ပါးပါးလေး။ ဒါကြောင့် ကြာဖက်နင်း ငှက်လို့ ခေါ်တာ။" This poem is shown in 9th standard poem book in myanmar education.

ရှေးခေတ် ပုဂံပြည် 

"ဒီကဗျာကို ရေးဖွဲ့ ဖြစ်တဲ့ အကြောင်းရင်း ခံကို ပြောပြ ရဦးမယ်။ ၁၉၂၄ ခုနှစ်မှာ အမျိုးသား သပိတ်တွေ မှောက်တယ်။ ကျောင်းသူ ကျောင်းသား တိုင်းရဲ့ ပါးစပ် ဖျားမှာ ဝံသာနု စိတ် ရှိရမယ်။ မျိုးချစ်စိတ် ရှိရမယ် ဆိုတာ ခေတ်စား နေတယ်ပေါ့။ ဆရာ ကိုယ်တိုင်လည်း ဝံသာနု စိတ်အကြောင်း ၊ တိုင်းချစ် ပြည်ချစ် စိတ်ရှိရမယ့် အကြောင်း ပြောနေ တာပဲ။ ဒီတော့ ဆရာ့ အမေက 'တိုင်းချစ် ပြည်ချစ်စိတ်' ရှိရမယ် ဆိုတာက ဟုတ်ပါပြီ။ ပုဂံကို ရောက်ဖူး ရဲ့လား၊ ပုဂံကို ရောက်ဖူးမှ တိုင်းပြည် ချစ်ရမယ် ဆိုတာ ပိုပြီး သိလာမယ်။ နားလည် လာမယ်' လို့ ပြောဖူးတယ်။ ဒီ အသိလေးက ဆရာ့ ရင်ထဲမှာ စွဲနေတယ်။

တက္ကသိုလ် ရောက်လို့ ကျောက်စာကူးဖို့ လေ့လာဖို့ ပုဂံကို ခဏခဏ ရောက်လာ ရတယ်။ ပုဂံကို ရောက်တော့ အမေ့ စကားကို အမှတ် ရတယ်။ ဒီကဗျာကို ရေးဖွဲ့ ဖြစ်ပုံက ဒီလို ---

ရန်ကုန် မြို့မ ကျောင်းမှာ ဆရာ ဘဝနဲ့ (၂) နှစ်၊ (၃) နှစ် လုပ်တယ်။ နောက် မန္တလေးကောလိပ်မှာ ဆရာ အဖြစ်နဲ့ နေရတယ်။ မြို့မ ကျောင်း မှာက ရန်ပုံငွေ ရှာတဲ့ ကပွဲ ခုန်ပွဲက အမြဲ လုပ်နေ ကျကိုး။ မြို့မ ကျောင်း ကျောင်းအုပ် ဆရာကြီးက ဆရာ့ ဆီကို လှမ်း စာရေးတယ်။ ရန်ပုံငွေ ရှာပွဲ အတွက် တခုခု လုပ်ပေး ဖို့ပေါ့။ ဒါနဲ့ ဒီ ရှေးခေတ် ပုဂံပြည် ကဗျာကို ရေးပေးတယ်။ ရန်ပုံငွေပွဲမှာ ရွတ်ဖို့ပေါ့။ ဆရာ ကိုယ်တိုင် သွားနိုင်ဖို့ ကြိုးစား ပေမယ့် အထ မမြောက်ဘူး။ ဒါနဲ့ မန်းလေးသား ဆရာ့ တပည့် မောင်စံရင်က ရန်ကုန် ယူနီဗာစီတီမှာ ပထမနှစ် ဂုဏ်ထူးတန်း တက်နေ တာကိုး။ သူက အသံ လည်းကောင်း၊ အဆို အရွတ် လည်းကောင်းတော့ သူ့ဆီလည်း ဆရာ့ ကဗျာကို ရွတ်ပေးဖို့ စာရေး၊ မြို့မကျောင်း ကျောင်းအုပ်ကြီး ဆီလည်း မောင်စံရင်ကို ခေါ်ပြီး ကဗျာ ရွတ်ခိုင်းဖို့ စာရေး ရတယ်။ မောင်စံရင်ပဲ ဆရာ့ ကဗျာကို ရွတ်ဖတ် ပြဖြစ်ပါတယ်။ (၁၉၃၆) ခု၊ မေလထုတ် ဂန္ထလောက အတွဲ (၂၂)၊ အမှတ် (၁၃၆) မှာ ပုံနှိပ် ဖော်ပြ ထားပါတယ်။"

၁၉၄၈ ခုနှစ် လွတ်လပ်ရေး အတွေး 

"ဒီကဗျာက ကဗျာ လက်ရွေးစင်မှာ ပေးထားတဲ့ ကဗျာနာ မည်၊ ကဗျာ ပေါင်းချုပ်သစ် ထဲမှာတော့ '၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး နေ့တွင်' တဲ့။ ဆရာ စရေး တုန်းက '၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး နေ့တွင် အတွေး' လို့ ရေးတယ်။ ဟံသာဝတီ အထူး စာစောင် ထဲမှာ စပြီး ဖော်ပြ ခဲ့တာ။ လွတ်လပ်ရေး မပေးမီ ၁၉၄၈ ဇန်နဝါရီ (၃) ရက် ညက ဆရာတို့ ဝန်ကြီးများ ရုံးမှာ အလုပ် ရှုပ်နေတယ်။ လွတ်လပ်ရေး ကြေညာဖို့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပဲပေါ့။ ဒီအချိန်မှာ ဟံသာဝတီ သတင်းစာက ဇန်နဝါရီလ (၄) ရက်၊ လွတ်လပ်ရေး နေ့မှာ သတင်းစာ စထုတ် တာကိုး။ ဆရာ့ကို လွတ်လပ်ရေး နေ့နဲ့ ပတ်သက်ပြီး တခုခု ရေးပေးပါ ဆိုလို့ အဲဒီ '၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး နေ့တွင် အတွေး' ဆိုတဲ့ ကဗျာကို ရေးပေး လိုက်တာ။ ဇန်နဝါရီ (၃) ရက်နေ့ ည (၁၂) နာရီ ခွဲလောက် ရေးတာ ဆိုတော့ (၄) ရက်နေ့ထဲ ရောက်နေ ပြီပေါ။ ကဗျာ အဓိပ္ပာယ်က ရှင်းပါတယ်။ လွတ်လပ်ရေး ရခဲ့ ပေမယ့် အတိတ်က နိုင်ငံရဲ့ အရေးကို တွေးပြီး ရှေ့ဆက် လုပ်ရမယ့် တာဝန် တွေကို တွေးမိတယ်။ ဒါနဲ့ ဒီကဗျာကို ရေးလိုက်တယ်။"

ကမ္ဗောဇသို့ 

"၁၉၃၇ ခုနှစ်၊ မန္တလေး ဥပစာ ကောလိပ်မှာ ဆရာ လုပ်နေတုန်း။ တပေါင်းလ ကျောင်းပိတ်တော့ ဘော်ကြို ဘုရားပွဲ သွားကြတော့ ဒီကဗျာ ရေးဖြစ်တယ်။"

ပဲ့နင်း 

"ပဲ့နင်းနဲ့ ပတ်သက်ပြီး အမျိုးမျိုး ယူဆ ကြတာ။ သင်ပြ ကြတာ သိရတယ်။ ဆရာ ဒီကဗျာ မစပ်ခင်က မန္တလေး ဂေါဝိန် ဆိပ်ကမ်းကို ရောက်ခဲ့တယ်။ ဂေါဝိန် ဆိပ်ကမ်း ဘက်ကနေ ကြည့်နေတုန်း ဧရာဝတီ မြစ်ထဲမှာ လှေကလေး တစင်း လှိုင်း လေကြောင့် ဟိုလှည့် သည်လှည့် ဖြစ်နေ တာကို မြင်ရတယ်။ အမှန်က လှိုင်းလေ ကြောင့်ပါ။ စစ်ကိုင်း ဘက်မှာ နံကိုင်း၊ ဒီဘက် မှာက ရွှေကြက်ယက် ရွှေကြက်ကျ ရှိနေ တာကို ဆရာက သိနေတော့ လှေကလေးရဲ့ လှုပ်ရှားမှုကို ကြည့်ရင်း လှည့်စား တတ်တဲ့ လူတွေရဲ့ သဘောကို တွေးမိ လာတယ်။ ဒါနဲ့ 'ပဲ့နင်း' ကို ရေးဖြစ်တယ်။ ပဲ့နင်းကို ၁၉၃၆၊ ဒီဇင်ဘာလ ဂန္ထလောက၊ တွဲ (၂၂)၊ မှတ် (၁၄၃) မှာ ရေးခဲ့တယ်။"

တခုသော သင်္ကြန်ခါ 

"၁၉၃၃၊ မတ်လထုတ် ဂန္ထလောက အတွဲ (၁၇) မှာ ဖော်ပြ ခဲ့တယ်။ နွားလွှတ်ပွဲကို မြင်တော့ မြန်မာ့ စရိုက်၊ မြန်မာ့ ဓလေ့ ကိုလည်း မြင်တယ်။ နွားကြီးရဲ့ လွတ်လပ်မှု ကိုလည်း အားကျတယ်။ ဒီတုန်းက လွတ်လပ်ရေး မရ သေးတော့ လွတ်လပ် သွားတဲ့ ဘဝကို အားကျ မိတာပေါ့။ ဒါနဲ့ ဒီကဗျာကို ရေးလိုက် တာပါပဲ။"

အို တက်လူတို့ 

"၁၉၃၅၊ ဒီဇင်ဘာလ အိုးဝေ မဂ္ဂဇင်းမှာ ဖော်ပြ ခဲ့တဲ့ ကဗျာ ပါပဲ။ ရှင်းပါတယ်။ လူငယ် လေးတွေကို အားမာန်တွေ ဝင်စေ ချင်တယ်။ အနာဂတ်ရဲ့ ခေါင်းဆောင်ကြီးတွေ ရယ်လို့ သိစေ ချင်တယ်။ လူငယ်တွေ အတွက် ရေးတဲ့ ကဗျာပါ။ 'ဘော' ဆိုတာ ပါဠိစကား 'အို --- အချင်းတို့' လို့ အဓိပ္ပာယ် ရတယ်။ ဒီ 'တက်လူ တေးသံ'၊ 'အို တက်လူတို့'၊ 'သင် သေသွားသော်'၊ 'ယခုအခါ' ဆိုတဲ့ ကဗျာ လေးပုဒ်ကို ၁၉၃၅၊ ဒီဇင်ဘာ လထုတ် အိုးဝေ မဂ္ဂဇင်းမှာ စုပြီး ဖော်ပြ ခဲ့တယ်။ 'တက် လူတေးသံ' က လူငယ်တွေ တက်တက်ကြွကြွ ရှိဖို့၊ 'ယခုအခါ'နဲ့ 'သင် သေသွားသော်' တို့ ကတော့ ဆရာ့ရဲ့ အမျိုးသား စိတ်ဓာတ် ဝံသာနု စိတ်ဓာတ်ကို ဖော်ထုတ် ရေးထားတယ်။ ရှေးခေတ်က အကြောင်း တွေကို ကြွားနေ စရာ မလိုဘူး။ ယခု လက်ရှိ အခြေ အနေက အလုပ်လုပ်ဖို့၊ ကြိုးစားဖို့၊ ရွှေထီး ဆောင်းခဲ့တာ လွမ်းနေရင် စားစရာ မဲ့လိမ့်မယ် ဆိုတဲ့ သဘောမျိုး ရေးထားတယ်။ 'အို တက်လူတို့' မှာလည်း ဆွေးနေ စရာ၊ တမ်းတ နေစရာ မလိုဘူး။ အဟောင်း ပျက်သွားရင် အသစ် ပြင်ရမယ် ဆိုပြီး၊ အပြု သဘောနဲ့ တည်ဆောက်ရေး ဘက်ကို ဦးတည်ပြီး ရေးခဲ့တယ်။"

ပိတောက်ပန်း 

"'ပိတောက်ပန်း' ကဗျာ ရေးဖြစ်တာ ကတော့ ပထမနှစ် ဘီအေတန်း ကျောင်းပိတ်တော့ အိမ်ပြန် လာရတယ်။ အိမ်ခေါင်း ရင်းမှာ ပိတောက် ပင်ကြီး ရှိတယ်။ ဆရာ ကတော့ အမှတ် တမဲ့ပဲ။ မနက် အစောကြီး အိမ် ခေါင်းရင်းမှာ ဆူဆူညံညံ အသံတွေ ကြားရတယ်။ သင်္ကြန် ရက်မို့ ပွင့်နေတဲ့ ပိတောက်ပန်း တွေကို ခူးကြ၊ ချိုးကြနဲ့ကိုး။ အသံတွေ တိတ်သွားလို့ ပိတောက် ပင်ကြီးကို ကြည့်လိုက်တော့ ကိုင်းတွေက ကျိုး၊ အရွက်တွေ ကြွေနဲ့ အရုပ် ဆိုးပြီး ကျန်ခဲ့ တာကို တွေ့ရတယ်။ ဒီကနေ အတွေးတွေ ရလာတယ်။ တနှစ်မှာ တခါ ပွင့်တဲ့ ပိတောက်ကို မခူး စေချင်ဘူး။ သူလည်း သူ့ အပင်မှာ အလှဂုဏ် ဝင့်ချင် မှာပဲလို့ တွေး?
Reference from: wikipedia

Written Books

Book Review Image

သိန်းနှင့်ကျားဋီကာ

ဇော်ဂျီ