Book Image
မယ်ကျွိ
၁၉၈၅ ခုနှစ် ဖေဖော်ဝါရီလ ငါးရက်နေ့ တောင်ကြီးမြို့တွင် ဒေါ်နန်းသွယ်သွယ်ဝင်းနှင့် (ဦးလှသွင်)တို့မှ မွေးဖွားခဲ့သည်။
မွေးချင်း နှစ်ဦးတွင် အကြီးဆုံးဖြစ်သော်လည်း မိဘဘေးတွင် မနေပဲ စိတ်ဦးတည့်ရာ သွားလာနေထိုင်သည်။ 
ငယ်စဥ်က အထက (၁) တောင်ကြီးတွင် သူငယ်တန်းမှ ဆယ်တန်းထိ ဆရာဆရာမများကို ဒုက္ခပေးခဲ့သည်။ 
တိုးရစ်ဂိုက်လုပ်ချင်သည်ဟု အကြောင်းပြပြီး ပြင်သစ်ဘာသာစကားကို မန္တလေးနှင့် ရန်ကုန် နိုင်ငံခြားသာသာ တက္ကသိုလ်၊ ပြင်သစ်ယဥ်ကျေးမှုဌာနတို့တွင် ရှစ်နှစ်တာ သင်ယူခဲ့သော်လည်း အကြောင်းကြောင်းကြောင့် တိုးရစ်ဂိုက် ဖြစ်မလာပဲ လူသားချင်းစာနာမှုဟု နာမည်ခံသော အလုပ်တခုကို ၂၀၀၉ ခုနှစ်တွင် ယာယီ ဝင်ရောက်ရမှာ တခြားအလုပ်အကိုင်များ မလုပ်တတ်တော့ပဲ ထိုအလုပ်ကိုသာ အားကိုးပြီး ထမင်းစား ဘီယာသောက်နေထိုင်ရတော့သည်။ ထိုအလုပ်ကြောင့် နိုင်ငံတွင်း မြို့များတွင် ပြောင်းရွေ့နေထိုင်ရပြီး နောင်ပိုင်းတွင် နိုင်ဂျီးရီးယားနိုင်ငံ၊ တောင်ဆူဒန်နိုင်ငံတို့တွင် တာဝန်ထမ်းဆောင်ရသည်။ 
တာဝန်ပြီးဆုံးပြီး နိုင်ငံတွင်း ပြန်ရန် အခက်အခဲရှိ သဖြင့် ယူကန္တာနိုင်ငံတွင် သောင်တင်၊ စာရေး စာဖတ်ချင်ယောင်ဆောင်ပြီး ဘားသွား ဘီယာသောက်ခြင်းများ ပြုလုပ်နေထိုင်သည်။ 
ထိုနောက် ငွေကြေးကုန်ခမ်း သဖြင့် ယခုအခါ အီရက် (Iraq) နိုင်ငံ Erbil မြို့တွင် အလုပ်လုပ် ငွေရှာနေရပြန်သည်။​ 
အကြောင်းအရင်းမှာ ဟန်ဆောင်စာရေးသားခြင်းဖြင့် လူလူသူသူနေမရ သဖြင့် ဖြစ်သည်။ 
၂၀၁၇ခုနှစ် ဝင်းကျင်တွင် လာအို၊ ကမ္ဘာဒီယား၊​ ထိုင်းနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းပြီး ပြင်သစ်ဘာသာစကားဖြင့် ထုတ်ဝေသောကဗျာစာအုပ်တွင် ကဗျာတပုဒ် ဖော်ပြခံရသည်။ 
၂၀၁၈တွင် ကိုယ်တွေ့အဖြစ် တခုကို အခြေခံသည့် လေးနှစ် လေးလ အမည်ရှိ ဝတ္တုတိုကို ဗြူးတီးမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခံရပြီး ယင်းဝတ္တုကို စာသမားဂရုအမှတ်တရ အဖြစ် မဟာစာပေမှ ပုံနှိပ်ထုတ်ဝေသည့် စာအုပ်တွင် ပြန်လည် အသုံးပြုခဲ့သည်။ 
ဖေ့ဘုတ်စာမျက်နှာများပေါ်တွင် အက်ဆေးများ၊ စာအုပ်အညွန်းများ၊ ဂီတအညွန်းများကို ရေးသားရာမှ လူအများက ဖတ်ကောင်းသည် မှတ်ချက်ပေးကြရမှာ မိမိကိုယ်ကိုယ် အထင်အနည်းငယ်ကြီးလာပြီး ဟန်ဆောင်စာရေးသားခြင်းများ ပြုလုပ်လာမိသည်။ ဟန်ဆောင် စာရေးသားခြင်းဖြင့် ဘာသာပြန်စာအုပ် အနည်းငယ်ကို ထုတ်ဝေနိုင်ခဲ့သည်။ 
ထိုများမှာ မဟာစာပေမှ 1Q84 (ပထမပိုင်း)၊ ကံကော်ဝတ်ရည်မှ ရွက်ကြွေ၊ မြစ်ပြင်တကြော လွင့်လို့မျော.. (ကလေးစာပေ)၊ ရေမင်းသမီး (ကလေးစာပေ)၊ Exit မှ တင်တင် စွန့်စားခန်းများ (ငါးအုပ်) တို့ဖြစ်သည်။ 
ဆက်လက်ပြီး စာရေးသယောင်ယောင် စာဖတ်သယောင်ယောင် သေသည်အထိ ဆက်လုပ်သွားရန် အစီအစဥ်ဆွဲထားသည်။

၂၀၂၂ - နာဂိုဒေး မိုင်ဒူဂူရီ



Reference from: facebook

Written Books

Book Review Image

မြစ်ပြင်တကြော လွင့်လို့မျော

မယ်ကျွိ
Book Review Image

နာဂိုဒေး မိုင်ဒူဂူရီ

မယ်ကျွိ