ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်၏ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မြန်မာအမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အသက်အရွယ်နှင့် မလိုက်အောင် အလုပ်လုပ်သော ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုကြသည်။ ပြီးခဲ့သည့် နှစ် ၂၀ အတွင်း ၁၅ နှစ်ကျော်ကြာ နေအိမ် အကျယ်ချုပ် ကျခံခဲ့ရသူ ဖြစ်သည်။ ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးသမ္မတဖြစ်ခွင့် ရှိခဲ့သော်လည်း၊ စစ်အစိုးရမှ ထိုရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ပေ။၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ညနေ၅နာရီ ၁၅ မိနစ်တွင် နေအိမ်အကျယ်ချုပ်မှ သက်တမ်းပြည့်သဖြင့် လွတ်မြောက်လာသည်။၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ကိုယ်စားလှယ်အမတ်ဖြစ်လာသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ခုနှစ်တွင် ရွပ်ဖ်တိုဆု နှင့် လွတ်လပ်စွာစဉ်းစားတွေးခေါ်မှုအတွက် ပေးအပ်သော စက်ခါရော့ဗ်ဆု တို့ကို ချီးမြှင့်ခြင်းခံခဲ့ရပြီး၊ ဖိနှိပ်ချုပ်ချယ်သည့် စစ်အစိုးရ လက်အောက်တွင် အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုကြောင့် ၁၉၉၁ ခုနှစ်၌ နိုဘဲလ် ငြိမ်းချမ်းရေးဆုကိုလည်း ရရှိခဲ့သူဖြစ်သည်။ နိုဘဲလ်ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁.၃သန်းကိုလည်း မြန်မာပြည်သူများ၏ ပညာရေး နှင့် ကျန်းမာရေးအတွက် ရံပုံငွေမတည်နိုင်ရန် လှုဒါန်းခဲ့သူလည်းဖြစ်သည်။ သူသည် နေ့စဉ် တရားထိုင်လျက်ရှိကာ ခြေလေးချောင်းသားများကိုရှောင်ပြီး ပင်လယ်စာကြိုက်သည်။ ကိုယ်အလေးချိန်မှာ ၁၀၆ ပေါင်ရှိပြီး၊ အသားအရည် ထိန်းသိမ်းခြင်းနှင့် ပတ်သတ်ပြီး အလှပြင်ဆိုင်သို့သွား၍ အထူးတလည် ထိန်းသိမ်း ပြုလုပ်ခြင်းမရှိဘဲ သာမာန်မိန်းကလေးများ ပြုလုပ်သည့် အသားအရည်ထိန်းသိမ်းသည့် နည်းလမ်းများသာ အသုံးပြုသည်ဟုဆိုသည်။ကမ္ဘာကျော် ဖော့ဘ်စ် (Forbes)မဂ္ဂဇင်းမှ ရွေးချယ်သည့် ကမ္ဘာ့ဩဇာအရှိဆုံးအမျိုးသမီးများ ၁၀၀ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား နံပါတ် ၁၉ တွင် ဖော်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ပါဝင် ရေးသားတည်းဖြတ်ခဲ့သည့် စာအုပ်များမှာ-