ဖတ်ကြည့်စေချင်ပါတယ်။ ကျွန်တော် အိပ်ယာဘေးမှာ ထားပြီး မကြာခဏဖတ်ဖြစ်တဲ့စာအုပ်ပါ။
စာအုပ်ကို စ ကိုင်ဖြစ်လိုက်တုန်းကတော့ ဘာရယ်မဟုတ်ပါဘူး။ အောင်ဆန်းစုကြည် ဆိုတော့ စာရေးကောင်းမယ်၊ သူရေးတဲ့ စာအုပ်ဆိုတော့ ဖတ်ရသူအဖို့ တခုခုတော့ အကျိုးရှိမှာ ဆိုတာလောက်ပဲ တွေးမိတာပါ။
ဖတ်မိလိုက်တော့ စာအုပ်ကပေးလိုက်တဲ့ အတွေးအမြင်တွေဟာ ဦးနှောက်ထဲကို အလင်းသစ်တွေ ရသလို နှလုံးသားကိုလည်း အင်အားအသစ်တွေ ဖြစ်စေတာ သတိပြုမိပါတယ်။
သူ့စာအုပ်အထဲက အတိုင်း လိုက်လုပ်ကြည့်တော့ ပြသနာတွေကို သိမ်သိမ်မွေ့မွေ့နဲ့ အောင်အောင် မြင်မြင် ဖြေရှင်းနိုင်တာတွေ့ရပါတယ်။
စာအုပ်ထဲမှာ ဘာတွေ ရေးထားပါသလဲ။
ဖြန့်ကျက် ကြည့်ရှုခြင်း ဆိုတဲ့အခန်း၊ အစာမျက်နှာ (၁၅) မှာ
သံတမန် ပရိယာယ်ဆိုသည်မှာ သင်လုပ်လိုသည့်အလုပ်ကို တဖက်သားအား လုပ်ခွင့်ပေးလိုက်ခြင်းပင်ဖြစ်၏။
လို့ အီတလီသံတမန် ဒန်နီရယ်ဝါး ရဲ့ အဆိုအမိန့်နဲ့ စ ဖွင့်ထားပါတယ်။
သင့်စကားကိုလုံးဝနားမထောင်ဘဲ သူပြောလိုရာပြောနေသူနဲ့ ဘယ်လိုဆွေးနွေးရမလဲ။
သူလိုချင်တဲ့ အချက်ကိုမရလျှင် စိတ်ဆိုး၊ စိတ်ကောက်တတ်သူနဲ့ ဘာဆက်လုပ်မလဲ။
ငါပြောသလိုလုပ် မလုပ်နိုင်လျှင်သွားတော့ လို့ဆိုလျှင် တကယ်ပဲ ထပြန်ရတော့မလား။
ဒါမှမဟုတ်
သင်ဆွေးနွေးနေစဉ်တလျှောက်လုံး သင်ပြောသမျှကို ကြားဖေါက်ပြီး နှောက်ယှက်တတ်သူများ၊
သင့်ကိုစိတ်မချရ အရည်အချင်းမမီဟု စွပ်စွဲနေသူများ၊
ဆွေးနွေးနေရသည်ပင် သင့်အပြစ်ကြောင့် ဖြစ်သည်လို့ ထင်အောင်လုပ်နေသူများ၊
သင်ကသာ အလျှော့မပေးလျှင်တော့ပြဿနာ အကြီးအကျယ်တက်ပြီ လို့ ခြိမ်းခြောက်နေသူများကို ဘယ်လိုကိုင်တွယ်ရမလဲ။
အချက်အလက်အမှားတွေ ဒါမှမဟုတ် လိမ်လည်ထားတဲ့ အထောက်အထားတွေကိုသုံးနေသူ၊ သဘောတူညီချက်တခုခုရခါနီးမှ မဖြစ်နိုင်တဲ့တောင်းဆိုချက်တွေကိုတင်ပြသူ၊ အဓိပ္ပာယ်မရှိ အချိန်ဆွဲသူ ဒါမှမဟုတ် ဆွေးနွေးဖို့ မျက်စိမှိတ်ငြင်းဆန်နေသူများနဲ့ ဘယ်လို ဆွေးနွေးရမလဲ။
စတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို ရှာဖွေ ဖို့ အထောက်အကူအများကြီးရပါတယ်။
တစ်စုံတစ်ယောက်က ကိုယ်ကိုတိုက်ခိုက်လာလျှင် ပြန်လည်တိုက်ခိုက်တတ်တာဟာ လူ့သဘာဝဖြစ်ပါတယ်။
ဒီလိုတုန့်ပြန်မှုကို မထိမ်းနိုင်လျှင် အချီအချစိန်ခေါ်မှု၊ အော်ဟစ်ဆူပူမှု၊ တွေတဆင့်ပြီးတဆင့် တက်ခါ နောက်ဆုံး တစ်ယောက်ကို တစ်ယောက် စစ်ကြေညာတဲ့အထိ ဖြစ်သွားတတ်ပါတယ်။
တုန့်ပြန်မှုကြောင့် အဲဒီလို စစ်ပွဲငယ်မှာ အနိုင်ရလျှင်လည်း စစ်ပွဲကြီးတခုလုံးမှာ ဆုံးရှုံးတတ်ပါတယ်။
ကျွန်တော်တို့ သတိပြုရမှာက အဲဒီလို တိုက်ခိုက်လေ့ရှိသူတွေဟာ တဦးကိုတစ်ဦး ချေမှုန်းလိုစိတ် ပြင်းပြကြသလို အတိုက်အခိုက် အတို့အထောင်ကျွမ်းကျင်သူတွေဖြစ်တတ်တယ်လို့ဆိုပါတယ်။
သူတို့ဟာ တိုက်ခိုက်လာမှာကိုမျှော်လင့်ထားသူတွေဖြစ်တတ်ပြီး သူတို့ကို ပြန်လည်တိုက်ခိုက်တာနက် တပြိုင်ထဲ သူတို့အကွက်ထဲဝင်သွားတတ်တယ်။ ဒါကြောင့်ပြန်မတိုက်ဖို့ တနည်းပြောရရင် မတုန့်ပြန်တဲ့ နည်းလမ်းကိုရွေးဖို့အကြံပြုထားပါတယ်။
သို့သော် တုန့်ပြန်ခြင်းရဲ့ဆန့်ကျင်ဘက် အလျှော့ပေးခြင်းကို သုံးလိုက်လျှင် တဖက်လူက ပိုမိုကန်းတက်လာတတ်ပါတယ်။ ကျားတစ်ကောင်ကို အစာကြွေးမိသလို နောက်ဆုံး မိမိကိုယ်တိုင် ကျားစာဖြစ်တတ်ပါတယ်။
အဲဒီလိုအခြေအနေမျိုးရောက်တဲ့အခါ နောက်ထပ်နည်းလမ်းတခုဖြစ်တဲ့ အဆက်ဖြတ်ခြင်း နည်းလမ်းကိုသုံး ကြည့်သင့်ပါတယ်။ မကြာခဏ တိုက်ခိုက်ရတဲ့အခြေအနေမှာ ဒီနည်းလမ်းဟာ အကောင်းပါ။ ဒါပေမယ့် အဲဒီနည်းလမ်းမှာလည်း အားနည်းချက်ရှိပါတယ်။ တခြားမဟုတ်ပါဘူး။ အဲဒီနည်းလမ်းကိုသုံးလျှင် မကြာခဏ အစ ကနေပြန်ပြန် စ နေရတတ်ပါတယ်။
အရေးကြီးတာက မိမိရဲ့မူလရည်မှန်းချက်ကို ပျောက်မသွားဖို့ပဲ ဖြစ်ပါတယ်။
ကျွန်တော်အခုရေးပြနေတာတွေဟာ အဲဒီစာအုပ်ကရတဲ့ အကြံဉာဏ်တွေဖြစ်ပြီး လက်တွေ့ သုံးရာမှာ အလွန်ထိရောက်ပါတယ်။
ဒီစာအုပ်ဟာ အနိုင်ယူရေး နည်းလမ်းတွေကိုညွှန်ပြထားတာမဟုတ်ပါဘူး။
အရှုံးပေးရေးလမ်းကြောင်းကိုလည်း လိုက်ဖို့ အကြံပြုထားတာမဟုတ်ပါဘူး။
လာရာလမ်းမတူတဲ့ သူတွေ ဦးတည်ချက်မတူတဲ့ သူတွေ၊ စရိုက်မတူတဲ့သူတွေ၊ အကျိုးစီးပွားမတူတဲ့သူတွေ ဘယ်လိုညှိနှိုင်း အဖြေရှာမလဲ ဆိုတာကို ညွှန်ပြကူညီတဲ့ စာအုပ်တအုပ်သာဖြစ်ပါတယ်။
မှန်ကန်တဲ့နည်းလမ်းနဲ့ မှန်ကန်တဲ့ ပန်းတိုင်ကို ဘယ်လိုသွားမလဲဆိုတာ အကြံပြုထားတဲ့စာအုပ်ပါ။
ဒီစာအုပ်ဟာ သာယာတဲ့အိမ်ထောင်ရေးတည်ဆောက်ရာမှာ အသုံးဝင်သလို ပျော်ရွှင်အောင်မြင်တဲ့ လုပ်ငန်းခွင်တည်ဆောက်ရာမှာလည်း အသုံးတည့်ပါတယ်။ ဒါတင်မက သေးပါဘူး ငြိမ်းချမ်းတဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာလည်း အရေးပါတဲ့ စာအုပ်တစ်အုပ်ပါ။
လက်ရှိမြန်မာ့ နိုင်ငံရေးလေ့လာသူ တစ်ယောက် ဖြစ်မယ်ဆိုရင် ဒီစာအုပ်ကို ဖတ်ရင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးနည်းဗျူဟာတွေကို ရိပ်စားမိနိုင်ပါတယ်။
စာအုပ်ရဲ့နောက်ဆုံး စာမျက်နှာ (၁၇၆) က ဆန့်ကျင်ဖက်မှ မိတ်ဖက်သို့ ဆိုတဲ့အခန်းမှာ
‘ကျွန်တော်ရဲ့ ရန်သူတွေကို မိတ်ဆွေဖြစ်အောင်လုပ်နိုင်ရင် ကျွန်တော့်ရန်သူတွေ ကျေပျက်သွားတာပဲ မဟုတ်လား’
ဆိုတဲ့အမေရိကန်သမ္မတကြီးလင်ကွန်းရဲ့ မိန့်ခွန်းနဲ့အဆုံးသတ်ထားပါတယ်။
ဖတ်ဖြစ်အောင်ဖတ်စေချင်ပါတယ်။ ကျွန်တော်ကတော့ ခဏ ခဏ ဖတ်ဖြစ်တယ်။ ဖတ်တိုင်းလည်း အတွေးသစ် အမြင်သစ်တွေ နည်းလမ်းကောင်း အသစ်တွေရပါတယ်။
သားကြီးမောင်ဇေယျ
(၁၅-၄-၂၀၁၇)