ဒီအချိန်မှာ ဒီလိုကာလနဲ့ကိုက်ညီတဲ့ စာအုပ်လေး တစ်အုပ်ကို ညွှန်းချင်ပါတယ်။
အရေးအသားပိုင်နိုင်လွန်းတဲ့ လူငယ်စာရေးဆရာလည်း ဖြစ်တဲ့ ဆရာမင်းသေ့ရဲ့ နိုင်ငံရေးဖတ်စာ ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။
နိုင်ငံရေးစာအုပ်ဆိုရင် လူငယ်တွေက သိပ်စိတ်မဝင်စားတတ်ကြပါဘူး နိုင်ငံရေးသမားတွေ လူကြီးတွေနဲ့သာ ဆိုင်တယ်လို့ထင်တတ်ကြပါတယ်။
အမှန်တကယ်တော့ ဒီထဲမှာနိုင်ငံသားအားလုံးနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို တွေ့ကြရမှာပါ။
၂၀ရာစု၂၁ရာစုဟိုဘက်ခေတ်နဲ့ ဒီဘက်ခေတ်ရဲ့ဖြစ်ပျက်ပြောင်းလဲတွေကို ရဲရဲတင်းတင်းဝေဖန် ထောက်ပြထားပါတယ်။
ဆန္ဒမဲပေးလိုက်ပြီးရင် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ဟာ ပြီးဆုံးသွားပြီဟု ထင်နေသူများ ပြည်သူ
က တို့တာဝန်ကျေပြီ အခုအစိုးရလုပ်တာကိုပဲ တို့စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရတော့မယ်လို့ထင်နေသူများ ဖတ်သင့်ပါတယ်။
အမေရိကန်သမ္မတတစ်ယောက် တက်လာလျှင် လေ့လာဆန်းစစ်သူများက ထိုသမ္မတဘေးမှာ ဘယ်လိုလူတွေနဲ့ဝန်းရံထားသလဲကို ကြည့်တတ် ကြတယ်ဟု နှိုင်းပြထားပုံလေးကို သဘောကျမိသည်။
အစိုးရညံ့လျှင် တိုင်းပြည်ညံ့သည် ပြည်သူညံ့လျှင် အစိုးရညံ့သည် ပြည်သူသည် သူနှင့်တန်သည့်အစိုးရကိုရသည်ဟု အုပ်ချုပ်သူအစိုးရနှင့် အုပ်ချုပ်ခံပြည်သူရဲ့ အရေးပါပုံကိုလည်း ထိထိမိမိရေးသားထားသည်။
ဘယ်သူအုပ်ချုပ်မှာဆိုတာထက် ဘယ်လိုအုပ်ချုပ်မှာလဲဆိုတာ ပိုအရေးကြီးကြောင်း မြန်မာပြည်
မှာ မအုပ်ချုပ်တတ်တဲ့အစိုးရနဲ့ အတိုက်အခံမလုပ်တတ်တဲ့ အတိုက်အခံတွေကို တွေ့နေရကြောင်း ဒီမိုကရေစီအရွေ့ရဲ့ အားနည်းချက်များကိုလည်း ဟိုဘက်သည်ဘက် မယိမ်းဘဲ တည့်တည့်မတ်မတ် ထောက်ပြထားသည်။
အုပ်ချုပ်သူနှင့် ပြည်သူ အာဏာရှင်နှင့် အိုင်ဒီယာသမား အစိုးရနှင့် ပညာရေး ပြည်တွင်းစစ်နှင့်တိုင်းရင်းသားလူမျိုးစုများရဲ့ ဘက်ပေါင်းစုံ ပြဿနာများကို ထင်းခနဲ မြင်သာအောင် ရေးတတ်သည်။
မြန်မာ့သမိုင်းနှင့်ယှဉ်ကာ ကမ္ဘာ့အခင်းရောမြန်မာ့အခင်းကိုပါ အနီးကြည့် အဝေးကြည့် ရှုထောင့်စုံမှ ရေးသားထားသည်။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ခေတ် နှင့်လျော်ညီသော လက်တွေ့အသုံးချနိုင်စရာများကိုပါ သုံးသပ်ပြသွားသည်။
သာမန်နိုင်ငံရေးစိတ်မဝင်စားသူများပါ ဖတ်ချင်လာအောင် အရေးအသား ထိမိလွန်းသည်။ ကိုယ်ကကိုယ့်နိုင်ငံရဲ့ ဘယ်နေရာ၊ ဘယ်ကဏ္ဍမှာ ဘယ်လိုပါဝင်နေလဲ ဆိုတာပါ တွေးမိလာစေတဲ့ စာအုပ်ကောင်းတစ်အုပ်လို့ဆိုရင် လည်းမမှားပါဘူး။
#Shin_Min_Thar
Publisher Name: ပန်းရွှေပြည်စာအုပ်တိုက်
Publisher Address: အမှတ် ၃၃၄၊ ၈ လမ်း၊ ၁၁ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
Publisher Phone Number: 09 73079964 , 09 5181715 , 09 5145728