ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာအကြောင်းကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေချိန်၊ ဒေါ်အောင်ဆန်းစုကြည် ICJ တရားရုံးကို သွားရင်ဆိုင်ခါနီးမှာ ထွက်လာတဲ့ စာအုပ်ဖြစ်တဲ့အတိုင်း ကမ္ဘာ့ကျော်သတင်းစာကြီးတွေက စာအုပ်အညွှန်း ရေးသားခံရတယ်။ လူသိပ်မသိတဲ့သမိုင်း (လျှို့ဝှက်သမိုင်း) ကိုပါ သိထားမှ မြန်မာနိုင်ငံအကြောင်းကို တကယ်သိနားလည်မယ်လို့ မပြောသော်လည်း ပြောထားတဲ့ စာအုပ် ဖြစ်တယ်။ ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ပြင်ပကမ္ဘာက ပိုနားလည်နိုင်စေမယ့် စာအုပ်ဖြစ်တယ်။
၂၀၁၂၊၂၀၁၃နှစ်တွေဟာ မြန်မာနိုင်ငံသမိုင်းတစ်လျှောက် ကမ္ဘာ့အလယ်မှာ ရေပန်းအစားဆုံးနှစ်တွေဖြစ်ခဲ့ပြီး နိုင်ငံရေးလွတ်လပ်မှုတွေနဲ့အတူ မြန်မာတွေလည်း စိတ်ဓာတ်တက်ကြွ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ တရစပ်စိတ်ဝင်စားကြ၊ စီးပွားရေးလည်း တက်လာရာကနေ ၂၀၁၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်လည်း တက်လာရော နောက်တစ်ဆင့်တက်ပြီး တက်စုံရွက်ကုန်လွှင့်တော့မယ်လို့ ပြည်တွင်းရော ပြည်ပကပါ မျှော်မှန်းခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာတော့ မြန်မာဟာ တပ်မတော် အစိုးရလက်ထက်လောက်က နီးနီး နိုင်ငံတကာအပယ်ခံ ပြန်ဖြစ်လာတယ်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်း လျော့သွားတယ်၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် စိတ်ဓာတ်ကျစရာတွေက ပိုများသလို ဖြစ်လာတယ်။ မြန်မာ့ ဒီမိုကရေစီတည်ဆောက်ရာမှာ ကပြောင်းကပြန် ဒီလိုဖြစ်ရတာဟာ ဘာ့ကြောင့်လဲဆိုတာ ဒေါက်တာသန့်မြင့်ဦးက အဖြေရှာထားတယ်။
အဖြေက သူ့စာအုပ်ခေါင်းစဉ်မှာကို ပါပါတယ်။ စာအုပ်နာမည် ဖြစ်တဲ့ the Hidden history of Burma ခေါင်းစဉ်ခွဲဟာ Race, Capitalism and the crisis of democracy in the 21st Century ဆိုတဲ့အတွက် အဓိက စကားလုံးနှစ်လုံးက race နဲ့ capitalism ဖြစ်တယ်။ race လို့ပြောပေမယ့် race နဲ့ identity ပါ။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ပေါ်ပေါက်ခဲ့တာကနေ ကနေ့ ရခိုင် ပြဿနာထိ အားလုံးဟာ race (လူမျိုး) နဲ့ identity (ကိုယ်ဘယ်သူလဲ) ကိစ္စ မဖြေရှင်းနိုင်လို့လို့ ဒေါက်တာ သန့်မြင့်ဦးက ပြောပါတယ်။ Race နဲ့ identity ပြဿနာဟာ ကိုလိုနီစနစ်ကနေ မြစ်ဖျားခံတယ်။ ဗြိတိသျှတွေဟာ အမြဲပြောင်းလဲနေတဲ့ နိုင်ငံရေးမြေမျက်နှာသွင်ပြင်ကို သိမ်းယူလိုက်တာဖြစ်ပေမယ့် မြန်မာနိုင်ငံကို သုံးပိုင်းပိုင်းပြီး သုံးမျိုးသုံးစား အုပ်ချုပ်တဲ့အတွက် နောင်နိုင်ငံ တည်ဆောက်ရေးကို အဟန့်အတားဖြစ်စေတဲ့ အက်ကြောင်းကြီးတွေ ပေါ်လာခဲ့တယ်လို့ ဗြိတိန်နိုင်ငံ နာမည်ကျော် Cambridge တက္ကသိုလ်ကနေ ပါရဂူဘွဲ့ရခဲ့ပြီး Cambridge မှာ သင်ကြားပို့ချပေးခဲ့တဲ့ ဒေါက်တာ သန့်မြင့်ဦးက ရေးထားတယ်။
ကနေ့ခေတ် ဘယ်သူတွေကို တိုင်းရင်းသားသတ်မှတ်မလဲကိစ္စက ဗြိတိသျှခေတ်မှာကတည်းက စခဲ့တာကို ပြောထားတယ်။ ဗြိတိသျှခေတ် ၁၉၂၁ လူဦးရေစစ်တမ်းမှာ မြန်မာနိုင်ငံရဲ့ Indigenous Races (ကနေ့ခေတ်မှာ တိုင်းရင်းသား ခေါ်မှာပေါ့) ၁၅ ခုကို ဖော်ပြထားတယ်။ ကျန်တာတွေကတော့ Indigenous Races မဟုတ်ဘူးပေါ့။
မြန်မာကို လာတဲ့ အိန္ဒိယသားတွေဟာ ယဉ်ကျေးမှု မြင့်မားသူတွေအဖြစ် မြန်မာတွေက အရင်က လေးစားခဲ့ပေမယ့် ကိုလိုနီခေတ်မှာ အိန္ဒိယက သန်းပေါင်းများစွာ ရွှေ့ပြောင်းလာတဲ့အတွက် အိန္ဒိယသားတွေကို မုန်းကုန်ရာက နိုင်ငံခြားသားတွေအားလုံးကို ခေါ်တဲ့ ‘ကုလား’ အသုံးအနှုန်းကို အိန္ဒိယသားတွေကိုပဲ ခေါ်ကြတော့တယ်။ မြို့တော်ရန်ကုန်က အိန္ဒိယမြို့လို ဖြစ်လာတာလည်း ပါတာပေါ့။
ပြီးတော့ ဗြိတိသျှကိုလိုနီခေတ်မှာ ဗမာတွေဟာ အောက်ဆုံးမှာ ရှိနေပြီး ထိပ်ဆုံးမှာ အင်္ဂလိပ်အပါအဝင် ဥရောပသားတွေက ရှိနေတယ်။
အပေါ်ကအချက်တွေကို ကြည့်လိုက်ရင် ‘ဗြိတိသျှတွေ စစ်တိုက်သိမ်းလိုက်တဲ့အတွက် မြန်မာဟာ နိုင်ငံအဖြစ် တစ်စုတစ်စည်းတည်း ပေါ်လာတယ်၊ အဲဒီနိုင်ငံဟာ လူမျိုးရေးထက်အောက်ကွဲပြားတဲ့စနစ် racial hierarchy အဖြစ် အရွယ်ရောက်လာတယ်။’ ‘Burma was born as a military occupation and grew up as hierarchy’. Racial Hierarchy ကို မြန်မာတွေက မခံနိုင်ရာကနေ Race နဲ့ identity ကိစ္စတွေ မြန်မာနိုင်ငံမှာ ဖြစ်ထွန်းလာတာ ကနေ့အထိပဲ။
ဒီမိုကရေစီစနစ် ဖြစ်ထွန်းလာတာဟာ Race နဲ့ identity ကို ပြန်မီးမွှေးပေးလိုက်သလိုပဲ။
Race နဲ့ identity ကိစ္စဟာ ၂၀၁၁ နောက်ပိုင်းမှာ ပြန်ခေါင်းထောင်ထလာတာကို ကမ္ဘာမှာရော မြန်မာကပါ သတိမထားမိလိုက်တဲ့အတွက် ၂၀၁၆ နောက်ပိုင်းမှာ မြန်မာဟာ တိုးတက်ရမယ့်အစားဆုတ်ယုတ်သွားတာကို နားမလည်ဘဲ မျက်စိလည်သွားကြတာ။ ၂၀၁၉ ခုနှစ်မှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းတွေအားလုံးဟာ လူမျိုးအစွဲတွေကို အခြေခံထားတာ ပိုများလာတယ်။ လူမျိုးရေး အခြေမခံဘဲ၊ မြန်မာနိုင်ငံမှာ နေထိုင်သူအားလုံးကို လက်ကမ်းကြိုတဲ့စနစ် မတည်ဆောက်နိုင်သေးသမျှ နိုင်ငံ့အနာဂတ်ဟာ မသေချာမရေရာ ဖြစ်နေမှာပါပဲလို့ ဒေါက်တာ သန့်မြင့်ဦးက ဆိုထားတယ်။
Race နဲ့ identity ကပဲ လက်ရှိ မြန်မာ့အဓိကပြဿနာတော့ မဟုတ်ပါဘူး။ နောက်ထပ် လက်သည် ကျန်ပါသေးတယ်။ capitalism အရင်းရှင်စနစ်ပါတဲ့။ ဆိုရှယ်လစ်ခေတ်ပြီးသွားတဲ့ နောက်ပိုင်းမှာ ခရိုနီမောင်းနှင်တဲ့၊ ခြစားတဲ့ အရင်းရှင်စနစ်ကနေ မြန်မာနဲ့ သင့်လျော်တဲ့ အရင်းရှင်စနစ်ကို သွားဖို့ လိုတယ်တဲ့။ ကနေ့အစိုးရသွားနေတဲ့ neoliberalism က လွတ်လပ်တဲ့ ဈေးကွက်ကိုပဲ ကြီးစိုးဖို့လွှတ်ထားပြီး အစိုးရက ဦးဆောင်တဲ့ စီးပွားဖွံ့ဖြိုးရေးကို ရွံမုန်းတဲ့ အရင်းရှင်စနစ်။ neoliberalism က inequality ဆင်းရဲချမ်းသာကွာဟမှု ကြီးထွားလာစေတယ်။ capitalism ဆိုရာမှာ မြန်မာ့နိုင်ငံရေးဘောဂဗေဒကို နားမလည်ဘဲ၊ မဖြေရှင်းနိုင်ဘဲ ဈေးကွက်စီးပွားရေးဆိုပြီး သွားရုံနဲ့တင် မရဘူးလို့ သူက ရေးတယ်။ မြန်မာ့နိုင်ငံရေးဘောဂဗေဒဆိုရာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးယူအပြီး ကြီးထွားလာတဲ့ မြန်မာရဲ့ စာရင်းမဝင်အင်းမဝင်စီးပွားရေး၊ ကျောက်စိမ်း ကျောက်မျက်မှောင်ခိုစီးပွားရေးတွေနဲ့ မြို့ပေါ်စီးပွားရေးတွေ၊ နိုင်ငံရေး player တွေ အချိတ်အဆက်ကို ဆိုလိုတာ။ မြန်မာ့နည်း မြန်မာ့ဟန် ဈေးကွက်စီးပွားရေးက တခြားနိုင်ငံတွေမှာလို မဟုတ်ဘဲ အဲဒီဘက်ကို ရောက်သွားတယ်ပေါ့။
သူအရင်ရေးခဲ့တဲ့ River of lost footsteps မှာလိုပဲ အပြင် သမိုင်းနဲ့ သူ့သမိုင်း (သူ့အတွေ့အကြုံ) ကို ပညာရပ်နောက်ခံနဲ့ ရောမွှေ ရေးထားတဲ့အတွက် ဖတ်ကောင်းတယ်။ ဒီစာအုပ်က ၂၀၀၇ ကနေ ၂၀၁၉ အတွင်း သူ မြန်မာနိုင်ငံမှာ အခြေချနေထိုင်စဉ်အတွင်း အတွေ့ အကြုံတွေနဲ့ သမ္မတဦးသိန်းစိန်၊ ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်း၊ စီးပွားရေးဝန်ကြီး ဦးစိုးသိန်း၊ တပ်မတော်အစိုးရလက်ထက် နံပါတ် ၃ အရင်အစိုးရလက်ထက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း စတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေကို အခြေခံထားတယ်။
ဒေါက်တာသန့်မြင့်ဦးက အပြင်လူလည်း ဖြစ်၊ အတွင်းလူလည်း ဖြစ်တဲ့အတွက် သူ့ အမြင်တွေက ထူးခြားတယ်။ အပြင်လူဖြစ်တာကတော့ သူက ပြည်ပမှာမွေးပြီး ပြည်ပမှာ အနေကြာလို့။ အတွင်းလူဆိုတာကတော့ လူကြီးပိုင်းတွေနဲ့ အလုပ်တူတူတွဲလုပ်ခဲ့လို့။
နောက်ဆုံးပြောရရင် Race နဲ့ identity ၊ capitalism ကြောင့်ဖြစ်လာတဲ့ inequality အပြင် climate change ဟာလည်း မြန်မာအတွက် အန္တရာယ်ပါ။ စာအုပ်နာမည်ထဲမှာ ထည့်ရေးမထားပေမယ့် အဲဒါကလည်း သူစိုးရိမ်တဲ့ အကြောင်းအရာ နောက်တစ်ခုပါ။ စာအုပ်ရဲ့ နေရာအနှံ့မှာ climate change ကို တွေ့ရတယ်။ အဲဒီ သုံးခုပေါင်းရင် မြန်မာက failed state ‘ကျရှုံးနိုင်ငံ’ ဖြစ်သွားနိုင်တဲ့အတွက် အမြင်ကျယ်ကျယ်နဲ့ စီမံကိန်းသစ်ဖော်ဆောင်သင့်ပြီလို့ ဒေါက်တာ သန့်မြင့်ဦးက သတိပေးထားတယ်။
@ The Voice Journal Dec 7, 2019