Book Image

တော်လှန်မှုများထဲက ဗမာပြည်

စည်​သူ​ကျော်​

ဘားတဲလ် လစ်တနာလို့ ပြောလိုက်တာနဲ့ ဆွီဒင်လူမျိုး မြန်မာ့အရေးကျွမ်းကျင်သူ သုတေသီတဦး ဖြစ်ပြီး အရှေ့ဖျား စီးပွားရေး ဂျာနယ် သတင်းထောက် အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူ၊ လက်ရှိ အချိန်မှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆောင်းပါးပေါင်း မြောက် မြားစွာ ရေးသားခဲ့သူ အဖြစ် လူသိများသလို သူရေးသားပြီး မြန်မာ ပြန်ဆို ထုတ်ဝေခဲ့ပြီး စာ အုပ်တွေ ဖြစ်တဲ့ ဒေါမာန်ဟုန်၊ ဗမာပြည် ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နဲ့ နေဝင်ချိန်၊ ကျောက်စိမ်းမြေ စတဲ့ စာအုပ်တွေကိုလည်း မြန်မာ စာဖတ် ပရိတ်သတ်တွေ သဘောတွေ့ခဲ့ကြ ပါတယ်။ ဘားတဲလ်ရဲ့ ထူးခြားချက်ကတော့ အခြားသော မြန်မာ့ အရေး ကျွမ်းကျင်သူတွေလို မြန်မာပြည်ကို ပြင်ပကမ္ဘာကနေ လှမ်းမျှော်ကြည့်သူမျိုး မဟုတ်ဘဲ မြန်မာပြည်က ဝေးလံ ခေါင်ဖျား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နေတဲ့ဒေသတွေကို ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံ သွားရောက်ပြီး တွေ့ဆုံမေးမြန်း လေ့လာသုံးသပ်တဲ့ အပြင် ပညာရှင်ပေါင်း မြောက်မြားစွာရေးတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စာအုပ်ပေါင်းများစွာကိုလည်း နှံ့နှံ့စပ်စပ် ဖတ်ရှု လေ့လာ ထားသူလည်း ဖြစ်ပါတယ်။ 

     ယခုအခါ  ပင်လုံညီလာခံကျင်းပပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရွေးကောက်ခံပြည်သူ့ အစိုးရက ဦးဆောင် ကြိုးစား ဆောင်ရွက်လျက်ရှိရာ ဒီစာအုပ်ဟာ တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးများ အကြောင်း အသေးစိပ်ရေးသားဖော်ပြထားတာမို့ လေ့လာလိုသူတွေ အတွက် အကျိုးရှိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ နောက်ပြီး မြန်မာပြည်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ပုန်ကန်မှုတွေရဲ့ ရာဇဝင်၊ ဘိန်းနဲ့ မူးယစ်ဆေးဝါး အများအပြား  ပေါ်ပေါက်လာရခြင်း စတာတွေကို အပြည့်စုံဆုံးရေးသားထားတဲ့ BURMA IN REVOLT ဆိုတဲ့ ဘားတဲလ်ရဲ့စာအုပ်ကို စည်သူကျော်က မြန်မာပြန်ဆိုထားပြီး ရန်ကုန်လမ်းမများ စာအုပ်တိုက် က ထုတ်ဝေထားပါတယ်။ ဒီစာအုပ်ထဲက စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကိုလည်း အောက်ပါ အတိုင်း ကောက်နှုတ် ဖော်ပြလိုက်ရပါတယ်။


...... ကိုးကန့် ဒေသတွင်လည်း ကိုးကန့်စော်ဘွား၏ နှမတော် အောလစ်ဗ် ယန် (ယန်ကျင်ရှု) ကို သိမ်းသွင်း စည်းရုံးနိုင်ခဲ့သည်။ ယောက်ျားဆန်သည့် အောလစ်ဗ် သည် အသက် နှစ်ဆယ် စွန်းစွန်း အရွယ်တွင်ပင် ကိုယ်ပိုင် စစ်တပ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ထိုတပ်ဖွဲ့သည် နောက်ပိုင်းတွင် ကူမင်တန် တပ်များ ၏ အရံ တပ်ဖွဲ့ ဖြစ်လာခဲ့သည်။

ထီးနန်းဆန်သော ရှမ်းမိသားစု အနွယ်အဆက်မှ ဆင်းသက်လာသည့် အောလစ်ဗ်သည် လားရှိုးမှ နာမည်ကျော် ခရစ်ယာန် သီလရှင်ကျောင်းတွင် ပညာသင်ခဲ့ပြီး “ခြေသလုံးမွှေးတွေနဲ့ ကောင်မလေး” ဟု လူသိများ ခဲ့သည်။ ထူးထူးခြားခြား ယောက်ျားဆန်၍ ကြမ်းတမ်းသော အောလစ်ဗ်နှင့် မကစားရန် အတန်းဖော်များ၏ မိဘများက တားမြစ်ကြပြီး “သူ့အနား သိပ် မကပ် နဲ့။ သူ့ကျောင်း လွယ်အိတ်ထဲမှာ ခြောက်လုံးပူး သေနတ် ပါတယ်” ဟု သတိပေး ပြောဆိုခဲ့ကြသည်။ သို့သော် အောလစ်ဗ်၏ ကျောင်းပညာရေး ပြီးဆုံးသွားသည့် အခါ ကျောင်း လွယ်အိတ်ထဲ သေနတ် ဖွက်ထားရန် မလိုတော့ပါ။ ကာကီရောင် စစ်ဝတ်စုံ ဝတ်ဆင်ထားကာ ဘယ်လ်ဂျီယမ်လုပ် ပစ္စတိုနှစ်လက်ကို ခါးတစ်ဖက် တစ်ချက်စီတွင် ချိတ်ထားပြီး ကိုးကန့် ဒေသ မြို့တော် တာရွှေထန်၏ ကျောက်ခင်းလမ်းမများထက် သွားလာ လှုပ်ရှား နေသော အောလစ်ဗ်ကို များမကြာမီ မြင်တွေ့ကြရတော့သည်။ ထို့ပြင် ကူမင်တန်တပ်များ သည် လည်း အောလစ်ဗ်၏ အကူအညီဖြင့် မော်စီတုန်း၏ နာမည်ကျော် ကွန်မြူနစ် ပြည်သူ့လွတ် မြောက်ရေး တပ်မတော်ကြီးကို ရင်ဆိုင် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေကြချေပြီ။ pg-163

....... သို့သော်လည်း ထိုအချိန်တွင် မည်သည့် ရှမ်း လက်နက်ကိုင် တပ်ဖွဲ့မှ မရှိသေးဘဲ လက်နက်ကိုင် တော်လှန်ရေးအတွက် အစပြုမှု တစ်ခုမှာလည်း ရန်ကုန်မှ ကျောင်းသား တက်ကြွလှုပ်ရှားသူများထံမှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ ပထမဆုံး ရှမ်းလက်နက်ကိုင် တပ်မတော် ဖွဲ့စည်း တည်ထောင်ရန် ပြင်းပြင်းထန်ထန် စတင် ကြိုးပမ်းသူမှာ ၁၉၅၀ အစော ပိုင်းတွင် ယူနန်ပြည်နယ်မှ ဗမာပြည်သို့ ပြောင်းရွှေ့လာသူ ရှမ်းလူစွန့်စား စောယန္တ ခေါ် စဝ်နွံ ဖြစ်သည်။ စဝ်နွံသည် ဘုန်းတော်ကြီးကျောင်းသင် ပညာရေးသာ တတ်မြောက်သူ ဖြစ်သော် လည်း ရှမ်းလူမျိုးများ မှီတင်း နေထိုင်သည့် ကချင်ပြည်နယ် ဗန်းမော်ဒေသမှ ရှမ်းစာပေ သင် ကြား တတ်မြောက်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူ တစ်ဦး ဖြစ်ပြီး ၁၉၅၆ မိုင်းရယ် ညီလာခံသို့လည်း တက်ရောက်ခဲ့သူ တစ်ဦးဖြစ်သည်။ တက်ကြွသော ရှမ်းအမျိုးသားရေး ဝါဒီတစ်ဦးဖြစ်ကာ ၁၉၅၇ တွင် အသက် ၃၀ ခန့် ရှိပြီဖြစ်ပြီး ပခုံးထိရောက်အောင် ဆံပင်ရှည် နေပြီ ဖြစ်သည့် စဝ်နွံက ရှမ်းပြည် ကိုယ်ပိုင် လွတ်လပ်ရေး မရမချင်း ဆံပင် မညှပ် ဟု သံန္နိဋ္ဌာန် ချထားသူလည်း ဖြစ်သည်။pg-243

....... စောဟန်တာ သာမွှေးသည် လက်နက်ချပြီးနောက် ရန်ကုန်၌ပင် အေးဆေးစွာ အခြေချ နေထိုင်ခဲ့သော်လည်း ဗိုလ်မှူးချုပ် လင်းထင်မှာမူ ရုန်းကန် တိုက်ပွဲဝင်မှုကို လက်လျှော့ အရှုံးပေးရန် ဆန္ဒ မရှိခဲ့ပေ။ ၎င်း၏ တပ်ဖွဲ့များကိုမူ သထုံ အနီးမှ စခန်းတွင် နေထိုင်စေပြီး အမိန့်ရပါက လှုပ်ရှားရန် အဆင်သင့် ဖြစ်နေကြသည်။ ထို့နောက် ဗိုလ်မှူးချုပ်လင်းထင်သည် မယ်ဗမာဘွဲ့ နှစ်ကြိမ် ရရှိခဲ့ဖူးသည့် ကရင်-ဂျူး ကပြား နာမည်ကျော် ရုပ်ရှင် မင်းသမီး နော်လွီဇာ ဘင်ဆင် နှင့် လက်ထပ်ခဲ့ခြင်းကြောင့် လူအများ အံ့အားသင့်သွားခဲ့ကြသည်။ နော်လွီဇာ ဘင်ဆင်သည် ဗိုလ်ချုပ်ကြီး နေဝင်းနှင့်လည်း နီးစပ်ခဲ့ဖူးသည်ဟု သတင်းများ ထွက်ခဲ့ရာ ထို အစီအစဉ်မှာ ဗိုလ်မှူးချုပ် လင်းထင်၏ အကြံအစည် ဖြစ်ပြီး ထိုစဉ်က ၎င်းနှင့် မိတ်ဆွေဖြစ်နေသည့် ရုပ်ရှင် မင်းသမီး နော်လွီဇာ ဘင်ဆင်ကို အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းနှင့် နီးစပ်အောင်လုပ်ပြီး လုပ်ကြံ သတ်ဖြတ်ရန် ဖြစ်သည်ဟု ဆိုသည်။ ထို အကြံအစည်မှာ ပြင်ပသို့ ပေါက်ကြားသွားပြီးနောက် ၁၉၆၅ စက်တင်ဘာလ၌ သထုံရှိ ရုပ်ရှင်ရုံမှ ထွက်လာသော ဗိုလ်မှူးချုပ် လင်းထင်ကို အမည်မသိ လုပ်ကြံသူများက သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခဲ့သည်။ ထို့နောက် နော်လွီဇာ ဘင်ဆင်သည် ဗိုလ်မှူးချုပ် လင်းထင်၏ တပ်ဖွဲ့များကို ဦးဆောင်ပြီး မဲဆောက်နှင့် မျက်နှာချင်းဆိုင်ရှိ ဗိုလ်မြ၏ KNU တပ်ဖွဲ့များရှိရာ တောင်တန်းဒေသသို့ သွားရောက် ပူးပေါင်းခဲ့သည်။pg-289

....... လော်စစ်ဟန် အသက် ၂၁ နှစ် အရွယ်သို့ ရောက်လာသောအခါ လက်နက်များ၊ မိန်းကလေးများနောက် ကောက်ကောက်ပါအောင် လိုက်ကာ လေလွင့် မျောပါနေခဲ့သည်။ ထို့ပြင် လော်စစ်ဟန်သည် ဘိန်းကိုလည်း လက်လီစိတ် ရောင်းချခဲ့သော်လည်း အစ်ကို ဖြစ်သူ လော်စစ်ကိုမှာ ကိုးကန့် ရဲအဖွဲ့ စုံစမ်း စစ်ဆေးရေး အရာရှိချုပ် ဖြစ်နေခြင်းကြောင့် ၎င်း၏ လုပ်ငန်းကို မည်သူ တစ်ဦး တစ်ယောက်ကမှ တစုံတရာ ဝင်ရောက် စွက်ဖက် တားဆီး ဟန့်တားမှု မပြုနိုင်ရာ လော်စစ်ဟန် အတွက် မုန့်ဖိုး သဘောမျိုး ရရှိ နေခဲ့ လေသည်။ ထို့ နောက် လော်စစ်ဟန် သည် အောလစ်ဗ် ယန်၏ ကိုယ်ပိုင် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့ပြီး “လော်စစ်ဟန်က အောလစ်ဗ် ယန်ရဲ့ နောက် နှစ်လှမ်း သုံးလှမ်း အကွာကနေ ငါးသုံးလုံး စီးကရက် ထည့်ထားတဲ့ သံဘူးကို ကိုင်ပြီး အမြဲ လိုက်နေလေ့ရှိတယ်။ အောလစ်ဗ် ဆေးလိပ် သောက်ချင်လာပြီလို့ သူထင်တာနဲ့ သံဘူးကို ဖွင့်ပြီး အောလစ်ဗ်ကို ဆေးလိပ် ကမ်းပေးလေ့ရှိတယ်” ဟု ကိုးကန့် ဇာတိဖွား ယန်ကျန်ဆွေ ခေါ် ပီတာယန်က ပြောပြခဲ့သည်။ pg-296

........ နောက်ဆုံး၌ ကွမ်းလုံ တိုက်ပွဲ ဒီရေကို အလှည့်အပြောင်း ဖြစ်စေခဲ့သည့်အရာမှာ လက်နက်ကြီးများပင် ဖြစ်ပေသည်။ ၁၉၅၀ ပြည့်လွန် နှစ်များက အမေရိကန် အစိုးရက ဦးနု အစိုးရကို ၎င်း၏ ဘက်မလိုက် နိုင်ငံခြားရေး မူဝါဒ ကို ဂုဏ်ပြုသည့် အထိမ်းအမှတ် အဖြစ် ၁၀၅ မီလီမီတာ ဟောင်ဝစ်ဇာ အမြောက်များကို လက်ဆောင် ပေးအပ်ခဲ့သော်လည်း ထို လက်နက်ကြီးများမှာ ဗိုလ်ချုပ်ကြီး နေဝင်း၏ တိုက်ရိုက် ခွင့်ပြုချက် မရှိပါက အသုံးပြုခွင့် မရှိ ပေ။ ထို့ကြောင့် ရန်ကုန်ရှိ ဗိုလ်မှူးချုပ် စန်းယုသည် လန်ဒန်မှ ပြန်မရောက် သေးသည့် ဗိုလ်  ချုပ်ကြီး နေဝင်းထံ ဖုန်းခေါ်ဆိုပြီး ကွမ်းလုံဒေသသို့ ထို လက်နက်ကြီးများ ပို့ခွင့်ပြုပါရန် ခွင့်ပြုချက် တောင်းခံခဲ့ရာ ဗိုလ်ချုပ်ကြီး နေဝင်းက ခွင့်ပြုပေးခဲ့သည်။

       ထို့နောက် ဗမာ့ တပ်မတော် လက်နက်ကြီး တပ်ဖွဲ့များက ဟောင်ဝစ်ဇာ အမြောက်များကို တောင်ပေါ်တင်ကာ ဗကပတပ်များ တောင်ပေါ်မှ လူလှိုင်း စစ်ဆင်ရေးဖြင့် ထိုးဆင်းလာတိုင်း လေထဲတွင်ပင် ပေါက်ကွဲသည့် အမြောက်ဆန်များ ထည့်၍ ပစ်ခတ်ခဲ့လေသည်။ ထို ကျည်ဆန်များမှာ ထိရောက်မှုအား ကောင်းမွန်လှသည် ဖြစ်ရာ ဘန်ကာများအတွင်း ခိုအောင်းနေသည့် ဗကပ တပ်သားများထံသို့ပါ ထိခိုက်ခဲ့ပြီး ထို အမြောက်ကျည်များ လေထဲ၌ ပေါက်ကွဲသည့်အခါတိုင်း ပေါက်ကွဲမှုအား ပြင်းထန်လှသည် ဖြစ်၍ အမြောက်ကျည် တိုက်ရိုက် မထိမှန်သော်လည်း ဗကပ တပ်သားများ၏ နှာခေါင်း၊ ပါးစပ် တို့မှ သွေးများ ယိုစီးကျလာသည်အထိ ပြင်းထန်စွာ ထိခိုက်ခဲ့သည်။ သို့ရာတွင် ရာနှင့်ချီသော ကွန်မြူနစ် တပ်သားများ ကျဆုံးသွားသော်လည်း ၎င်းတို့၏ လူလှိုင်း စစ်ဆင်ရေး အဆုံးသတ်မည့် ဟန်မရှိသေးပေ။pg-343/344

         ဒီ Burma in Revolt စာအုပ်ကို စည်သူကျော်က မြန်မာဘာသာပြန်ဆိုထားပြီး ရှားပါးဓာတ်ပုံများစွာကိုလည်း ထည့်သွင်းဖော်ပြထား ပါတယ်။ ရန်ကုန်လမ်းမများ မှ ထုတ်ဝေကာ မျက်နှာဖုံးဒီဇိုင်းမှာ မျိုးကျော် ဖြစ်ပါတယ်။ တန်ဖိုး တစ်သောင်းကျပ် ဖြစ်ပါသည်။

စာအုပ်အညွှန်းရေးသားသူ- ဝေမှုးသွင်


Publisher Name: ရန်ကုန်လမ်းမများ

Publisher Address: အမှတ်(၇၇/၈၃၊အခန်း(၅၁)၊မန္တလေးလမ်း၊ကန်တော်လေး၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ph-095077348,0931865904

Publisher Phone Number: Ph-095077348,0931865904


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

‘ဟင့်အင်း’ ကိုဖြတ်ကျော်ခြင်း (ခက်ခဲသောသူများနှင့်ညှိနှိုင်းခြင်း)

အောင်ဆန်းစုကြည်
Book Review Image

လာရီကင်​း ၏ လာရီကင်​း

တင်မောင်မြင့်
Book Review Image

ပျောက်ဆုံးသွားသောမျိုးဆက်

ကျော်ဝင်း
Book Review Image

လူနှင်​့ နိုင်​ငံ​တော်​

​မောင်​ကြည်​သစ်​
Book Review Image

နိုင်​ငံ​ရေးသတိ

မ​လေး
Book Review Image

ကျဉ်တုတ်ခံဝံ့ မခံဝံ့

မောင်သာရ
Book Review Image

ဆွန်ဇ၏စစ်ပညာ

မြင့်သန်း
Book Review Image

အိမ်​​စောင်​့အစိုးရ

စည်​သူ​ကျော်​
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဥက္ကဋ္ဌ

သက်ထားဗသိန်းတင်
Book Review Image

ရာမည၊ ဧရာဝတီ ၁၉၈၈-၈၉

မသီတာ(စမ်းချောင်း)
Book Review Image

အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး နှင့် အရေးနိမ့် ဒီမိုကရေစီ အပြောင်းအလဲ

ကျော်ဝင်း
Book Review Image

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးပေါင်းချုပ် ၊ အတွဲ ၂

လှကျော်ဇော
Book Review Image

ငြိမ်းချမ်းရေးနှင့် ၂၀၂၀

မောင်မောင်စိုး
Book Review Image

မြောက်ဦးစစ်တမ်း

မောင်မောင်စိုး
Book Review Image

မုန်တိုင်းငှက်

တင်မောင်မြင့်
Book Review Image

နိုင်ငံရေး အက်ဆေး

ချစ်ဝင်းမောင်
Book Review Image

ဒေါ်အောင်ဆန်းစုကြည် နှင့် နောက်ဆုံးအရေးတော်ပုံ

နေသွင်ညိဏ်း
Book Review Image

တပ်ပြုပြင်ပြောင်းလဲရေး

လှကျော်ဇော
Book Review Image

လွတ်မြောက်ဒေသ ပန်ဆန်းမှာ ဆယ်နှစ်ကြာ

နေဦးဝေ
Book Review Image

ကျနော်ဝရမ်းပြေး ကျနော်ဒုက္ခသည်

အေးဝင်း ( လမင်းတရာ )
Book Review Image

ကျိုင်းတုံစစ်တမ်း

မောင်မောင်စိုး
Book Review Image

The Hidden History of Burma

Thant Myint -U
Book Review Image

၂၀၀၈ အခြေခံဥပဒေ ၏ ဟာကွက် လစ်ကွက်များ

လင်းထိုက်
Book Review Image

တရုတ်၏ ဗဟို - ဒေသန္တရ ဆက်ဆံရေးမူဘောင် တရုတ် - မြန်မာ နယ်စပ်ရေးရာကိစ္စရပ်များတွင် ဘေဂျင်း ပြန်လည်နေရာယူလာမှုအား ပုံဖော်ကြည့်ခြင်း

ခင်ခင်ကျော်ကြီး
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီ နေ့စွဲစဉ်သမိုင်း ( အကျဉ်းချုပ် )

ဝင်းတင့်ထွန်း
Book Review Image

နိုင်ငံရေးဖတ်စာ

မင်းသေ့
Book Review Image

ယူကရိန်းသမ္မတ ဇီလန်းစကီး သို့မဟုတ် ပူတင်ကို အာခံသူ

တင်ညွှန့်