Library Image

စာရေးဆရာမောင်စူးစမ်း ကွယ်လွန်

18/07/17



စာရေးဆရာမောင်စူးစမ်း ကွယ်လွန်
------------------------------------------
ရန်ကုန်၊ ဇူလိုင် ၁၈

မြန်မာနိုင်ငံ၏ အပတ်စဉ်ထုတ် ၊ လစဉ်ထုတ် စာစောင်များတွင် စီးပွားရေး၊ အတွေးအမြင်၊ ဘာသာပြန်ဆောင်းပါးများစွာကို အဓိကရေးသားခဲ့သော စာရေးဆရာမောင်စူးစမ်းသည် ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်တော်ကလေး၊ မန္တလေးလမ်းရှိ နေအိမ်တွင် ကွယ်လွန်သွားပြီဖြစ်သည်။

သတင်းစာဆရာ၊ စာရေးဆရာမောင်စူးစမ်းသည် အသက် ၉၀ခန့်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး အသက် ၈၄နှစ်အရွယ်တွင် ကယ်ဆီယမ်ဓာတ်ချို့တဲ့မှုကြောင့် စာရေးသားရန် ခက်ခဲသဖြင့် စာရေးခြင်းမှ အနားယူခဲ့ကြောင်း ၂၀၁၁ခုနှစ်ထုတ် သတင်းမီဒီယာများတွင် သတင်းများဖော်ပြခဲ့သည်။

 “မောင်စူးစမ်း”ကလောင်နာမည်ဖြင့် ပြည်တွင်းထုတ်စာစောင်များတွင် မျက်မှောက်နိုင်ငံရေး၊ စီးပွားရေး ဆောင်းပါးများ ရေးသားခဲ့သော ဦးတင်ရွှေမှာ ဦးထွန်းဖေ(ခေါ်) ဦးချမ်းအေးအမည်များဖြင့်လည်း လူသိများသူတစ်ဦးဖြစ်သည်။ 
ဘဝဖြတ်သန်းမှုစုံလင်သူတစ်ဦးဖြစ်ကာ တရားရုံးချုပ်ရှေ့နေအဖြစ်လည်းကောင်း၊ နိုင်ငံရေးသမားတစ်ဦးအဖြစ်လည်းကောင်း၊ လူသိများထင်ရှားသော စာရေးဆရာတစ်ဦးအဖြစ်လည်းကောင်း ရပ်တည်ခဲ့သည်။ ယခုစာရေးဆရာ၊ ဆောင်းပါးရေးဆရာဘဝမှ အနားယူချိန်အထိ အသက် ၈၄နှစ်အရွယ်ရှိပြီဖြစ်ပြီး လစဉ်ထုတ်မဂ္ဂဇင်းပေါင်းများစွာနှင့် အပတ်စဉ်ထုတ်စာစောင်များစွာတွင် နိုင်ငံရေး၊ စီးပွားရေးဆောင်းပါးများ ရေးသားခဲ့သည်”ဟု ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလထုတ် The Voice Weekly ဂျာနယ်တွင် ဖော်ပြခဲ့သည်။

“အရင်းရှင်စနစ်သည် အာဏာရှင်စနစ်တို့နှင့်လည်း လက်တွဲခဲ့သည်။ ဒီမိုကရေစီစနစ်တို့၌လည်း လက်တွဲခဲ့သည်။ အရင်းရှင်စနစ်သည် မည်သည့်နိုင်ငံရေးနှင့်မဆို လက်တွဲလို့ရသည်ဟု ဆိုကြသည်။ သို့ဖြင့် အရင်းရှင်စနစ်သည် နိုင်ငံရေးစနစ် ရွေးချယ်မှု၌ ကြားနေသည်ဟု အဆိုပြုမှု ရှိလာသည်။ ဤအဆိုပြုမှုကို လက်မခံသော ပညာရှင်တို့က "အားသန်သူ ရှင်သန်သည်" ဆိုသော ဒါဝင်ဝါဒနှင့် လစ်ဘရယ်ဝါဒကို တွဲစပ်၍ လေ့လာကြည့်သည်။ Survival of the Fittest အားသန်သူရှင်သန်ရေး ဆိုသည်မှာ အပြိုင်အဆိုင်လောကကို ရည်ညွှန်းသည်။ ပြိုင်ဆိုင်ရာ၌လည်း ကျားကုတ်ကျားခဲ အသည်းအသန် ပြိုင်ဆိုင်ကြသည်”ဟု စာရေးဆရာမောင်စူးစမ်းက “မျက်နှာစာသုံးပါးမှ ဝိသေသများ”ဆောင်းပါးတွင် ရေးသားခဲ့သည်။ အဆိုပါဆောင်းပါးကို ရန်ကုန်တိုင်းမ်၊ အတွဲ-၆၊ အမှတ်-၂၉၊ ဇူလိုင် ၂၉ - သြဂုတ် ၄၊ ၂၀၁၀၊ နိုင်ငံရေးအချပ်ပို၊ Supplement-Aတွင် ဖော်ပြခဲ့သည်။

The Voice Weekly Website Link - http://voicejournalmm.com/