Library Image

ရွှေအိုရောင်နေ့ရက်များ စာအုပ်မိတ်ဆက်ပွဲ ဒီဇင်ဘာ ၁၉

15/12/24



#စာရေးသူကိုမိတ်ဆက်ခြင်း

ယုဝတီကလောင်ရှင်မဝင့်နိုင်

မိဘများ ဖြစ်ကြသော ဦးကျော်ညွန့်နှင့် ဒေါ်တင်ရွှေတို့က ၁၉၄၄ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ အမည်ရင်းက ဒေါ်ရီရီမြင့် ဖြစ်ပြီး ရန်ကုန်မြို့ ပြည်လမ်းရှိ စိန့်ဖီလိုမီနာကွန်ဗင့် အထက်တန်းကျောင်းတွင် လီလီကျော်ညွန့်အမည်ဖြင့် သူငယ်တန်းမှစ၍ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့သည်။
 ၁၉၆၁ မှ ၁၉၆၃ အထိ မန်းတက္ကသိုလ်တွင်လည်းကောင်း၊ ထို့နောက် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင်လည်းကောင်း ဆက်လက် ပညာသင်ကြားခဲ့ပြီး ၁၉၆၅ တွင် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ 
        ၁၉၇၆ ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပညာရေးဒီပလိုမာကို မြန်မာစာသင်ပြနည်းဂုဏ်ထူး၊ ပညာရေးစိတ်ပညာဂုဏ်ထူး၊ ပန်းချီပုံဆွဲ ဂုဏ်ထူး တို့ဖြင့် အောင်မြင်ခဲ့သည်။
 မူလတန်းပြဆရာမအဖြစ် သင်္ကန်းကျွန်းမြို့ ကျိုက္ကဆံမသင်မနေရ မူလတန်းကျောင်းတွင်လည်းကောင်း၊ အထက်တန်းပြဆရာမအဖြစ် မော်လမြိုင်ကျွန်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ လှည်းကူးမြို့ အခြေခံ ပညာအထက်တန်းကျောင်း၊ တောင်ကြီးမြို့ အမှတ် (၃) အခြေခံပညာ အထက် တန်းကျောင်း၊ ရွှေညောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ဖောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ လှည်းကူးမြို့ အင်းတိုင် အခြေခံပညာ အလယ်တန်းကျောင်း၊ ကျောက်ပန်းတောင်းမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင်လည်းကောင်း ပညာရေးဌာန၌ ၁၉၆၄ မှ ၁၉၈၉ အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ အငြိမ်းစားယူခဲ့သည်။
 ၁၉၇၀ ပြည့်နှစ်တွင် ဦးမောင်ဟန် (ကကနက်-ငြိမ်း) နှင့် လက်ထပ်ခဲ့ပြီး သမီး သစ္စာနီမာနှင့် သား သူရနီမောင်တို့ ထွန်းကားခဲ့သည်။
 ၁၉၅၉ ခုနှစ်တွင် အမျိုးသမီးကလောင်အဖွဲ့က ကျင်းပသော စာပေပြိုင် ပွဲတွင် 'ပန်းတိုင်း မွှေးရန် သင့်သည်ထင့်' ခေါင်းစဉ်ဖြင့် ပထမ ရွှေတံဆိပ်ဆု ရရှိပြီး ၁၉၆၀ ပြည့်နှစ်တွင် 'ယုဝတီကလောင်ရှင်ဘွဲ့' အပ်နှင်းခံရသည်။ ကလောင်အမည်က မဝင့်နိုင် ဖြစ်သည်။
 ထိုအချိန်မှစ၍ ယုဝတီဂျာနယ်၊ တိုင်းရင်းမေဂျာနယ်၊ စန္ဒာမဂ္ဂဇင်း၊ ရှေ့သို့စာစောင်၊ ရန်ကုန် ဆေးသိပ္ပံနှစ်ပတ်လည်မဂ္ဂဇင်း၊ ဆေးမန်းတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်းတို့တွင် ကဗျာ ဝတ္ထုဆောင်းပါးများကို ရေးသားခဲ့သည်။
 ၂၀၁၄ ခုနှစ်တွင် 'ငြိမ်းချမ်းပါစေ ကမ္ဘာမြေ' ကဗျာပေါင်းချုပ်စာအုပ်ကို ပထမအကြိမ် ထုတ်ဝေပြီး ၂၀၁၅ ခုနှစ်တွင် ဒုတိယအကြိမ် ထုတ်ဝေခဲ့သည်။
 ၁၉၉၀ ပြည့်နှစ်တွင် အကြောင်းကြောင်းကြောင့် အမေရိကန် ပြည် ထောင်စုသို့ မိသားစုနှင့်အတူ ထွက်ခွာခဲ့ပြီး အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်တွင် နေထိုင်လျက်ရှိသည်။