Library Image

မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၁၅.၇.၂၀၁၈ မနက် ၉ နာရီ

12/07/18



||| ပညာ့ဝန်းကျင်အတွက်​ လက်​တို့လိုက်​ရပါတယ်​ ||| 

လာမယ့် တနင်္ဂနွေနေ့မှာ မုံရွာ စီးပွားရေးတက္ကသိုလ်မှာ စကားဝိုင်းဆွေးနွေးပွဲ ရှိတယ်။ ခေါင်းစဉ်က Campus Life တဲ့။ ပညာအသိုင်းအဝန်းအကြောင်းကို ကျနော် တက္ကသိုလ်ကျောင်းသား ဘဝကတည်းက သေချာလေ့လာ ဖြစ်ခဲ့တယ်။ နောက်ပိုင်း ကျောင်းပြီးတော့လည်း တက္ကသို်လ်ကျောင်းတွေက ဦးစီးကျင်းပတဲ့ ဟောပြောပွဲ ငယ်ငယ်လေးတွေမှာ အကယ်ဒမစ် ဝန်းကျင်၊ ဘယ်လို ဘယ်ကဲ့သို့… ဆိုတာတွေ ပြောဖြစ်ခဲ့တယ်။ အခုလည်း နိုင်ငံရေးစာသင်တယ်။ စာရေးတဲ့ အလုပ်ကို လုပ်တယ်။ နိုင်ငံရေးတို့၊ စာပေတို့ ဆိုပြီး ခေါင်းစဉ်တပ်လို့ ရပေမယ့် ကျနော် တကယ်လုပ်တာ ပညာအတွက်သာ ဖြစ်တယ်လို့ ခံယူပါတယ်။ 

နိုင်ငံရေးအလုပ်ကို လုပ်တယ်။ ဒါပေမယ့် ပညာနဲ့ ဆက်နွှယ်တဲ့ နိုင်ငံရေးအကြောင်း သင်ကြားခြင်းကို လုပ်တယ်။ စာရေးတယ်။ စာပေဟာ ပညာကို ဖြန့်ဖို့ အကောင်းဆုံး လက်နက်ကိရိယာလို့ မြင်လို့ 

- ပညာကို ဖြန့်ဖို့၊ 
- အသိကို ဖြန့်ဖို့၊ 
- အမြင် ရှုထောင့်ကို ဖြန့်ချိဖို့ စာရေးပါတယ်။ 

အခုလည်း ကိုယ့်အဝန်းအဝိုင်းထဲက မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေကို #စကားဝိုင်းဆွေးနွေးပွဲလာဖို့ #လက်တို့ရင်း လောလောဆယ် တွေးမိတဲ့ ပညာ့ဝန်းကျင်အကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ 

တက္ကသိုလ်ဆိုတဲ့ သဘောကို ပညာရှင်အသီးသီး၊ စာရေးဆရာ အသီးသီး၊ ဒဿနဆရာတို့ ခပ်များများဖွင့်ဆိုပြီး ခဲ့ပြီ။ ဒီနေရာမှာ တက္ကသိုလ်ရဲ့ ပရဝုဏ်ဆိုတာ နိုင်ငံတကာမှာ ဘယ်လို၊ ဘယ်ကဲ့ဆိုတာ ပြောချင်တယ်။ 

တက္ကသိုလ်ဆိိုတာ ဘာသာရပ်တစ်ခုတည်း ဖွံ့ဖြိုးဖို့ ဆိုတာထက် ဘာသာရပ်အစုံစုံ ပွထနေမှ ကောင်းတယ်။ အဲ့လို ဘာသာရပ်အစုံစုံ သင်နိုင်ပေမယ့် ဘာတစ်ခုမှ စနစ်တကျ ဖြစ်ရင်လည်း မဟုတ်သေးဘူး။ ခြေခြေမြစ်မြစ် သင်ကြားပေးနိုင်တဲ့ ဘာသာရပ်တွေက ဗဟုသဘော ဖြစ်မှကောင်းတယ်။ ပညာရပ်တွေက စုံလေလေ၊ ဖလှယ် လို့ ကောင်းလေလေ။ ပိုမိုနှီးနွှယ်လို့ ကောင်းလေလေဖြစ်ပါတယ်။ ဘာသာရပ်တွေ၊ ပညာရပ်တွေဟာ သူ့ချည်း သက်သက် ကျောက်ချနေလို့ မကောင်းဘူး။ တတ်နိုင်သမျှ ဝင်နှောနိုင်မှ ကောင်းတယ်။ ဒီ့နောက်ပိုင်းဆိုရင် ဘာသာရပ်တွေကို ဆက်စပ်ပြီး လေ့လာတဲ့ ပညာရပ်တွေ ပိုပြီး ဖွံ့ဖြိုးလာတယ်။ 

ဥပမာ - ပထဝီနိုင်ငံရေး။ ပထဝီနဲ့ နိုင်ငံရေးကို ပေါင်းထားတာ။ နိုင်ငံရေးဘောဂဗေဒ။ နိုင်ငံရေးနဲ့ စီးပွားရေးကို တွဲပြီး ကြည့်တာ။ ဇီဝဓာတု။ သက်ရှိဗေဒကို ဓာတ်သဘောတွေနဲ့ ပေါင်းစပ်လေ့လာတာ၊ ဆက်စပ်လေ့လာတာ။ 

ဒီ့နောက်ပိုင်းမှာ သိပ္ပံ၊ ဝိဇ္ဇာ ဆိုပြီး ခွဲစဉ်းစားတာ နည်းလာတယ်။ ပေါင်းလို့ ရတဲ့ အပိုင်းတွေ ပေါင်းလာတယ်။ လူမှုသိပ္ပံနဲ့ သဘာဝသိပ္ပံကို ပေါင်းပြီး ထုတ်တဲ့သီအိုရီတွေတောင် ပေါ်လာတယ်။ ဥပမာ - ဂိမ်းသီအိုရီ။ ဂိမ်းသီအိုရီဆိုတာ သချာၤသဘောက လာတာ။ ဒါကို နိုင်ငံရေးရဲ့ စေ့စပ် ညှိနှိုင်းရေး၊ ပဋိပက္ခဖြေရှင်းရေးတွေမှာ သုံးကြတယ်။ ဒါဟာ သချာၤသီအိုရီတွေက လူမှုသိပ္ပံနယ်ထဲ ကူးလူးလာတဲ့သဘောပဲ။ 

နောက်တစ်ခုက အရည်အသွေးပြည့်ပြည့်လေ့လာနိုင်ရေး။ တက္ကသိုလ်တစ်ခုဟာ ကျောင်းသားတွေရဲ့ လေ့လာ မှုအတွက် အခြေခံရေခံမြေခံတွေ ဘယ်လောက် ထားပေးနိုင်သလဲ ဆိုတာကြည့်ရတယ်။ ဒီလိုပဲ သင်ကြားရေး နည်းနာတွေကို ကြည့်ရတယ်။ ဆရာ ဆရာမကို ဘယ်လို ရွေးသလဲ၊ ဘယ်လို ခန့်သလဲ၊ သူတို့အတွက် သီးခြား အပံ့အပိုးအစီအစဉ်တွေက ဘာတွေ ရှိသလဲ လေ့လာရတယ်။ ဆရာ ဆရာမတွေရဲ့ အရည်အသွေးကို ဘယ်လို တိုင်းတာသတ်မှတ်ပြီး နေရာချသလဲ ဆိုတာ ထပ်စဉ်းစားကြည့်ရမယ်။ ရုပ်ပိုင်းဆိုင်ရာ၊ သင်ကြားမှု နည်းစနစ် ပိုင်းဆိုင်ရာ၊ မူဝါဒပိုင်းဆိုင်ရာ နဲ့ အကဲဖြတ်မှု စနစ်တွေကို ကြည့်ရတယ်။ 

#နေချင့်စဖွယ်တက္ကသိုလ်

တက္ကသိုလ်ကျောင်းသားတွေကို စစ်တမ်းကောက်ကြည့်သင့်တယ်။ သူတို့တက်နေတဲ့ တက္ကသိုလ်က ဘယ် လောက်နေချင့်စဖွယ်ဖြစ်သလဲလို့။ နောက်ပြီး တက္ကသိုလ်ရင်ငွေ့ကို ခိုလှုံ့နေတဲ့ ကျောင်းအိပ်ကျောင်းစား ကျောင်းသားတွေရဲ့ ခံစားချက်ကို ဆန်းစစ်သင့်တယ်။ တက္ကသိုလ်က ဘယ်လောက် နှစ်လိုဖွယ်ရှိသလဲလို့။ အဆောက်အအုံတွေ၊ လူတွေ၊ ပတ်ဝန်းကျင်၊ နေရာထိုင်ခင်း၊ စာသင်ခန်း၊ စာကြည့်တိုက်၊ ပန်းခြံ၊ လမ်းလေး တွေ… ဘယ်လို ဘယ်ကဲ့သို့ ဆိုတာပေါ့။ 

တက္ကသိုလ်က ဘယ်လောက်အရောင်အသွေးစုံပါသလဲ။ လူတွေရဲ့ လာရာဒေသတွေ။ သူတို့ တွေးခေါ်တဲ့ ယူဆချက်အခံတွေ…။ ဒါတွေဟာ ဘယ်လောက် ပဒေသာစုံသလဲ ဆိုတာ စူးစမ်းကြည့်သင့်တယ်။ ကျောင်းသား နဲ့ ဆရာတွေအကြားမှာ မတူတဲ့ အိုင်ဒီယာတွေကို ဘယ်လို ရှင်သန် မွေးဖွားစေလဲ ဆိုတာ သိပ်အရေးကြီးတယ်။ ဘယ်လိုလဲ ကျောင်းသားတွေ မေးခွန်းထုတ်တာကို အမြဲကြိုဆိုလက်ခံနေတဲ့ ဆရာ၊ ဆရာမ ဘယ်နှယောက် ရှိ သလဲ။ 

တက္ကသိုလ်ဟာ လာချင်စရာလား။ သို့တည်းမဟုတ် ပြေးထွက် တွန်းထုတ်ချင်စရာလား။ နေချင့်စဖွယ် ပရဝုဏ် တစ်ခု ရှိတာ ကောင်းတယ်။ ဒါကို အရာတစ်ခုတည်းနဲ့ ဖန်တီးလို့ မရဘူး။ 

- ကမ္ဘာကြီးကို ခြေဆန့်ချင်သူတွေ အတွက် အင်တာနက်။ 
- ကိုယ်ကာယကြံ့ခိုင်သန်မာချင်သူတွေအတွက် ကစားကွင်း။ 
- အသိဉာဏ်ကို ဖြည့်တင်းဖို့ စာကြည့်တိုက်။ 
- အိုင်ဒီယာတွေ ဖလှယ်ဖို့ ဟောပြောပွဲ ခန်းမ။ 
- မေးခွန်းတွေ ထုတ်ဖို့ စာသင်ခန်း။ 
- လက်တွေ့လုပ်ဖု့ိ စမ်းသပ်ခန်း။ 
- နှလုံးသားဗေဒတွေ ကူးလူးဖို့ ပန်းခြံလေး။ ရေကန်နဘေး။ 

တစ်ခု မေးပါရစေ။ တက္ကသိုလ်ဌာနတွေထဲက ရုံးဝန်ထမ်းတွေရဲ့ မျက်နှာထား။ ဘယ်လိုလဲ၊ ဘယ်ကဲ့သို့လဲ။ မပြုံးတတ်ရင် ဈေးမရောင်းနဲ့ ဆိုတဲ့ စကား ရှိတယ်။ မပြုံးတတ်ရင် တက္ကသိုလ်မှာ ဝန်ထမ်းမခန့်နဲ့ လို့တောင် ပြောချင်တယ်။ 

ပညာဝန်းကျင်ဆိုတာ မူဝါဒ၊ နည်းစနစ်၊ ငွေကြေး၊ အဆောက်အအုံ၊ လူ၊ ဝန်းကျင် စသည်ဖြင့် အားလုံး အစုံစုံ သက်ဆိုင်လို့ နေပါကြောင်း….။ 

မင်းသေ့ 
ည ၉ း ၀၆
၁၂ ၊ ဇူလိုင်လ ၊ ၂၀၁၈