Library Image

အင်းစိန်မြို့နယ်၌ ကလေးစာပေပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

26/08/18



အင်းစိန်မြို့နယ်၌ ကလေးစာပေပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ရန်ကုန်၊ သြဂုတ် ၂၅

ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်တွင် ကလေးများစာအုပ်စာပေ၌ မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီသူများဖြစ်လာစေရန်၊ ပွဲတော်၌ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများရရှိလာစေရန်နှင့် ပညာဗဟုသုတရော ကိုယ်ရည်ကိုယ်သွေးပါပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်၍ ကလေးစာပေပွဲတော်ကို ၆.၉.၂၀၁၈ နှင့် ၇.၉.၂၀၁၈ တို့တွင် နံနက်(၉)နာရီအချိန်မှ ညနေ(၅) နာရီအချိန်အထိ (၂)ရက် တိုင်တိုင် အင်းစိန်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ကလေးစာပေပွဲတော်ကို ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) မှ ဦးဆောင်ကာ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကလေးစာပေ ပွဲတော်သို့ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ၊ကျောင်းသူ ကလေးငယ်များနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ကလေးငယ်များ က ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲတွင် (၁၂၁)ဦး ကျပန်းစကားပြောပြိုင်ပွဲတွင် (၆၅)ဦး ပုံပြောပြိုင်ပွဲတွင် (၈၇)ဦး စုစုပေါင်း (၂၇၃)ဦး ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကာ ပန်းချီပြိုင်ပွဲ ဆေးရောင်ခြယ်ပြိုင်ပွဲ ၊ စက္ကူခေါက်ပြိုင်ပွဲ၊ အရုပ်ဆက်ကစားနည်းများ၊ စကားပုံ ဆက်ကစားနည်းများ အိမ်ဆောက်လုပ်နည်းကစားနည်းများ၊ ခါးလှည့်ကွင်းကစားနည်းနှင့် အခြားအားကစားနည်း များကို ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ မည်သူမဆို ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါ ကလေးစာပေပွဲတော်တွင် ဖျော်ဖြေရေးအစီအစဉ်များ စာရေးဆရာများမှ အသိပညာပေးဟော ပြောခြင်းများ ကလေးစာပေပြပွဲများ၊ ဆန်းသစ်တီထွင် ဖန်တီးမှုဆိုင်ရာပြခန်းများ ၊ စာအုပ်ဈေး ရောင်းပွဲများ၊ အလှူရှင်များက ဧည့်ခံကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ကလေးစာပေပွဲတော်သို့ မည်သူမဆို ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

ဇွဲထက်ကို(ခရိုင်ပြန်/ဆက်)