Library Image

ကလေးစာပေပွဲတော်ကို ပုသိမ်တက္ကသိုလ်တွင် နိုဝင်ဘာ ၃ ရက်မှ ၅ ရက်နေ့အထိ

01/11/18



ပုသိမ်မြို့ ကလေးစာပေပွဲတော်တွင် နိုင်ငံကျော်စာရေးဆရာကြီးများနှင့် အဆိုတော်များပါဝင် သည့် စာပေဟောပြောပွဲနှင့် ကလေးစာပေမြှင့်တင်ရေးစာပေဆွေးနွေးပွဲများ ကျင်းပသွားမည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ပုသိမ် အောက်တိုဘာ ၃၀

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော်ကို ပုသိမ်တက္ကသိုလ်တွင် နိုဝင်ဘာ ၃ ရက်မှ ၅ ရက်နေ့အထိ ၃ ရက်တိုင် စာပေမြှင့်တင်ရေးဆိုင်ရာ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ ပြပွဲ၊ ပြခန်း၊ ဂိမ်းကစားခြင်းနှင့် အားကစားပြိုင်ပွဲများ၊ စာအုပ်စျေးရောင်းပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ပွဲတော်စတင်ကျင်းပသည့် ပထမနေ့ စာပေဟောပြောပွဲတွင် စာရေးဆရာ မောင်ရင့်မာ (ကျောင်းကုန်း) နှင့် ဆရာဇေယျာဘုန်းမြင့်၊ ကလေးစာပေမြှင့်တင်ရေး စာပေဆွေးနွေးပွဲတွင် စာရေးဆရာ ဟိန်းလတ်၊ စာရေးဆရာ တေးရေး ဟင်္သာတမြင့်ငွေ၊ စာရေးဆရာ ကြည်မင်းနှင့် မြန်မာ (idol) မှ တေးသံရှင် ဇော်ကြီးတို့ကလည်းကောင်း၊ ဒုတိယနေ့ စာပေဟောပြောပွဲတွင် စာရေးဆရာကောင်းသန့်၊ မောင်စိန်ဝင်း (ပန်းမြိုင်လယ်)၊ ကလေးစာပေမြှင့်တင်ရေးဆွေးနွေး ပွဲတွင် တေးရေး၊ တေးဆို မြင့်မိုးအောင်၊ စာရေးဆရာ ညိုမြလေး၊ စာရေးဆရာ ကျော်ဇောနှင့် ဆရာဇင်မင်း (သမိန်ထော) တို့က လည်းကောင်း၊ တတိယနေ့ စာပေဟောပြောပွဲတွင် စာရေး ဆရာဝင်းနိုင် (သတိုး)၊ စာရေးဆရာ ခင်ဇော်ဝင်း (ထက်အောင်)နှင့် ကလေးစာပေ မြှင့်တင်ရေး ဆွေးနွေးပွဲတွင် စာရေးဆရာ ဦးတင်အေး (တိုးဝေ)၊ တေးသံရှင် ဝါးခယ်မရဲမောင်၊ အဆိုတော် ဇော်ပိုင်နှင့် သရုပ်ဆောင် ပုလဲဝင်းတို့က လည်းကောင်း ပါဝင်ဆွေးနွေးဟောပြောသွားမည်ဖြစ် ကြောင်းသိရသည်။

စာပေဟောပြောပွဲနှင့် ကလေးစာပေမြင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများကို ပွဲတော် ကျင်းပ သည့် ၃ ရက်တာ ကာလအတွင်း နံနက်ပိုင်း ၁၀ နာရီမှ ၁၂ နာရီအထိနှင့် စာပေဟောပြောခြင်းကို မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ၊ ကလေးစာပေမြှင့်တင်ရေးဆွေးနွေးပွဲ များပြုလုပ်ခြင်းကို အချိန်ခွဲ၍ ပုသိမ်တက္ကသိုလ် ဒုတိယထပ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၏ လက်ယာ ဘက်ရှိခန်းမတွင် ကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသားကျောင်းသူများအပြင် စာပေဝါသနာရှင် မည်သူမဆို တက်ရောက်နိုင်ကြောင်း ကလေးစာပေပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။

တက္ကသိုလ်ဝင်းအတွင်းရှိ ခန်းမများအလိုက် ဟောပြောပွဲ၊ ပြပွဲပြခန်း၊ အားကစားကွင်း၊ စာအုပ် အရောင်းဆိုင်၊ စတုဒီသာ ကျွေးမွေးလှူဒါန်းသည့်နေရာ စသည်တို့ကို ထားရှိပေးသွား မည်ဖြစ်ရာ ပွဲတော်လာ ဧည့်ပရိသတ်များ အလွယ်တကူသိရှိနိုင်ရန်အတွက် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရေှ့တွင် လမ်းညွွန်မြေပုံနှင့် information centre ဖွင့်လှစ်ထားရှိ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းဇော်ထွန်း (မြန်မာစာ)