Library Image

ကော့ကရိတ်မြို့ ကလေးစာပေပွဲတော်

16/11/18





ကော့ကရိတ်မြို့ ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
==============================================

ကော့ကရိတ် နိုဝင်ဘာ ၁၅

ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ ကျင်းပမည့် ကလေး စာပေပွဲတော်တွင် ပြိုင်ပွဲများ၊ ကစားနည်းများအပါအဝင် ကဏ္ဍစုံလင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 

အဆိုပါ ကလေးစာပေပွဲတော်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး နိုဝင်ဘာ ၁ရ ရက်မှ ၁၈ ရက် အထိ ကော့ကရိတ်မြို့ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်သည်။

ကလေးစာပေပွဲတော်တွင် ကဗျာရွတ်၊ ပုံပြင်ပြော၊ ကျပန်းစကားပြော၊ စိတ်ကြိုက်ပန်းချီ၊ ဆေးရောင်ခြယ်၊ အရုပ်ဆက်၊ အိမ်ဆောက်၊ စက္ကူခေါက်၊ စကားပုံဆက် ပြိုင်ပွဲများ၊ စာအုပ်ပြပွဲ၊ စာပေအသိပညာပေး ဟောပြောပွဲ နှင့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး စာပေစကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်သည်။

ထို့အပြင် ခါးလှည့်၊ ဘောလုံးပစ်၊ အာလူးကောက်၊ သုံးချောင်းထောက်၊ သုံးယောက်တွဲ ခုံဖိနပ်စီး၊ ခွက်နင်း အစရှိသည့် ပျော်ရွွင်ဖွယ်ရာ ဂိမ်းကစားနည်းများထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။

အလားတူ ပွဲတော်ကာလ နှစ်ရက်အတွင်း စာပေ ဟောပြောပွဲများ၊ စာပေဆိုင်ရာ ဆွေးနွေးပွဲစကားဝိုင်းများ၊ ဌာနဆိုင်ရာပြခန်းများနှင့် စာအုပ်စျေးရောင်းပွဲတော်များ အပြင် ပွဲတော်သို့လာရောက် ဆင်နွွဲသည့် ကျောင်းသား ကျောင်းသူများအား စေတနာရှင် ပြည်သူများက မုန့်နှင့် အချိုရည်များ စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း အဆိုပါ ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။

အဆိုပါ ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ နိုင်ရေးအတွက် ကရင်ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက အနီးကပ် ကြီးကြပ်ဆောင်ရွက်ကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးများမှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။               

ထိန်လင်းအောင်(ပြန်/ဆက်)