Library Image

မော်လမြိုင်ကျွန်းမြို့၌ ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

21/11/19



မော်လမြိုင်ကျွန်းမြို့၌ ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

မော်လမြိုင်ကျွန်း  နိုဝင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့စီစဉ်မှုဖြင့်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေ ပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ‌ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ တွင် မော်လမြိုင်ကျွန်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် ထူးချွန်လူရည်ချွန်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အခမ်းအနားတွင် အထက(၁) မဟာဆောင်ခန်းမ၌ ကျောင်းသား၊ ကျောင်းသူလေးများမှ ကလေးစာပေပွဲတော် အဖွင့်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင် သာယာရေးဝန်ကြီး ဦးကျော်မြင့်က အမှာစကားပြောကြားရာတွင် “ ယနေ့ဖွင့်လှစ်တဲ့ ကလေး စာပေပွဲ‌တော်(မော်လမြိုင်ကျွန်း)ဟာ ဧရာဝတီတိုင်းဒေသကြီးမှာ ဆဌမအကြိမ်မြောက် ဖွင့်လှစ် ခြင်းဖြစ်ကြောင်း၊ မြို့နယ်တိုင်းမှာ ကျင်းပရခြင်း ရည်ရွယ်ချက်ကတော့ မြို့‌ပေါ် ရပ်ကွက်များမှာ နေထိုင်ကြတဲ့ အခြေခံပညာကျောင်းသားအရွယ် ကလေးများသာမက မြို့နယ်အတွင်း ကျေးရွာ များမှာ နေထိုင်ကြတဲ့ ကလေးသူငယ်များပါ၊ ပါဝင်ဆင်နွှဲနိုင်ပြီး စာပေပွဲတော်ကပေးတဲ့ အတွေ့အကြုံ အသိအလိမ္မာများရရှိစေဖို့ ၊ စာအုပ်စာပေမှာ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေဖို့၊ ရိုးသားကြိုးစားကြဖို့၊ တစ်ကိုယ်ရေသန့်ရှင်းကြဖို့၊ ကျန်းမာရေး နဲ့ ညီညွတ်အောင် နေထိုင်တတ်ကြဖို့၊ မိမိရွာ၊ မိမိမြို့၊ မိမိပတ်ဝန်းကျင်ကို ဖျက်ဆီးသူများ မဖြစ်ကြစေဘဲ သန့်ရှင်းသပ်ယပ်လှပအောင် တည်ဆောက်သူများဖြစ်ကြဖို့ ရည်ရွယ်ကျင်းပ ခြင်းဖြစ်ကြောင်း" ပြောကြားသည်။  

ထို့နောက် မော်လမြိုင်ကျွန်းမြို့ မြို့မိမြို့ဖ ဒေါက်တာလှဟန်က "ယခု ကျင်းပတဲ့ ကလေးစာပေ ပွဲတော်မှ လူကြီးရောကလေးများပါ စာဖတ်မှုအလေ့အကျင့်ကောင်းများ အစပျိုးပေးလိုက်ခြင်း ဖြစ်ပြီး ကောင်းသောမျိုးစေ့တစ်ခု ရရှိလိုက်ခြင်းဖြစ်ကြောင်း" ကျေးဇူးတင်စကား ပြောကြား သည်။ 

ယင်းနောက် ကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူလေးများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဧည့်သည်တော်များက ပြပွဲ၊ ပြိုင်ပွဲ ကျင်းပ နေပုံများ၊ ကလေးစာပေပြပွဲ နှင့်စာအုပ်ဈေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှု အားပေး ခဲ့ကြသည်။

အဆိုပါ ကလေးစာပေပွဲတော်(မော်လမြိုင်ကျွန်း)တွင် ကရင်တိုင်းရင်းသားရိုးရာ ဒုံးယိမ်းအကနှင့် တယောအဖွဲ့၊ ကျောက်ဆည် ဆင်အကအဖွဲ့၊ ဘင်ခရာနှင့် ပန်းဖွား အကအဖွဲ့များ၊ ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစားနည်းများ၊ ဂိမ်းကစား နည်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းနှင့် အသိပညာပေး ပြခန်းများ၊ ကလေးစာဖတ်ခန်း၊ စာအုပ်အရောင်းဆိုင်များ၊ မြန်မာယူနီကုဒ်စနစ် ‌ပြောင်းလဲခြင်းဆိုင်ရာ လက်တွေ့လုပ် ဆောင်ခြင်း ပြခန်းတို့ပါဝင်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

အောင်မင်း(မြောင်းမြ)