Library Image

ကိုရိုနာဗိုင်းရတ်နဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့အကြံပေးချက််များ

13/03/20



COVID-19 ဗိုင်းရတ်ဟာ ပူပြင်းတဲ့ဒေသတွေနဲ့ စိုထိုင်းတဲ့ရာသီဥတုတွေမှာ ကူးစက်နိုင်ပါတယ်

COVID-19 ဗိုင်းရတ်ဟာ ကမ္ဘာအနှံ့ နေရာအားလုံးမှာ ကူးစက်နိုင်တယ်ဆိုတာ သက်သေအထောက်အထားများစွာရှိပါတယ်။ ရာသီဥတုအခြေအနေကို ဂရုမပြုဘဲ အိမ်မှာနေတာပဲဖြစ်ဖြစ် ခရီးသွားတာပဲဖြစ်ဖြစ် COVID-19 နဲ့ပတ်သက်တဲ့ ကြိုတင်ကာကွယ်မှုတွေကို သတိပြုလုပ်ဆောင်ရမှာပါ။  အကောင်းဆုံးကို ကာကွယ်မှုနည်းလမ်းကတော့ လက်ကို မကြာခဏဆေးကြောခြင်းပါပဲ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် သင့်လက်မှာ တွယ်ငြိကောင်း တွယ်ငြိနေမယ့် ဗိုင်းရတ်များကိုဖယ်ထုတ်ရှင်းလင်းစေပြီး သင့်ရဲ့ မျက်လုံး၊ ပါးစပ်နဲ့ နှာခေါင်းတို့ကို ထိကိုင်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ ကူးစက်မှုကိုလည်း ရှောင်ရှားနိုင်ပါတယ်။

အေးတဲ့ရာသီဥတုနဲ့ နှင်းတွေဟာ ကိုရိုနာဗိုင်းရတ်အသစ်ကို မသေစေနိုင်ပါ

အေးတဲ့ရာသီဥတုဟာ ကိုရိုနာဗိုင်းရတ်နဲ့အခြားရောဂါတွေကို သေစေနိုင်တဲ့ အထောက်အထားမရှိပါ။ ပြင်ပ အပူချိန် ဒါမှမဟုတ် ရာသီဥတုကို ထည့်မတွက်ပါက လူသားတစ်ဦးရဲ့ ပုံမှန် ခန္ဓာကိုယ်အပူချိန်ဟာ 36.5°C ကနေ 37°C အတွင်းကျန်ရှိနေမှာဖြစ်ပါတယ်။ အခုကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရတ်ကနေပြီး သင့်ကိုယ်သင် အကျိုးအထိရောက်ဆုံး ကာကွယ်တဲ့နည်းကတော့ အရက်ပြန်ပါဝင်တဲ့ လက်ဆေးရေ ဒါမှမဟုတ် ရေနဲ့ဆပ်ပြာကိုအသုံးပြုပြီး သင့်လက်ကို မကြာခဏဆေးကြောခြင်းပါပဲ။

ရေနွေးပူနဲ့ရေချိုးခြင်းဟာ ကိုရိုနာဗိုင်းရတ်ကို ကာကွယ်ရာမရောက်ပါ

ရေနွေးပူနဲ့ ရေချိုးခြင်းကြောင့် COVID-19 ကူးစက်မှုကနေ မကာကွယ်နိုင်ပါ။ ဘယ်လိုအပူချိန်မျိုးနဲ့ ရေချိုးတာဖြစ်ဖြစ် သင့် ပုံမှန် ခန္ဓာကိုယ်အပူချိန်ဟာ 36.5°C ကနေ 37°C အတွင်းကျန်ရှိနေမှာဖြစ်ပါတယ်။ အရမ်းပူတဲ့ ရေနဲ့ ချိုးတာမျိုးဆိုရင် သင့်ကို ထိခိုက်မှု လောင်ကျွမ်းမှုသာဖြစ်စေမှာပါ။ COVID-19 ကနေ ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ လက်မကြာခဏ ဆေးကြောခြင်းပါပဲ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် သင့်လက်မှာ တွယ်ငြိကောင်း တွယ်ငြိနေမယ့် ဗိုင်းရတ်များကိုဖယ်ထုတ်ရှင်းလင်းစေပြီး သင့်ရဲ့ မျက်လုံး၊ ပါးစပ်နဲ့ နှာခေါင်းတို့ကို ထိကိုင်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ ကူးစက်မှုကိုလည်း ရှောင်ရှားနိုင်ပါတယ်။

ကိုရိုနာဗိုင်းရတ်ဟာ ခြင် မှတစ်ဆင့် မကူးစက်နိုင်ပါ

ကိုရိုနာဗိုင်းရတ်ဟာ ခြင်ကနေတစ်ဆင့်ကူးစက်တယ်ဆိုတဲ့ အထောက်အထားရော သတင်းအချက်အလက်ပါ ယနေ့အချိန်အထိ မရှိပါ။ ကိုရိုနာဗိုင်းရတ်ဟာ အသက်ရှုလမ်းကြောင်းမှ ကူးစက်တဲ့ ဗိုင်းရတ်ဖြစ်ပြီး ရောဂါကူးစက်ခံထားရသူတစ်ဦးရဲ့ ချောင်းဆိုးခြင်းနဲ့ နှာချေခြင်းတို့ကနေ ထွက်လာတဲ့ (အရည်) အစက်ကလေးကနေတစ်ဆင့် အဓိက ပြန့်ပွားကူးစက်ပါတယ်။ ဒါ့အပြင် တံတွေး၊ သွားရည် ဒါမှမဟုတ် နှာရည် အစက်ကလေးတွေကနေတစ်ဆင့်လည်း ကူးစက်ပြန့်ပွားပါတယ်။ သင့်ကိုယ်သင် ကာကွယ်ဖို့အတွက် အရက်ပြန်ပါဝင်တဲ့ လက်ဆေးရည် ဒါမှမဟုတ် ရေနဲ့ဆပ်ပြာကို အသုံးပြုပြီး မကြာခဏဆေးကြောပါ။ နောက်တစ်ချက်အနေနဲ့ နှာချေ၊ ချောင်းဆိုးဖြစ်သူများနဲ့ အနီးကပ်နေထိုင်ခြင်းမှလည်း ရှောင်ကြည်ပါ။

လက်အခြောက်ခံစက်တွေဟာ ကိုရိုနာဗိုင်းရတ်ကို သေစေနိုင်လား

မသေစေနိုင်ပါ။ လက်အခြောက်ခံစက်တွေဟာ 2019-nCoV ကိုသေစေနိုင်ခြင်းမရှိပါ။ သင့်ကိုယ်သင် ကာကွယ်ဖို့အတွက် အရက်ပြန်ပါဝင်တဲ့ လက်ဆေးရည် ဒါမှမဟုတ် ရေနဲ့ဆပ်ပြာကို အသုံးပြုပြီး မကြာခဏဆေးကြောပါ။ ထိုသို့သန့်ရှင်းပြီးမှသာ သင့်လက် ခြောက်သွေ့သွားရန်အတွက် တစ်ရှုး ဒါမှမဟုတ် အခြောက်ခံစက်ကို အသုံးပြုသင့်ပါတယ်။

ခရမ်းလွန်ရောင်ခြည်နဲ့ ပိုးသတ်မီးဟာ ကိုရိုနာဗိုင်းရတ်ကို သေစေနိုင်လား

UV lamps တွေကို လက်တွေနဲ့ အခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ပိုးသတ်ဖို့ အသုံးမပြုသင့်ပါ။ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကျိန်းစပ်မှုကို ဖြစ်စေနိုင်ပါတယ်။

အပူချိန်တိုင်းကရိယာတွေဟာ လူတွေမှာ ကိုရိုနာဗိုင်းရတ်ကူးစက်မှု ရှိ/မရှိ သိရှိစေဖို့ ဘယ်လောက် အကျိုးထိရောက်သလဲ

အပူချိန်တိုင်းကရိယာတွေဟာ လူတွေမှာ အဖျားရှိ/မရှိကိုတော့ ထိထိရောက်ရောက်သိရှိပါတယ်။ ပုံမှန်ရှိသင့်တဲ့ အပူချိန်ထက် ပိုမြင့်နေကြောင်းသိရှိနိုင်ပါတယ်။ ကိုရိုနာဗိုင်းရတ်ကြောင့် အပူချိန်မြင့်တက်ခြင်း အပါအဝင်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဖျားခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်လာခြင်းမရှိသေးဘဲ ရောဂါကူးစက်ခံနေရသူတွေကိုတော့ စစ်ဆေးသိရှိနိုင်ခြင်းမရှိပါ။ ကိုရိုနာဗိုင်းရတ် ကူးစက်ခံထားရသူတစ်ဦးဟာ ဖျားခြင်း ခန္ဓာကိုယ်အပူချိန်မြင့်တက်လာခြင်းဖြစ်ဖို့အတွက် ၂ ရက်ကနေ ၁၀ ရက်လောက်အထိ ကြာမြင့်တတ်ပါတယ်။

အရက်ပြန် ဒါမှမဟုတ် ကလိုရင်း ကို ခန္ဓာကိုယ်တစ်ခုလုံးဖြန်းခြင်းအားဖြင့် ကိုရိုနာဗိုင်းရတ် သေစေနိုင်မှာလား

မသေစေနိုင်ပါ။ ဗိုင်းရတ်ဟာ ခန္ဓာကိုယ်ထဲရောက်နေသူအဖို့ တစ်ကိုယ်လုံးကို အရက်ပြန် ဒါမှမဟုတ် ကလိုရင်းဖြန်းပေးခြင်းအားဖြင့် ဗိုင်းရတ်များ သေမသွားပါ။ ထိုကဲ့သို့ဖြန်းခြင်းအားဖြင့် အဝတ်အထည်တွေ ဒါမှမဟုတ် မျက်လုံး၊ ပါးစပ်ကဲ့သို့သော နူးညံ့တဲ့ခန္ဓာအစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ အရက်ပြန်နဲ့ ကလိုရင်းနှစ်မျိုးစလုံးဟာ မျက်နှာပြင်တွေမှာရှိတဲ့ ဗိုင်းရတ်ပိုးများကို သတ်ရာမှာ အသုံးဝင်ပါတယ်။ ဒါပေမဲ့ သင့်လျော်တဲ့ ညွှန်ကြားချက်တွေအတိုင်းသာ အသုံးပြုဖို့ကလည်း လိုအပ်ပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေကနေတစ်ဆင့်ရော 2019-nCoV ကူးစက်ပြန့်ပွားနိုင်ပါသလား

လက်ရှိအချိန်အထိ ခွေးနဲ့ကြောင်လိုမျိုး အိမ်မွေးတိရစ္ဆာန်တွေကို ကိုရိုနာဗိုင်းရတ်ကူးစက်တယ်ဆိုတဲ့ အထောက်အထားမရှိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်နဲ့ထိတွေ့ကိုင်တွယ်အပြီးမှာ အရက်ပြန်ပါဝင်တဲ့ လက်ဆေးရည် ဒါမှမဟုတ် ရေနဲ့ဆပ်ပြာကို အသုံးပြုပြီး မကြာခဏဆေးကြောခြင်းဟာ ကောင်းမွန်တဲ့ စိတ်ကူးပါပဲ။ ဒီလိုမျိုးလုပ်ဆောင်ခြင်းအားဖြင့် အိမ်မွေးတိရစ္ဆာန်နဲ့ လူသားတွေအကြား ကူးစက်ဖြစ်ပွားနိုင်တဲ့ E.coli နဲ့ Salmonella ဘက်တီးရီးယားတွေရန်ကလည်း အကာအကွယ်ပေးနိုင်ပါတယ်။

အဆုတ်ရောင်ရောဂါ (pneumonia) ကာကွယ်ဆေးဟာ ကိုရိုနာဗိုင်းရတ်ကနေ အကာအကွယ်ပေးနိုင်ပါသလား

မကာကွယ်နိုင်ပါ။ အဆုတ်ရောင် ကာကွယ်ဆေးတွေဖြစ်ကြတဲ့ pneumococcal နဲ့ Haemophilus influenza type B ကာကွယ်ဆေးတွေဟာ ကိုရိုနာဗိုင်းရတ်ကနေ ကာကွယ်ပေးနိုင်စွမ်းမရှိပါ။

အခုဗိုင်းရတ်ဟာ အသစ်ဖြစ်ပြီး မတူကွဲပြားတဲ့အတွက် သူ့အတွက် သီးသန့် ကာကွယ်ဆေးလိုပါတယ်။ သုတေသနသမားတွေဟာ 2019-nCoV ကာကွယ်ဆေးအတွက် ကြိုးစားနေဆဲပဲ ရှိပါသေးတယ်။

လက်ရှိကာကွယ်ဆေးတွေဟာ 2019-nCov အတွက် အကျိုးသက်ရောက်မှုမရှိပေမဲ့ အသက်ရှုလမ်းကြောင်းရောဂါဆိုင်ရာ ကာကွယ်ဆေးထိုးခြင်းကတော့ သင့်ကျန်းမာရေးအတွက် အကာအကွယ်ဖြစ်ကြောင်း  မြင့်မြင့်မားမားထောက်ခံပါတယ်။

ဆားပါဝင်တဲ့အရည်နဲ့ နှာခေါင်းကို ပုံမှန်ဆေးကြောပေးခြင်းက ကိုရိုနာဗိုင်းရတ်ကူးစက်ခံရမှုကနေ အကာအကွယ်ပေးနိုင်မှာလား

မပေးနိုင်ပါ။ ဆားပါဝင်တဲ့အရည်နဲ့ နှာခေါင်းကို ပုံမှန်ဆေးကြောခြင်းဟာ ကိုရိုနာဗိုင်းရတ်ကူးစက်မှုကနေ အကာအကွယ်ပေးနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါ။

တချို့အထောက်အထားတွေမှာတော့ ဆားပါဝင်တဲ့အရည်နဲ့ နှာခေါင်းကိုပုံမှန်ဆေးကြောခြင်းအားဖြင့် တွေ့နေကျဖျားနာမှုတွေကနေ သက်သာရာရစေဖို့ အကူအညီဖြစ်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှာခေါင်းကို ပုံမှန်ဆေးကြောခြင်းက အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးနိုင်တယ်လို့ ဖေါ်ပြထားခြင်းတော့ မရှိပါ။

ကြက်သွန်ဖြူစားခြင်းဟာ ကိုရိုနာဗိုင်းရတ်ကူးစက်ခြင်းကနေ အကာအကွယ်ပေးနိုင်ပါသလား

ကြက်သွန်ဖြူဟာ ပိုးမွှားသေစေတဲ့ ဂုဏ်သတ္တိတချို့ရှိတဲ့ ကျန်းမာရေးအတွက်ကောင်းသော အစားအစာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကြက်သွန်ဖြူစားခြင်းဟာ ကိုရိုနာဗိုင်းရတ်ကူးစက်ခြင်းမှ အကာအကွယ်ပေးနိုင်တဲ့ အထောက်အထားတော့ မရှိသေးပါဘူး။

ကိုရိုနာဗိုင်းရတ်ဟာ အသက်ကြီးတဲ့သူတွေ ဒါမှမဟုတ် ငယ်ရွယ်ပေမဲ့ ရောဂါကူးစက်မှုဒဏ် ခံနိုင်ရည်မရှိသူတွေကိုပဲ ထိခိုက်စေတာလား

လူတိုင်း အသက်အရွယ်မရွေး ကိုရိုနာဗိုင်းရတ် (2019-nCoV) ကူးစက်ခံရနိုင်ပါတယ်။ အသက်အရွယ် ကြီးမြင့်သူတွေနဲ့ ပန်းနာ၊ ဆီးချို၊ နှလုံး စတဲ့ရောဂါအခံရှိသူတွေကတော့ ဗိုင်းရတ်ကြောင့် ဆိုးဆိုးရွားရွားဖျားနာမှုဖြစ်လာစေတဲ့အထိ ဖြစ်တတ်ပါတယ်။

WHO အနေနဲ့ကတော့ လူတိုင်း အသက်အရွယ်မရွေး ဗိုင်းရတ်ကူးစက်မှုကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးနည်းလမ်းတွေကို လုပ်ဆောင်ထားသင့်တယ်လို့ အကြံပေးထားပါတယ်။ ဥပမာအားဖြင့် လက်သန့်ရှင်းရေးနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ရန်နှင့် သန့်ရှင်းရေး။

ပဋိဇီဝဆေး (antibiotics) တွေဟာ ကိုရိုနာဗိုင်းရတ်ကို ကာကွယ်ဖို့ ကုသဖို့ အကျိုးထိရောက်နိုင်မလား

မရောက်နိုင်ပါ။ ပဋိဇီဝဆေးတွေဟာ ဘက်တီးရီးယားတွေအတွက်သာဖြစ်ပြီး ဗိုင်းရတ်အတွက် အလုပ်မဖြစ်ပါ။

ကိုရိုနာဗိုင်းရတ် (2019-nCoV) ဟာ ဗိုင်းရတ်ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဖို့ ကုသဖို့ ပဋိဇီဝဆေး (antibiotics) တွေကိုအသုံးမပြုသင့်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် 2019-nCoV အတွက် သင့်ဟာဆေးရုံတက်ကုသနေရပြီဆိုရင်တော့ ပဋိဇီဝဆေး (antibiotics) တွေ ပေးခြင်းခံကောင်းခံရနိုင်ပါတယ်။ ဘက်တီးရီးယား ပူးတွဲကူးစက်တာမျိုးလည်း ဖြစ်နိုင်လို့ပါ။

ကိုရိုနာဗိုင်းရတ်ကို ကာကွယ်ဖို့နဲ့ ကုသဖို့ သီးသန့်ဆေးဝါးတွေရှိနေပြီလား

လက်ရှိအချိန်အထိတော့ ကိုရိုနာဗိုင်းရတ် (2019-nCoV) အတွက် ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ ဆေးဝါးရှိမနေသေးပါ။

Ref: Coronavirus disease (COVID-19) advice for the public: Myth busters by WHO
မူရင်းလင့်
https://carsdb.com/redline/latest-news/coronavirus-disease-covid-19-advice-for-the-public-myth-busters/