Library Image

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၈-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၁၅) နာရီ

18/03/20



COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၈-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၁၅) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံအသီးသီးမှ COVID-19 ရောဂါ စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်ထားရှိသော လူနာများထံမှ ဓာတ်ခွဲနမူနာများကို ဓာတ်ခွဲစစ်ဆေးပေးလျက်ရှိပါသည်။

၂။ ယနေ့ နံနက် (၁၈-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၀၅) နာရီ တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ပေးပို့လာသော ဓာတ်ခွဲအဖြေအရ (ဇယား -၁) တွင် ဖော်ပြထားသော စောင့်ကြည့်လူနာ၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး မရှိကြောင်း သိရှိရပါသည်။

၃။ တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများမှ ဓာတ်ခွဲနမူနာများအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ရာတွင် ခရီးအကွာအဝေးအလိုက် ရောက်ရှိရန် ကြာမြင့်ချိန်ကွာခြားပါသည်။ ဓာတ်ခွဲနမူနာရောက်ရှိပြီး ဓာတ်ခွဲစစ်ဆေးမှုပြုအဆင့်ဆင့်ကို ပြုလုပ်ရာတွင် ကြာမြင့်ချိန် (၅) နာရီမှ (၈) နာရီ ကြာမြင့်ပါသည်။

၄။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ COVID-19 ရောဂါ ဓာတ်ခဲစစ်ဆေးမှုများကို ပိတ်ရက်မရှိ (၂၄/၇) ဆောင်ရွက်လျက်ရှိပါသည်။

၅။ ဇယား-၁တွင် ပါရှိသော ဓာတ်ခွဲအဖြေလူနာ၏ သတင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယမန်နေ့ (၁၇-၃-၂၀၂၀)၊ ည (၈) နာရီ ထုတ်ပြန်သော သတင်းတွင် ပါဝင်ပြီးဖြစ်ပါသည်။ ပြည်သူများဖတ်ရှုနိုင်ရန် ထပ်မံဖော်ပြအပ်ပါသည် -

(မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် နေထိုင်သော အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် လည်ချောင်းနာခြင်း၊ အန်ခြင်း၊ အစာမစားနိုင်ခြင်း စသည့် လက္ခဏာများဖြင့် တောင်ပြုံးတိုက်နယ်ဆေးရုံတွင် (၁၄-၃-၂၀၂၀) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် တက်ရောက်ကုသခဲ့ပြီး လူနာမှာ သက်သာမှု မရှိသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ လွှဲပြောင်းညွှန်းပို့ခဲ့ရာ လူနာတွင် မောခြင်း၊ အသက်ရှူကြပ်ခြင်း စသည့်လက္ခဏာများ တွေ့ရှိရ သဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ (၁၇-၃-၂၀၂၀) ရက်နေ့၊ နံနက် (၂) နာရီအချိန်တွင် ကန်တော်နဒီဆေးရုံသို့ ထပ်မံညွှန်းပို့ခဲ့ပါသည်။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ထားရှိပြီး လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်စဉ် နံနက် (၇) နာရီ (၃၀) မိနစ်အချိန်တွင် သေဆုံးသွားခဲ့ပါသည်။ သေဆုံးရသည့် အကြောင်းအရင်းမှာ လူနာ၏ ရောဂါရာဇဝင်နှင့် သွေးစစ်ချက်အဖြေများအရ သွေးဆိပ်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဖြစ်နိုင်ကြောင်း သိရှိရပါသည်။)
Resources