Library Image

ကဗျာဆရာ ပိုင်စိုးဝေ ကွယ်လွန်

20/09/20



#ပိုင်စိုးဝေ ကိုယ်ရေးအကျဉ်း

ဆရာပိုင်စိုးဝေအား ၁၉၄၄ခုနှစ်၊သြဂုတ်လ ၅ ရက်နေ့၌ အဖဦးတင်+အမိဒေါ်ရွှေမိတ်တို့မှ မြင်းခြံခရိုင်၊တောင်သာမြို့နယ်၊အောင်သာကျေးရွာမှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်အခါက အောင်သာကျေးရွာ ပြည်တော်သာကျောင်း၌ ကိုရင်ဘဝဖြင့် ပညာသင်ကြားခဲ့ပါတယ်။  ၁၉၆၆ခုနှစ်တွင်
 မန္တလေးမြို့သို့
 ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်တွင် မန္တလေးမြို့ ပန်တျာကျောင်းတွင် ညစောင့်အလုပ်လုပ်ရင်းဖြင့်ပင် ၁၀တန်းစာမေးပွဲအား ၀င်ရောက်ဖြေဆိုခဲ့တယ်။ ၁၉၇၃ခုနှစ်မှာတော့ ၁၀တန်းစာမေးပွဲအား အောင်မြင်ခဲ့ပါတယ်။ ၁၉၇၄ခုနှစ်တွင် တိုင်းရင်းဆေးသိပ္ပံ၌ လက်ထောက်စာကြည့်တိုက်မှူး တာ၀န်ကိုထမ်းဆောင်ခဲ့ပါတယ်။
၁၉၇၇ခုနှစ်မှာတော့ ဆရာပိုင်စိုးဝေဘ၀တဆစ်ချိုးပြောင်းလဲခဲ့ပါတယ်။ ပန်တျာအကနည်းပြ ဒေါ်အေးကြည်နှင့်ဖူးစာဖက်ကာ တအိုးတအိမ်ထူထောင်ဖြစ်ခဲ့ပါတယ်။ ထိုနှစ်ထဲမှာပဲ နေမင်းပိုင်စိုး ကလောင်အမည်ဖြင့် " နေရောင်ခြည်နှင့်တွေ့ဆုံခြင်း"ကို စာကူးစက်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။
၁၉၈၃ခုနှစ်မှာတော့ မန္တလေးတက္ကသိုလ်မှ မြန်မာစာဘွဲ့ကို စာပေးစာယူဖြင့်ရရှိခဲ့ပါတယ်။
၁၉၉၃ခုနှစ်တွင် ပန်တျာကျောင်း၌ ကဗျာနည်းပြတာ၀န်ကိုထမ်းဆောင်ရင်း ၂၀၀၇ခုနှစ်တွင် အငြိမ်းစားယူခဲ့ပါတယ်။
၁၉၈၉ခုနှစ်တွင် ဟန်သစ်မဂ္ဂဇင်းအဝေးရောက်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ဆရာပိုင်စိုးဝေ၏ ထုတ်ဝေပြီးခဲ့သောစာအုပ်များကတော့

၁။ အီကွေတာအော်သံ(ပိုင်သနှင့်တွဲ၍)
၂။ နေရောင်ခြည်နှင့်တွေ့ဆုံခြင်း
၃။ ဗုဒ္ဓဟူးနေ့မှမိုင်ငါးရာ
၄။ သိန်းစွန်ငှက်အပြန်လမ်း
၅။ လင်းနို့၏မှတ်စု
၆။ ဣတ္ထိယတောင်တန်း
၇။ မူးနေတဲ့ကြယ်တံခွန်
၈။ အစိမ်းရောင်မြစ်သို့တမ်းချင်း
၉။ ကိုဘိုတူရဲ့ဖြောင့်ချက်များ
၁၀။ ပိုင်စိုးဝေကဗျာ
၁၁။ ကဗျာပိုင်စိုးဝေ - ပိုင်စိုးဝေကဗျာ စာအုပ်များဖြစ်ပါတယ်။

ဆရာပိုင်စိုးဝေသည် မန္တလေးပန်တျာကျောင်း၀င်းအတွင်း၌ ဇနီးဖြစ်သူ၊သားသမီး၊မြေးများနှင့်အတူ နေထိုင်လျက်ရှိပါတယ်။

 Poetry Wave
#၂၀၁၉ မတ်လ၊
Credit-KZaw Moe

ကဗျာဆရာ ပိုင်စိုးဝေ
ကွယ်လွန်
၂၀၂၀ စက်တင်ဘာ ၁၉ 
၃:၁၅


#မန္တလေး

ပိုင်စိုးဝေ 

( ၁)

အရှေ့ဘက်မှာ
တောင်တန်းပြာပြာကြီးတွေ ရှိလေရဲ့ ။
ငြိမ်လည်းငြိမ်သက်
တိတ်လည်း တိတ်ဆိတ်
ခံ့ညားပြီး ဣနြေ္ဒလည်းကြီးမားလှတဲ့
အဲဒီတောင်တန်းတွေဆီ ငေးမောရင်း
နာရီစင်ဟာ
သူရှိနေတယ်ဆိုတာကို သူ့မေ့နေတတ်ရဲ့ ။

တစ်ခါတစ်လေ
ရပ်တန့်နေတဲ့ နာရီလက်တံတွေကို ကြည့်ပြီး
မင်းရပ်နေပေါ့တဲ့
မန္တလေးဟာ ရပ်နေပေါ့တဲ့ 
လူတချို့ ထိတ်လန့်တတ်ကြရဲ့ ။

မန္တလေးရဲ့ သမိုင်းဆိုတာ
မြင်ရိုင်းပင်တွေကြားက
ခြင်္သေ့တစ်ကောင်ရဲ့ ကပ်ပယ်အိတ်တဲ့လား
နန်းမတော် မယ်နုတောင်မှ
အဲဒီဝါဒကို အသေအချာ ငြင်းဆိုလိမ့်မယ် ။

ဧရာဝတီမြစ်ရေဟာ
မန္တလေးကို မရစ်ခွေပါဘူး
နေရစ်ခဲ့
နေရစ်ခဲ့လို့ဆိုပြီး
တိတ်တဆိတ် စီးဆင်းသွားလေရဲ့ ။

သူစိမ်းတွေကြား
အစွန့်ပစ်ခံ နှလုံးသားတစ်ခုလို
ခိုတွေရဲ့ ညည်းတွားသံကို နာခံရင်း
ကျန်ရစ်ခဲ့ရပေါ့ ။

မန်ကျည်းပင်အိုတွေက
တဖြည်းဖြည်း စိမ်းစိုညို့မှိုင်းး
ခြင်္သေ့တွေရဲ့ ကျောပြင်ဟာ
အပိုင်းပိုင်းကွာကျ
ရွှေတချောင်းဟာလည်း
အမှိုက်ပုံတွေထဲ မောမောပန်းပန်းတိုးဝှေ့လို့ ။

ဘုရားကျောင်းကန်
စေတီပုထိုးတွေနဲ့
ကျုံးမြို့ရိုးကြီးကတော့
ရာသီတွေရဲ့ ကုတ်ခြစ်မှုတွေကို ကြံ့ကြံ့ခံရင်း
မန္တလေးသီချင်းကို ဆိုဆဲပါ ။

၂၆ ဘီလမ်း
၈၄ လမ်း
မြို့ပြရဲ့ အသည်းနှလုံးရပ်ကွက်တွေ
မော်တော်ကားဂိတ်တွေ၊
တည်းခိုခန်းမကြီးတွေ၊
အကြီးစားလုပ်ငန်းစက်ရုံတွေ
ဆိတ်ငြိမ်ရပ်ကွက် ဝင်းခြံကြီးတွေ
နောက်ဆုံး
ဘုန်းတော်ကြီးတွေရဲ့ ဘုရားကျောင်းကန် အုတ်တံတိုင်းပေါ်က
အလှူရှင် စာတန်းတွေဆီ
တအိအိ
တရိရိ
မြောက်ဘက်တောင်ကုန်းတွေဆီက
ဆီးနှင်းဖြူဖြူတွေ ပြိုကျခဲ့ပေါ့ ။

( ၂ )

မန္တလေးရဲ့ သမိုင်း
မုန်တိုင်းတွေထန်ခဲ့၊
ဆယ်စုနှစ်အထပ်ထပ်
မြင့်မြတ်ခဲ့၊ ဂုဏ်သိက္ခာမဲ့ခဲ့၊
ပေးဆပ်ခဲ့၊ ကျွန်ဖြစ်ခဲ့။ မသိဉာဏ်မဲ့ခဲ့၊
စည်းလုံးညီညွတ်ခဲ့၊ ပြိုကွဲခဲ့၊
'ငါ့နှလုံးသွေး
မရပ်သေးသမျှ
ငါ့မန္တလေးကို ငါပိုင်ဆိုင်ရမယ်'
ရာဇဝင်စာမျက်နှာများပေါ်က
ငါတို့ အဘိုးအဘွားတွေရဲ့ စိတ်ဓာတ်
ဖတ်ရတဲ့အခါ
ဝမ်းလည်းဝမ်းသာ
ပီတိလည်းဖြစ်
ကျေးဇူးလည်းတင်၊ ဂုဏ်လည်းယူ
အားလည်း အားတက်ပြီး၊ ငိုလည်းငိုကြွေးမိရဲ့ ။
ပြင်းထန်တဲ့ စိတ်နှလုံး ပေါက်ကွဲမှုနဲ့
ယူကျုံးမရ ဒေါသဖြစ်မိရဲ့
တကယ်တော့
ငါ့မန္တလေးဆိုတာ
သူ့အရှင်သခင်ပိုင်တဲ့ မန္တလေးပါ
အရှင်သခင်ရဲ့ မန္တလေးဟာ
ကျေးကျွန်တစ်ယောက်ရဲ့ မန္တလေးပါပဲ 
သူတို့အားလုံးရဲ့ မန္တလေးဆိုတာ
သူတို့ချစ်တဲ့ မြန်မာပြည်ပဲပေါ့ ။

ဒါတို့ပြည်
ဒါတို့မြေ
တို့ဘိုးဘွားအမွေ