Library Image

သတင်းစာဆရာ တက္ကသိုလ်စိန်တင် ကွယ်လွန်

19/10/20



အမျိုးသားစာပေဆုရှင် စာရေးဆရာ၊ သတင်းစာဆရာ
တက္ကသိုလ်စိန်တင် ကွယ်လွန်
====================================

နေပြည်တော်   အောက်တိုဘာ   ၁၄
အမျိုးသားစာပေဆုရှင် စာရေးဆရာ၊ သတင်းစာဆရာ တက္ကသိုလ်စိန်တင် သည်   အောက်တိုဘာ ၁၃ ရက်ညနေတွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။  
ဆရာတက္ကသိုလ်   စိန်တင်ကို ဖြူးမြို့တွင် ၁၉၃၅ ခုနှစ်၊   ဩဂုတ် ၂၇ ရက်၊  အင်္ဂါနေ့၌ အဖ အငြိမ်းစား ကျောင်းဆရာ       ကြေးမုံသတင်း ထောက်  ဦးညွန့်၊   အမိ  ကျောင်း ဆရာမ ဒေါ်ခင်စုတို့က ဖွားမြင်သည့် မွေးချင်းငါးယောက်အနက်  ဒုတိယ မြောက်သား ဖြစ်သည်။ ငယ်မည်မှာ ဆတ်ထူးဖြစ်ပြီး    အမည်ရင်းမှာ ဦးစိန်တင်  ဖြစ်သည်။ မိဘများမှာ ကျောင်းဆရာ၊ ကျောင်းဆရာမများ အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုသည်။ ငယ်မည် မောင်စိန်တင်ဟု အမည်တွင်ရခြင်းမှာ     ထိုစဉ်က ကွယ်လွန်သူ   စာရေးဆရာကြီး သိပ္ပံ မောင်ဝ၏ အမည်ရင်း ဦးစိန်တင်ကို စံနမူနာယူ၍   နောင်တွင်  စာရေး ဆရာ တစ်ဦး ဖြစ်လာစေလိုသော ရည်ရွယ်ချက်ဖြင့် ၎င်း၏မိဘများက မောင်စိန်တင်ဟူ၍   မှည့်ခေါ်ခဲ့ကြ ခြင်းဖြစ်သည်။
၁၉၄၀   ပြည့်နှစ်တွင်   ဖြူးမြို့ ဆရာကြီး ဦးဖိုးထိုက်၏ ကျောင်း၌ သူငယ်တန်းပညာ  စတင်သင်ကြား ခဲ့ပြီး  ၁၉၄၁ ခုနှစ်တွင် ညောင်ဦးမြို့ အစိုးရ   အလယ်တန်းကျောင်း၌ တတိယတန်းအထိ ဆက်လက်ပညာ သင်ကြားသည်။   ၁၉၄၆  ခုနှစ်တွင် ညောင်ဦး   ဦးပဏ္ဍိတ၏   အခမဲ့ အလွတ်    ပညာသင်ကျောင်း၌   တတိယတန်းမှစ၍      ပြန်လည် သင်ကြားပြီး ထိုနှစ်မှာပင် မင်းဘူး အစိုးရ   အထက်တန်းကျောင်းသို့ ပြောင်းရွှေ့  ပညာသင်ကြားသည်။ ၁၉၅၄   ခုနှစ်တွင်   မင်းဘူးအစိုးရ အထက်တန်းကျောင်းမှ ဆယ်တန်း အောင်မြင်ခဲ့ပြီး   ရန်ကုန်တက္ကသိုလ် ၌ ဆက်လက်ပညာသင်ကြားခဲ့ရာ    ၁၉၆၄ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ထို့နောက်     စာရေးဆရာဖြစ်ရန် ရည်ရွယ်ချက်ဖြင့်    သတင်းစာ၊  ဂျာနယ်၊  မဂ္ဂဇင်းများ၌ ဝင်ရောက် ရေးသားနိုင်ရန် ကြိုးစားသည်။
အသက် ၁၁ နှစ်သားအရွယ်တွင် ၁၉၄၆ ခုနှစ် မတ်လထုတ်  သတင်းစုံ ဂျာနယ်၌ မောင်စိန်တင်၏ ကြည်ညို ဖွယ်ကောင်းလို့  ခညောင်းတဲ့ပူဇော် မန်းရွှေစက်တော်        ခရီးသွား ဆောင်းပါးတစ်ပုဒ်   ဖော်ပြပါရှိခဲ့ပြီး ပထမဆုံး      စာပေလက်ရာလည်း ဖြစ်ခဲ့သည်။
တက္ကသိုလ်ရောက်သည့် အချိန် မှစ၍         ‘တက္ကသိုလ်စိန်တင်’ ကလောင်အမည်ကို    အသုံးပြုခဲ့ သည်။   တက္ကသိုလ်   မောင်လှမှူး အမည်ဖြင့်လည်း   ရေးခဲ့ဖူးသည်။  ရွှေတူဂျာနယ်၌        ‘ဘုန်းကြီး ကျောင်းသား သာဂိ’ အမည်ကိုသုံး၍ ဆောင်းပါးများ    ရေးသားခဲ့သည်။ ၁၉၇၀ ပြည့်နှစ်ထုတ် ‘ပညာရှင်တို့ ပျော်ရာမြေ’    ဘာသာပြန်စာအုပ် တွင်မူ ကလောင်အမည် ‘စိမ့်မောင်’ ဟု အသုံးပြုခဲ့သည်။
၁၉၅၀ ပြည့်နှစ်တွင်  မင်းဘူးမြို့   ဗမာ့ခေတ် သတင်းထောက်၊ ၁၉၅၄ ခုနှစ်တွင်        တက္ကသိုလ်သတင်း ထောက်၊    ထို့နောက်  ကြေးမုံ၊ ဘွင်းဘွင်း၊ မြန်မာ့အလင်း၊ မဏ္ဍိုင်၊  ဗမာ့ခေတ်သတင်းစာတို့၏  မင်းဘူး သတင်းထောက်အဖြစ် တာဝန်ယူ ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် အိုးဝေ သတင်းစာ       တာဝန်ခံအယ်ဒီတာ အဖြစ် ထမ်းဆောင်ခဲ့သည်။ ယင်းနှစ် ဧပြီလ၌ပင်  အဖ  ဦးဘမှန်၊  အမိ ဒေါ်နန်းရွှေတို့၏ သမီး ဒေါ်တင်စိန် ( M.Ed )    ပညာရေးတက္ကသိုလ် အငြိမ်းစားကထိကနှင့်   လက်ထပ် ခဲ့သည်။   ဒေါ်တင်စိန်သည်  ‘စိမ့် (ပညာရေး)’ ကလောင်အမည်ဖြင့်   စာပေရေးသားနေသော      စာရေး ဆရာမ တစ်ဦးဖြစ်သည်။  
တက္ကသိုလ်စိန်တင်၏   ပထမ ဦးဆုံး လုံးချင်းစာအုပ်မှာ မြစာပေ တိုက်မှ ထုတ်ဝေသော   နှင်းမှုန်ကြား မှ တပ်နီတော်  ၁၉၆၆ ဘာသာပြန် ဝတ္ထုဖြစ်သည်။   ၁၉၇၆  ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့် စာအုပ်မှာ   ဒုတိယမြောက်  လုံးချင်း စာအုပ်ဖြစ်သည်။
အတ္ထုပ္ပတ္တိ        စာပေများကို ရေးသားရာတွင်        ဝတ္ထုဟန်ဖြင့် ရေးဖွဲ့တင်ပြလေ့ရှိသဖြင့်   စာဖတ် ပရိသတ်တို့အဖို့   စွဲမက်ဖွယ်ဖြစ်ရ သည်။ ပခုက္ကူ ဦးအုန်းဖေ ဘဝခရီး နှင့် အောင်မြင်နည်း အတွေ့အကြုံ များ  စာအုပ်ဖြင့် ၁၉၉၃ ခုနှစ်တွင် အမျိုးသားစာပေဆု (စာပဒေသာဆု) ဆွတ်ခူးရရှိခဲ့သည်။ ဆရာတက္ကသိုလ် စိန်တင်သည် ဝတ္ထုဟန် အတ္ထုပ္ပတ္တိ စာအုပ်များ       ရေးသားခြင်းဖြင့် ထင်ရှားလာခဲ့သော    စာရေးဆရာ တစ်ဦးဖြစ်သည်။ ဗုဒ္ဓဂယာဘုရားဖူး ခရီးမှ     ဖြစ်ရပ်မှတ်တမ်းများကို   ဗုဒ္ဓဂယာဓမ္မခရီးစဉ်      အမည်ဖြင့် စာမူရေးသားပြုစုခဲ့သည်။
ဆရာတက္ကသိုလ် စိန်တင်သည် ဒဂုံမြို့သစ်မြောက်ပိုင်း၌     ဇနီး ဒေါ်တင်စိန်    (စိမ့်-ပညာရေး)နှင့် အတူနေထိုင်နေစဉ်   ထိုသို့ အသည်း ရောဂါဖြင့်     ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။               မြန်မာ့အလင်း