Library Image

တစ်ယောက်တည်းနေတဲ့နောက်ဆုံးလူ

27/12/22



လင်းလွန်းခင်စာပေတိုက်မှ၂၀၂၂ခုနှစ်ဒီဇင်ဘာလအတွက်ထုတ်ဝေဖြန့်ချိပေးတော့မည့်စာအုပ်ကတော့လင်းလွန်းခင်စာပေတိုက်ရဲ့စင်တင်စာရေးဆရာ လုလင်လက်ျာဖန်တီး ရေးဖွဲ့
တဲ့"တစ်ယောက်တည်းနေတဲ့ နောက်ဆုံးလူ"ပင်ကိုယ်ရေး ဝတ္ထုရှည် စာအုပ်ပါ။ဒီဇင်ဘာနောက်ဆုံးပတ်လောက်မှာဖြန့်ချိနိုင်ပါလိမ့်မယ်။သည်စာအုပ်ရဲ့ review တွေကိုတော့ကြိုတင်ပေးဖတ်ထားသူများရဲ့ဖတ်ရှုခံစားချက်လေးများနဲ့ စုစည်းပေးထားပါတယ်။သည်စာအုပ်လေးရဲ့ အရည်အသွေးကတော့ ဖေါ်ပြပါစာဖတ်သူများညွှန်းဆိုထားတာနဲ့ ကိုက်ညီပါ့မလားဆိုတာ စာအုပ်ထွက်တဲ့အခါဖတ်ရှုခံစားနိုင်ကြမှာပါ။
စာမျက်နှာ၂၂၃မျက်နှာရှိတဲ့စာအုပ်ကို Woodfreeစက္ကူအဖြူချောနဲ့ရိုက်နှိပ်ထားသလို မျက်နှာဖုံး ကာဗာကိုလည်းသမားရိုးကျပုံစံမဟုတ်ပဲ ဆန်းသစ်ထားတာမို့ စိတ်ဝင်းစားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

စာအုပ်အမည် တစ်ယောက်တည်းနေတဲ့ နောက်ဆုံးလူ
စာရေးသူ လုလင်လက်ျာ
စာမျက်နှာ ၂၂၃ မျက်နှာ

 စာဖတ်သူ ၁
ဒီအတိုင်း ပေါ့ပေါ့ပါးပါး ဖတ်လိုက်တယ်။ စီးမျောလို့ ကောင်းလိုက်တာများ။ တခြားကမ္ဘာထဲ ကိုယ်ပါရောက်သွားသလို။ ဒါနဲ့ စိတ်ဝင်စားမိလာကော။ တခြားကမ္ဘာမှ မဟုတ်ဘဲ။ ဒီကမ္ဘာပဲ။ ဒီကမ္ဘာပဲကိုမှ ဘယ့်နှယ်ခင်းပြထားပါလိမ့်။ ပေါ့ပေါ့ဖတ်တုန်းက ပါးပါးပဲ ထိတွေ့လိုက်ရတာတွေဟာ စိတ်နှစ်ရင် နှစ်မိသလောက် လေးလံလာတယ်။ သူ့ဝတ္ထုနဲ့ ကိုယ့်ကြားမှာ သူ့စာသားတွေတောင် ခြားမနေတော့သလိုမျိုး။ ပူးဝင်သွားတဲ့ အခါများဆို သရီးဒီဆင်မြူလေးရှင်းထဲမှာ ဇာတ်ကောင်နဲ့ ပတ်ဝန်းကျင်ကို ဘေးက လိုက်ကြည့်နေရတဲ့အတိုင်းပါပဲ။
 စာဖတ်သူ ၂
အပြော၊ အပြဆိုလား။ ဒီမှာတော့ တစ်ဖက်စောင်းနင်းနဲ့ အပြများတယ်။ အပြသက်သက်လို့တောင် ပြောချင်တယ်။ မျက်ခြည်မပြတ် လိုက်ကြည့်နေရတယ်။ တစ်ဝါကျမှ အလွတ်ပေးလို့မရဘူး။ ဖတ်ရတာ တာဝန်ကြီးလိုက်တာလို့ ညည်းရင်းပဲ ဖတ်လို့ပြီးသွားတယ်။ ပင်ပန်းမယ်လို့ ထင်ထားခဲ့တာ။ မဟုတ်ဘူးပဲ။ မပြီးစေချင်သေးဘူး ဖြစ်နေတယ်။ သြော် တတ်လဲတတ်နိုင်ပါ့။ ကျွန်တော့်စိတ်ကို ပြောတာ။ လိုက်တွေးရတာကို၊ တွေးတွေးပြီး မြင်ယောင်ကြည့်ရတာကို ကျွန်တော့်စိတ်က ကြိုက်သွားပုံပဲ။
 စာဖတ်သူ ၃
ရသပိုင်း အထူးပြောရန်မလို။ ဝတ္ထုတိုသမား။ ဆုများရှင်။ ရေးသမျှ အားထည့်တတ်။ ဖတ်ရင်းနဲ့ တစိမ့်စိမ့်ခံစားရုံပဲ။
သုတပိုင်း။ ဒါလဲ ထူလပျစ်ကြီး ဖြစ်မနေဘူး။ သီအိုရီ (သူ့အရေးအသားအတိုင်းဆို သီဝရီ) ခပ်များများ။ Technical Terms ခေါ်မလား။ ဒါမျိုးတွေ ဖောချင်းသောချင်း အဆာသွတ်ထားမှ ရေးလို့ဖြစ်မဲ့ ဇာတ်မျိုးကို ကိုင်တွယ်ထားတာ။ ထင်သလောက် ငြီးငွေ့စရာ မပါဘူး။ မပေါ်ပေါက်သေးတဲ့ နည်းပညာတွေကို ထည့်ချသွားတာများ သင်ထားတတ်ထားသလို ခပ်ညက်ညက်။
ဒဿနပိုင်း။ စာဖတ်ရင် ဒီသုံးပိုင်းနဲ့ ဖတ်တယ်။ ခွဲခြမ်းစိတ်ဖြာတာတော့ မလုပ်ဘူး။ ကိုယ့်ဘာသာပဲ အာရုံညွှတ်ဖတ်တာ။ တချို့ကို ရသခံစားမယ်ဆိုပြီး၊ တချို့ကို သုတရှာတဲ့ အနေနဲ့၊ တချို့ကို ဒဿန။ တစ်ခါတလေကျ စိတ်ပေါက်ရင် တစ်လှည့်စီ အာရုံခံတာပဲ။ ဒီဝတ္ထုက စိတ်ပေါက်မိတဲ့အထဲပါတော့ ရသ၊ သုတ၊ ဒဿန တစ်လှည့်စီဖတ်မိ။ သုံးခေါက်ရှိသွားကော။ ခက်တာက သုံးခေါက်လုံးမှာ နောက်ထပ် ထပ်ဖတ်ချင်နေသေးတာ။ ခံတွင်းလိုက်တဲ့ စာ။
 စာဖတ်သူ ၄
မချောင်ဘူး။ Google ခေါက် ဖတ်နေရတယ်။ ခရစ်နှစ်လား ဘာလား ၃၀၀၀ ပြည့်နှစ်လောက်က ကိစ္စတွေကို ဘယ်ရက်က တနင်္ဂနွေ ဘယ်ရက်က တနင်္လာနဲ့။ အဲလောက်အတိအကျတွေ ဘာလို့ ထည့်ရေးထားမှန်း မသိဘူး။
 စာဖတ်သူ ၅
တကယ်တမ်း ကျွန်မက စာဖတ်မြန်တဲ့အထဲ ပါတယ်လေ။ စာအုပ်တစ်အုပ်ဖတ်ရင် ခဏလေးပဲ။ ကျွန်မကြိုက်တဲ့ စာဆိုရင်တော့ တစိမ့်စိမ့်ဖတ်ပြီး ဇာတ်ကောင်ထဲ စီးမျောသွားတတ်ခဲ့။
ခုဒီစာအုပ်ကလဲ တစ်စိမ့်စိမ့်စီးမျောနစ်ဝင်တာ။ ကိုယ့်ကိုကိုယ် ဇာတ်ကောင်လို့ ထင်မှတ်မှားပြီး လွှမ်းမိုးခံရ။ သူပျော်ရင်၊ သူတွေးရင် စာဖတ်သူရဲ့ နှလုံးသားက လိုက်ခံစားရလောက်အောင် စာရေးသူက သူ့အတတ်ပညာနဲ့ ဆွဲခေါ်သွားနိုင်တယ်။
ကျွန်မတို့ လက်ရှိအနေထားမဟုတ်တဲ့ ရာစုသစ်တစ်ခုကို စာရေးသူရဲ့မာယာနဲ့ဖန်တီးထားတဲ့ ကမ္ဘာသစ်တစ်ခုဆိုပေမဲ့ ခုပစ္စုပ္ပန်ဒီကမ္ဘာကို မီးမောင်းထိုးပြ။ အဲထဲကမှ မိုးရိုင်းဆိုတဲ့ လူငယ်လေးတစ်ဦးကို ဗဟိုပြုပြီး ကမ္ဘာသစ်တစ်ခုဆီသို့ အရွေ့မှာ စာရေးသူရဲ့ ကဝေအတတ်ပညာ နှလုံးသားအာဟာရ စကားလုံးများစွာထဲက လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်လို့မရတော့တဲ့အခါ ခံနိုင်ရည်နဲ့ အသက်ရှင်လိုက်ရတာပါပဲ။ မျှော်လင့်ချက်ဆိုတာကအမြဲအသုံးဝင်နေတာမဟုတ်ဘူးကိုး။ မှန်ပါတယ်။ ကျွန်မတို့ဟာ ၉၀%က ခံနိုင်ရည်ဆိုတာနဲ့ပဲ အချို့သောအရာတွေကို ကျော်ဖြတ်ကြရတာမဟုတ်လား။
 စာဖတ်သူ ၆
ခေတ်လွန်ဝတ္ထုလား။ ဟုတ်လား။ တောသံကြီးနဲ့ ထထပြောတဲ့ ဒိုင်ယာလော့တွေ ဖတ်ရတော့ ကသိကအောက်ပဲ။ အကြောင်းအရာက ဆန်းတယ်။ ရေးတာလဲ ခပ်ဆန်းဆန်းပဲ။ နဂိုကတည်းက မဲပြာမကြိုက်တော့ အသစ်အဆန်းပဲ လုပ်မှာပေါ့လေ။
 စာဖတ်သူ ၇
အသေးအဖွဲလေးတွေကအစ ဂရုတစိုက် အားထည့်ထားတော့ ဖတ်ရတာ အရသာသိပ်ရှိတာပဲဗျာ။ ဥပမာ- ရေသောက်ဖို့ကို ခြေလှမ်းဘယ်နှလှမ်း လျှောက်မှ ဘယ်လောက်ရမယ် ဆိုတာမျိုးတွေ။ တော်တော်လုပ်ထားတာပဲ။ ယူနီဗာ့စ်များ တည်မလို့လား။
 စာဖတ်သူ ၈
အပျော်ဖတ်လို့တော့ မရဘူး။ ဖတ်ရတာလဲ မပျော်ဘူး။ အကြောင်းအရာက ဇာတ်တအားနာနေလို့လားဆို။ မဟုတ်ဘူး။ သာမာန်ကာလျှံကာဆို နားမလည်လို့။ နားမလည်လို့ နားမလည်ဘူးပြောလဲ ရေးတဲ့သူက ခံစားစရာပစ္စည်းကို နားလည်တာ၊ နားမလည်တာဆိုတဲ့ feedback ပေးရင် မကြိုက်ပြန်ဘူး။ ဒီတော့ ကျေနပ်အောင် ဉာဏ်မမီဘူး ပြောလိုက်တယ်။
 စာဖတ်သူ ၉
ဒါ ဘာသာပြန်လား၊ ပင်ကိုယ်ရေးလား။ ဇာတ်ကောင်နာမည်တွေကြောင့်ကော၊ နောက်ပြီး အကြောင်းအရာ၊ အရေးအသား။ သိပ်ဗမာမဆန်ဘူးလားလို့။ SyFy ရေးလဲ ဗမာနာမည်ပေးလို့ ရတာပဲ။ ဒါတော့ ရေးသူ Right ပေါ့လေ။ ဝါကျတွေကတော့ ငြိမ်နေကော။ အယိုင်အနဲ့ မရှိ၊ လိုသလိုဆွဲခေါ်သွားတာကိုတောင် ဆွဲခေါ်သွားတယ် မထင်မိရဘူး။ အလိုက်သင့် လက်ခံလိုက်မိအောင် ရေးချက်က ငြိမ်နေတာ။ ဟုတ်လား။ ပင်ကိုယ်ရေးပေါ့။
စာဖတ်သူ ၁၀
လေးစားရတဲ့ဆရာကြီးတစ်ယောက်ကတော့ ဝတ္ထုရဲ့ဇီဝိန္ဒြေလို့ သုံးဖူးတယ်။
ပတ်ဝန်းကျင်နောက်ခံရယ်၊
ဇာတ်ကောင်တွေရယ်၊
သူတို့အလေ့အထတွေရယ်၊
အဓိကကတော့ ဒီဝတ္ထုမှာ အဲ့ဒီအချက်တွေ ဟာမိုနီဖြစ်နေတာပဲ။
ဘုန်းကြီးနဲ့ဘီးလို မဆီမလျော် အံချော်နေတာမျိုး မရှိဘူး။
သမားရိုးကျတွေထဲက ထောင့်ချိုး ခွဲထွက်သွားတယ်။
ခရစ်နှစ် 3000 မှာရှိနေမယ့် အသေးစိတ်တိကျမှုတွေက ရူးခါလောက်တယ်။
တကယ် ရင်သပ်ရှုမောဖြစ်စေတာက အနုစိပ်နိုင်နင်းတဲ့ ဇာတ်ကောင်စရိုက်အဖွဲ့တွေပဲ။
ဇာတ်ကောင်နာမည်တွေကလွဲရင်အလွန်မြန်မာဆန်တဲ့ SyFy ပါ။
ဆရာကျော်စိန်မင်းရဲ့ မြန်မာSyFy
တွေကိုတောင် သတိရမိသေးရဲ့။
သစ်ပင်ခုတ်တာတွေ၊ CFC လျှော့သုံးဖို့တွေ တစ်လုံးတစ်ပါဒမျှ
မပြောထားတဲ့ ရသအပြည့်နဲ့ environmental ဝတ္ထုတစ်ပုဒ်။
ဖေါက်သည်ချချင်တာတွေများပါတယ်။
တစ်ကြောင်းတည်းပြောရရင် ဖတ်ဖြစ်အောင်သာဖတ်ကြည့်ဖို့ပါပဲ။ 
လူဆိုတာ
မျှော်လင့်ချက်နဲ့ အသက်ရှင်လို့ မရတော့တဲ့အခါ
ခံနိုင်ရည်နဲ့ အသက်ရှင်လိုက်ရတာပါပဲ။

##တစ်ယောက်တည်းနေတဲ့နောက်ဆုံးလူ
စာရေးသူ 
#လုလင်လက်ျာ
တန်ဖိုး - ၆၅၀၀ကျပ်

#စာအုပ်မှာယူလိုပါက