Library Image

ကာတွန်းဦးဖေသိန်း ရာပြည့်အထိမ်းအမှတ်

18/01/24



ကာတွန်းဆရာကြီး ဦးဖေသိန်းဟာ နိုင်ငံရေးဖြတ်သန်းမှု၊ ကာတွန်းအနုပညာသမိုင်း ကြီးမားခဲ့တဲ့ မြန်မာကာတွန်းဆရာကြီးတစ်ဦးအဖြစ် ထင်ထင်ရှားရှား ရပ်တည်ရှင်သန်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ၁၉၂၄ ခု ဇန်နဝါရီလ ၃၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဆရာကြီးဟာ လာမယ့်ဇန်နဝါရီလ ၃၁ ရက်ဆို နှစ် ၁၀၀ ပြည့်ပြီ ဖြစ်ပါတယ်။ ၂၀၀၉ ခု၊ ဇွန်လ ၁၉ ရက်နေ့မှာ ဆရာကြီး ကွယ်လွန်ခဲ့ပြီဖြစ်သော်လည်း ဆရာကြီးကို လေးစားသူ။ အမှတ်တရ ရှိလေသူ ကာတွန်း ဆရာများနဲ့ မိသားစုက အမှတ်တရပြပွဲတစ်ခု ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဆရာကြီးရဲ့ ယနေ့တိုင်ပြောင်မြောက်ဆဲ ကာတွန်းလက်ရာများ၊ မျက်နှာဖုံးပန်းချီများ၊ အမှတ်တရဓာတ်ပုံများကို ခင်းကျင်းပြသသွားဖို့ ရှိပါတယ်။ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း လောကနတ်ပန်းချီပြခန်းမှာ ၂၀၂၄ ဇန်နဝါရီ ၂၇ ကနေ ၃၁ ရက်အထိ ၅ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမယ့် ဒီပွဲလေးကို စိတ်ပါဝင်စားသူအားလုံး တက်ရောက်နိုင်ဖို့ စီစဉ်ထားပါတယ်။ ဖွင့်ပွဲအခမ်းအနားကိုတော့ ဇန်နဝါရီလ ၂၇ ရက်နေ့ (စနေနေ့) မနက် ၁၀ နာရီမှာ ပြုလုပ်သွားမှာပါ။

ရာပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေတဲ့ ဆရာကြီးရဲ့ သူ့လက်ရာနဲ့ သူ့စာများ အမှတ်တရ စာအုပ်ကိုလည်း ပြပွဲရက်မှာ ၂၀ ရာခိုင်နှုန်း လျှော့နှုန်းနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

ရုပ်ပြောင်စာအုပ်တိုက်က ထုတ်ဝေထားတဲ့ ဆရာကြီးရဲ့ ထွက်ခဲ့ပြီးတဲ့ စာအုပ်များကိုလည်း ၂၀ ရာခိုင်နှုန်းလျှော့နှုန်းနဲ့ ဝယ်ယူနိုင်ဖို့ စီစဉ်ထားပါတယ်။

ပြပွဲတစ်လျှောက်လုံး ဆရာကြီးကို ချစ်ခင်လေးစားတဲ့ ကာတွန်းပညာရှင်ကြီးငယ်များကလည်း အမှတ်တရကာတွန်းများ ရေးဆွဲပေးမှာဖြစ်လို့ ကြွရောက်ကြည့်ရှုနိုင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ယခုပြပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါလျှင် ကာတွန်းဆရာကြီးဦးရွှေမင်းသား ဖုန်း -၀၉ ၄၃၀ ၆၆၃ ၅၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။