စာအုပ်အမည် - ရောရောယောင်ယောင် မောင်ဘမောင် ဝတ္တုတိုများ သီးသန့် စုစည်းမှု
စာရေးသူ - #မြင့်သန်း
စာအုပ်တိုက် - #နှစ်ကာလများ
တန်ဖိုး - ၂၀၀၀ ကျပ်
ဒုတိယအကြိမ် ထုတ်ဝေခြင်း၊ မေ ၂၀၁၅။
စာမျက်နှာ ၁၃၄
မျက်နှာဖုံး #သည်မော်နိုင်
ဒီစာအုပ်အကြောင်း ပြောရမယ်ဆိုရင် ကိုယ်ကိုယ်ကိုယ် ညံ့တယ်ဆိုတာ အရင်ဝန်ခံထားရမှာပဲ။ ဘာလို့ ဒီစကားပြောရလဲဆိုတော့ ဆရာမြင့်သန်းစာအုပ်ကို ဒီစာအုပ်ပါမှ သုံးအုပ်တိတိပဲ ဖတ်ရသေးလို့။ နောက်ပြီး ရောရောယောင်ယောင် မောင်ဘမောင်ထွက်တာ ပထမအကြိမ်က မုံရွေးစာပေကနေ၂၀၀၃ စက်တင်ဘာလမှာဖြစ်ပြီး ဒုတိယအကြိမ်က နှစ်ကာလများစာပေကနေ ၂၀၁၅ မေလမှာ ထွက်တာ။ ပထအကြိမ်တုန်းက ကိုယ် ပထမနှစ်၊ ဒုတိယနှစ်တတ်နေတုန်းပေါ့။ ဂျူးစာအုပ်တွေ၊ တတ်ကျမ်းတွေနဲ့ ဘာသာပြန်စာအုပ် တစ်ချို့မှာတင် ပျော်နေတဲ့အခါပေါ့။ စာဆိုတာလည်း ဘယ်လို ဘယ်ပုံဖတ်ရတယ် သိတာမှ မဟုတ်ပဲ။ အဲဒီအရွယ်မှမဟုတ်ဘူး အခုလည်း မသိသေးပါဘူး။ သို့ပေသိ ဒုတိယအကြိမ် ထွက်တော့ ၂၀၁၅ မှာထွက်တာကို အခုမှ ဖတ်တယ်ဆိုတာ့ ကိုယ်တော်တော်ညံ့တာပေါ့။
မနေ့က ကိုမောင်မောင်စိုးနဲ့ တွေ့ဖို့ Yangon Book Plaza ကိုရောက်တယ်။ ပိုက်ဆံသိပ်မရှိပေမယ့် ဝယ်လိုက်မိတဲ့ စာအုပ်က ၁၂အုပ်။ အဲဒါကြောင့် အဲဒီကို မလာချင်တာ။ (ကိုဟန်နီကို သွားမပြနဲ့)။ ဝယ်မိတဲ့ စာအုပ်တွေကို ဟိုတစ်ပုဒ် ဒီတစ်ပုဒ်လိုက်မြည်းပေါ့။ ရောရောယောင်ယောင် မောင်ဘမောင်ကျတော့ အမြည်းနဲ့တင် အာသာမပြေလို့ နေမကောင်းပေမယ့် ဆက်ဖတ်နေမိတယ်။ မေမေသိရင် အဆူခံရမယ်။ သို့မဟုတ် အိမ်မှာဆိုရင် ဒါမျိုးခွင့်ပြုမယ်မထင်ဘူးပေါ့။ အိမ်မှာမဟုတ်တာကြောင့် စာအုပ်ကို ဖတ်လို့ရသွားတယ်။
ပထမဆုံး စာမျက်နှာကို လှန်လိုက်တယ်ဆိုရင်ပဲ အနှစ်ထုတ်ထားတဲ့ စာပိုဒ်လေးက ကိုယ့်ကို ဖမ်းစားလို့သွားပြီကို။
“ဘဝဆိုတာ ဒါပဲလားလို့ ကိုယ့်ဘာသာ တွေးကြည့်နေမိတယ်။ မနေ့ည မအိပ်ချင်အထိ အသက်ရှိနေသေးတဲ့ လူတစ်ယောက်ဟာ ဒီနေ့ မနက် မိုးလင်းလို့ အိပ်ရာကထတော့ မရှိတော့ဘူး။ ရှိတယ်.. မရှိဘူး ဆိုတဲ့ ကိစ္စဟာ ဖြစ်နေခြင်းရဲ့ အထဲမှာ ဘယ်လောက် အရေးကြီးနေပါလိမ့်။ ကိုယ်က ရှိသေးတယ်။ သူက မရှိတော့ဘူး။ ကိုယ်က ရှိနေသေးတယ် ဆိုရာမှာ ရုပ်၊နာမ် နှစ်ခုစလုံးရှိနေသေးတယ်။ သူကမရှိတော့ဘူး ဆိုပေတဲ့ သူ့ရုပ်ကြီး ရှိနေသေးတယ်။ သူမရှိတော့တာ သူသေသွားတာကို ကိုယ်က သိနေသေးတယ်။ ကိုယ်ရှိနေသေးတာကို သူက မသိတော့ဘူး။ သူကမှ မရှိတော့ပဲကို။ ခုလို စဉ်းစားကြည့်နေနိုင်တာက ကိုယ်က ရှိနေသေးတာကို။ ရှိနေလို့ စဉ်းစားကြည့်နိုင်တာပေါ့။ မဟုတ်ပေဘူးလား။”
သူပြောထားတာ ရှင်းရှင်းလေးပဲ။ သို့ပေသိ မနည်းတော့ လိုက်စဉ်းစားရတယ်။ ကိုယ်က ဉာဏ်တိမ်တိမ်ရယ်။ ဒီစာအုပ်ထဲမှာ ဝတ္တုတို ၁၂ပုဒ်ပါတယ်။ ဇာတ်လိုက်က မောင်ဘမောင်ပဲ။ မောင်ဘမောင်ဆိုပေမယ့် ငယ်သူမဟုတ်ဘူး ပင်စင်စား အဖိုးကြီး။ သူ့ဘေးက လူတွေကလည်း ၁၂ ပုဒ်လုံးမှာ ဒီလူတွေပဲ လှည့်ပါနေတာမို့ ဝတ္တုတိုထက် ဖြစ်ပျက်နေတဲ့ အဖြစ်အပျက် ဇာတ်လမ်းတွဲလေး ကြည့်နေရသလိုပဲပေါ့။ ဒီလိုဖြစ်တာဟာ ဒီစာတွေအကုန်လုံးကို တစ်ကယ်ဖြစ်တဲ့ အဖြစ်တွေနဲ့ တကယ်ရှိတဲ့ လူတွေအပေါ်ပဲ အခြေခံပြီး ရေးထားလို့ပါတဲ့။
ဒီထဲက ဇာတ်လိုက်ပေါင်းသမျှ လူတွေအကုန်လုံးက အတွေးအခေါ်သမားတွေ ချည်းပဲလားလို့ အောင်းမေ့ရတယ်။ လူတိုင်းစီက ဒိုင်ယာလော့တွေက မှတ်သားလောက်၊ လေ့လာလောက်တဲ့ အပြောတွေ အတွေးတွေချည်း။
“ဟိုတစ်ခါက ဒီမှာလာပြိး တစ်ပတ်လောက် နေသွားဖူးတဲ့ ကိုရင်မောင်တင့်သားက ပြောပြသွားဖူးတယ်။ ဒီကောင်က ဘီအေ၊ အမ်အေ အောင်ပြီး ကောလိပ်မှာ ဖီလိုဆိုဖီတို့၊ ဘာတို့ သင်ခဲ့တာဆို ထင်ရဲ့။ ခုတော့ စာသင်ရတာ ငြီးငွေ့လို့ အရုပ်ရေးစားနေသတဲ့။ သူကပြောတယ်။ နေမလား၊ သေမလားဆိုတဲ့ ကိစ္စတွေကို ဆုံးဖြတ်နိုင်တာက လူတွေပဲတဲ့။ လူကလွဲလို့ အခြားသက်ရှိ သတ္တဝါတွေဟာ နေတာ၊ သေတာကို မဆုံးဖြတ်နိုင်ဘူးတဲ့။”
စာမျက်နှာ ၁၉ ၊ ပြန်ချင်ပြီ ညီမောင်လှရဲ့ မှ
ဒိုင်ယာလော့တွေ လိုက်ဖတ်ရင်း စာအုပ်လေး ဘေးချလိုက်၊ ရင်ဘက်ပေါ်တင်လိုက်နဲ့ လိုက်တွေးရတယ်။ အကုန်တော့ နားမလည်ဘူးပေါ့။ ကွေးက ကွေးနေတာနဲ့ ဆိုတော့ကာ တွေးလိုက် အိပ်ပျော်သွားလိုက်။ တော်သေးတယ် ပြန်နိုးလို့။ အိပ်ပဲပျော်တယ် ပြန်မနိုးဘူးဆိုရင် သိပ်မကောင်းဘူး။
ရောရောယောင်ယောင် မောင်ဘမောင်မှာ ပါတာက ဝတ္တုတို ၁၂ပုဒ်လို့ပြောခဲ့ပြီးပါပြီ။ သူတို့နာမည်တွေက
၁။ ပြန်ချင်ပြီ ညီမောင်လှရဲ့
၂။ ညဆယ့်နှစ်နာရီ တစ်စက္ကန့်
၃။ ချစ်ခြင်းသည် အပြစ်ကင်း၏
၄။ ထိုယောကျာ်းက မိုက်၏ ထိုယောကျာ်းတို့က မလိမ္မာကုန်
၅။ မောင်ဘသောင်း၏ ကောင်း၍ ကောင်ခြင်းနှင့် မကောင်း၍ မကောင်ခြင်း အကြောင်း
၆။ လက်နှစ်လုံး သုံးခါ ကိုမရသာ
၇။ ခင်မင်သူကလေး
၈။ နွေအို ခို မိုးအစ၊ အစိုးမရတာ တိမ်
၉ ။ ငယ်ကျွမ်း စဉ်းစားလေ
၁၀။ လွမ်းသလေ… မောင်ကြီး
၁၁။ အသက်ကို ငဲ့လို့ တည့်တည့်ပဲ ပစ်လိုက်တော့တယ်
၁၂။ ငယ်သော် လှ၏၊ အိုသော် ညံ့၏ တိုပဲဖြစ်တယ်။
တစ်ပုဒ်ချင်းတော့ ပြောမနေတော့ပါဘူး။ ဒီစာအုပ်က ပင်စင်စားအဖိုးကြီးများ ဘဝကို ဘယ်လိုနေထိုင်ကြလဲဆိုတာ ရေးပြထားတာပါပဲ။ အဲဒီထဲမှာ အဲဒီအဖိုးကြီးတွေရဲ့ ငယ်ဘဝတစ်ချို့ပါတယ်။ အဲဒီအဖိုးကြီးတွေရဲ့ မျိုးဆက်သစ်တွေပါတယ်။ ပင်စင်စားတိုင်း ပုံစံတူတူနေကြတာ မဟုတ်။ အတွေးအခေါ်လည်း တူကြတာမဟုတ်။ တစ်ချို့က စည်းစနစ်နဲ့နေတယ်။ တစ်ချို့က စမောထားချင်တယ်။ ထားလည်း ထားတယ်။ တစ်ချို့က အရက်ကောင်းကောင်း သောက်ကြတယ်။ တော်တော်များများက ဂေါက်ရိုက်ကြတယ်။ အဲလိုတွေပေါ့။ အားလုံးတူတူဖြစ်နေတာကတော့ သူတို့က ရက်တစ်ရက်ကို စောင့်နေတယ်။ ဒီနေ့ည အိပ်ပြီး နောက်တစ်ရက် ပြန်မနိုးတော့မည့် ရက်ပေါ့။
တစ်ရက်ရက်ဟာ သူတို့ရက်ဖြစ်လာမယ်ဆိုတာ အားလုံးသိကြပေမယ့် အားလုံးက အဲဒီရက်ကို တွေးပူမနေပါဘူး။ လာခေါ်တဲ့အခါ လိုက်သွားလိုက်ယုံပေါ့လို့ သဘောထားပုံ ရတယ်။ ဒီအရွယ်ကြီးမှ အနာဂတ်အကြောင်း ပြန်ပြောစရာမရှိတော့ပါဘူးတဲ့။ အတိတ်ကိုသာ စားမြုံပြန်ရတာပေါ့။ အတိတ်က ရွှေထီးဆောင်းတာသာ ပြောစရာရှိတော့တာပဲ။ အနာဂတ်မှာ ရွှေထီးဆောင်းရမယ့် အခါဟာ တစ်ရက်သာရှိတော့တာ မဟုတ်လား။ ဒါတောင် ဘုရားဒကာ၊ ကျောင်းတကာဖြစ်အုံးမှကိုတဲ့။
ကြိုက်မိတယ်။ အဲဒါကြောင့် ကိုယ်ညံ့ပါတယ်လို့ ။ ဒီလိုစာအုပ်ကို ခုမှ ဖတ်မိလို့။
#မယ်ကျွိ
၁၈၀၇၁၇
12:15 AM