Book Image

ထက်မြက်တဲ့ဓားသွားပေါ်ကချိုမြမြပျားရည်စက်

ညီပုလေး

"ထက်မြက်တဲ့ဓားသွားပေါ်ကချိုမြမြပျားရည်စက်"

>>ညီပုလေး<<

ထုတ်လုပ်သည့်ကာလ- ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ
(တတိယအကြိမ်)
တန်ဖိုး-၇၀၀၀ကျပ်
အဖုံးဒီဇိုင်း-မိုးမြင့်စံ
ထုတ်ဝေသူ-ဦးစိန်ဝင်း နှစ်ကာလများစာအုပ်တိုက်
ဖြန့်ချီရေး- (ရန်ကုန်) မျိုးဆက်သစ်စာပေ

လူတိုင်းဖတ်ဖို့ညွှန်းချင်တဲ့စာအုပ်ကလေးပါ။ ဆရာဝန်လောကအတွက်ညွှန်းတဲ့စာအုပ်တွေထဲကတစ်အုပ်အပါအဝင်လည်းဖြစ်ပါတယ်။


စာအုပ်ထဲက ဆရာကြီးကို နာဂသိန်းလှိုင်လို့လူသိများကြပါတယ်။အခုမေမြို့မှာနေပါတယ်။

ဆရာကြီးနာဂသိန်းလှိုင်အကြောင်းဆိုတော့ စစဖတ်ချင်းမှာပဲ နာဂနဲ့ဆရာကြီးတို့ရဲ့ဆက်နွှယ်မှုတွေကိုမြင်ရမယ်လို့ထင်ခဲ့ပေမယ့် အဲ့လိုမဟုတ်ပဲ ငယ်စဉ်ဘဝကစလို့ဖြတ်သန်းခဲ့သမျှအတွေ့အကြုံတွေအားလုံးကို တစ်လုံးချင်း၊တစ်ပုဒ်ချင်း စီ်ကာစဉ်ကာရေးပြသွားတာပါ။

ဆရာကြီးရဲ့ဆေးပညာပိုင်းဆိုင်ရာဝါသနာကြီးလွန်းမှုနဲ့ သူ တယ်တယ်လို့ခေါ်တဲ့ သူ့အဖေဆီကအမွေရတဲ့စိတ်ဓာတ်ကိုပါတစ်စုတစ်စည်းတည်းတွေ့ရမှာပါ။

 ဒီနေရာမှာ စာအုပ်ထဲကအကြောင်းအရာလေးကိုမှတ်မိသလောက်ပြောရမယ်ဆိုရင် 
"ဆရာ့အဖေအသည်းအသန်ဖြစ်နေလို့ဆိုပြီး နာဂတောင်တန်းတွေပေါ်ကနေ အပြေးအလွှားဆင်းလာရတဲ့ဆရာ့အကြောင်းပါ။ အသည်းအသန်ဖြစ်တယ်ဆိုတော့ ဆရာကြီးခမျာ ရောဂါမျိုးစုံစဉ်းစားပြီး ရင်တထိတ်ထိတ်နဲ့လာခဲ့ပေမယ့် ထင်သလိုရောဂါကြီးကြီးမားမားမပြောနဲ့၊ သေးသေးဖွဲဖွဲလေးတောင်မရှိ၊

ဆိုတော့ ဘာလို့ဒီလိုမျိုးအသည်းအသန်ဖြစ်နေတယ်လို့ပြောပြီးခေါ်ရသလဲဆိုရင် တစ်ဖက်စောင်းနင်းအထင်တွေကြောင့် ဆရာကြီးဖေဖေ ဦးဟုတ်ဝမ်ထောင်ထဲရောက်နေလို့ပါ။

ဒါပေမယ့်အပြစ်မရှိကြောင်းထင်ရှားပြီးထောင်ထဲကထွက်ရမယ့်အချိန်မာတောင်မှ မထွက်သေးပဲနှစ်ရက်ဆက်နေသတဲ့။ ထောင်ထဲက လူတွေကို တရားပြလို့ကောင်းတုန်းဆိုပဲ။

ဒီလိုမျိုးစိတ်ဓာတ်တွေကိုလုံးစေ့ပတ်စေ့ဖော်ပြပြီး
ဆရာကြီးဦးသိန်းလှိုင်ရဲ့ဘဝတစ်လျှောက်
သည်းခံခဲ့ရတာတွေ၊ အနစ်နာခံခဲ့ရတာတွေ၊ 
နိုင်ငံရပ်ခြားပညာတော်သင်ခွင့်နဲ့နာဂတောင်တန်းကြား ဒိွိဟတွေ၊ ကိုယ်မှန်အောင်နေဖို့ဆိုတဲ့စိတ်တွေ၊
စသဖြင့် သုတရော၊ ရသရောပေးနိုင်တဲ့စာအုပ်ပါ။

ဆရာညီပုလေးရဲ့အောင်မြင်မှုမှတ်တိုင်ဆိုလည်းမမှားပါဘူး။

အမှန်အတိုင်းပြောရရင်ဒီစာအုပ်ကိုအစက သုံးအုပ်တွဲထားတဲ့အထူကြီးမို့ ဖတ်ရမှာပျင်းပါတယ်။ ဒါပေမယ့်လည်းစဖတ်မယ်ဆိုတဲ့စိတ်နဲ့ဖတ်လိုက်ပြီဆိုကတည်းက လက်ကမချချင်လောက်အောင်ဆွဲဆောင်လွန်းအားကြီးတယ်ဆိုတာလည်းအာမခံပါတယ်။

ဖတ်နေရင်းနဲ့ ဆရာကြီး ဦးသိန်းလှိုင်ကိုယ်တိုင် အသံအနိမ့်အမြင့်၊ ခြေဟန်လက်ဟန်မျိုးစုံနဲ့ ကိုယ်တိုင်ကိုယ်ကျပြောပြနေသလိုပါပဲ။

နာဂလူမျိုးတွေရဲ့ဓလေ့တွေ၊ရိုးသားမှုကလေးတွေနဲ့
လူအမျိုးမျိုးရဲ့ဖြစ်လေ့ဖြစ်ထရှိတဲ့စိတ်အမျိုးမျိုးကိုလည်း တွေ့ရမှာပါ။

ဖတ်ကြည့်စေချင်ပါတယ်ရှင်။

#SpecialOne
Recommended book not only for medical students but also for all !!!

အိမ့်မှူးခင်


ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ ဒေါက်တာ နော်မန်ဗက်သွန်း၊ ဒေါက်တာ အဲလ်ဘတ်ရွိုက်ဇာ စတ့ဲ ဆရာဝန် သူရဲကောင်းတွေ ပေါ်ထွန်းခ့ဲဖူးပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆရာ၀န် သူရဲကောင်းတွေ များစွာ ပေါ်ထွန်းခဲ့ပါတယ်။ ဒီထဲမှာ နာဂနတ် လို့ ခေါ်ကြတ့ဲ ဆရာဝန်ကြီး နာဂသိန်းလှိုင် လည်း တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။

ဆရာဝန်ကြီး နာဂသိန်းလှိုင် အကြောင်းကို ဆရာ လင်္ကာရည်ကျော် က တက္ကသိုလ် သင်ရိုးမှာ ပြဋ္ဌာန်းခံရတ့ဲ၊ အမိျုးသားစာပေ (လူငယ်စာပေ) ဆုရ ၀တၳုတစ်ပုဒ်ဖြစ်တဲ့ "ကြိုးကြာ တောင်ပံခတ်သံ" ထဲမှာ ဇာတ်ကောင် ဒေါက်တာ လတ်ငြိမ်း (ချင်းတောင် လတ်ငြိမ်း) အဖြစ် ပုံဖော်ခ့ဲပေမယ့် တိတိကျကျတော့ မဟုတ်ခ့ဲပါ။

ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြ ပျားရည်စက် စာအုပ်မှာ ဆရာ၀န်ကြီး နာဂသိန်းလှိုင် ကိုယ်တိုင် သူ့ရဲ့ အကြောင်းကို ၂၀၁၄ ဇူလိုင်ကစလို့ ပြောပြခဲ့သမျှကို ဆရာ ညီပုလေး က ကလောင်အစွမ်းနဲ့ စိတ်၀င်စားဖွယ် ပြန်လည် ချယ်မှုန်း ရေးပြထားပါတယ်။ 

ဒီစာအုပ်အတွက် ဒေါက်တာအောင်ကြီး က အမှာစာမှာ "ဆရာညီပုလေး၏ စာရေးခြင်း အတတ်ပညာကို ကျွန်တော် အထူးတလည် မဝေဖန်တော့ အကဲမဖြတ်တော့ပြီ။ စာဖတ်သူ အားလုံးလိုလို သူ့အရေးအသားထဲ စီးဝင်မျောပါသွားမှာ သေချာသည်။ အရေးခံ ပုဂ္ဂိုလ်၏ ဘဝကလည်း စုံမှစုံ၊ ထွေမှထွေ။ ဆန်းမှဆန်း။ ညီပုလေး၏ အရေးအသားကလည်း ရိုးရိုးလေးနှင့် လှနေကြွနေ။ အရေးခံ အကြောင်းအရာနှင့် ညီပုလေးလက်နှင့် လိုက်ပါပေ့" ဟု ဆိုထားပါတယ််။

ဇာတ်ရဲ့အစကို နာဂသိန်းလှိုင် ရဲ့ ငယ်ဘဝ တရုတ်ကပြား အက်ဒဝပ်ဟုတ်ဝမ် နဲ့စထားပါတယ်။ မြို့မျက်နှာဖုံး သူဌေးရဲ့ သား၊ ထိုခေတ်ထိုအခါက ဆေးကျောင်းကို တစ်ယောက်တည်းသော ကိုယ်ပိုင်ကားနဲ့ တက်နိုင်သူလည်း ဖြစ်ပါတယ်။ 

ဆေးကျောင်းသား ဘဝမှာ ဘယ် အလုပသင်မှ မခွဲချင်တ့ဲ ရင်ခွဲရုံက အလောင်းတွေကို ခွဲခ့ဲတယ်။ ဆေးကျောင်းသား ဘဝမှာ အရမ်းကြိုးစားခ့ဲသူလည်း ဖြစ်ပါတယ်။ 

ကျောင်းသားဘဝမှာ ကျောင်းသားတွေ ဘက်ကနေ နိုင်ငံရေးတွေမှာ ပါဝင်ခ့ဲလို့ ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် နိုင်ငံရေး မလုပ်ဖို့ မက်လုံးပေး တားမြစ်တာကို ခံခ့ဲရပါတယ်။ နိုင်ငံရေး မလုပ်ရင် မိဘတွေကို ဖွဲနုဆီစက် လိုင်စင် ချပေးမှာတ့ဲ။ ဖွဲနုဆီစက် လိုင်စင်ဆိုတာ အ့ဲဒီခေတ်တုန်းက အလွန်ရှား သတ့ဲ။ ဆရာကြီးက လက်မခဲဘဲ ငြင်းလိုက်ပါတယ်။ 

အဲဒီနောက်တော့ သဘောၤ ဆရာဝန် ဖြစ်လာခ့ဲပါတယ်။ မြိတ်ဆေးရုံမှာ တာဝန်ကျ ဆရာဝန် ဖြစ်ခ့ဲပြန်ပါတယ်။ မြိတ်ဆေးရုံ ကနေ မန္တလေးဆေးရုံမှာ တာဝန်ပြောင်းတော့ လူနာတစ်ဦး သေဆုံးတာကို မတရား အပြစ်ပေးခံထိကာ နာဂဒေသကို ရောက်လာခ့ဲပါတယ်။ "ခန္တီးကနေ သိန်းလှိုင်ဆိုတဲ့နာမည် မြန်မာပြည်မှာ ကျော်ကြားစေရမယ်" လို့ ပြောခဲ့တဲ့ ဒေါက်တာ သိန်းလှိုင်ပါ။

ခန္တီးဆေးရုံမှာ ဆေးမရှိ၊ လူနာမရှိ။ ဒေသထံ လူတွေက ဆေးရုံနဲ့ ဆရာဝန်တွေကို မယုံ။ ဆေးမြီးတိုနဲ့ကု၊ နတ်ဆရာနဲ့ကုတ့ဲ ဒေသဖြစ်ပါတယ်။ နာဂလူမိျုး အတော်များများမှာ ဖြစ်တ့ဲ လည်ပင်ကြီး ရောဂါတွေကို ခေါင်း အပေါင်ထားပြီး ခွဲစိတ် ကုသပေးခ့ဲပါတယ်။ ဒါက ဘာပြောတာလဲ ဆိုတော့ လူနာ တစ်ယောက်ကို လည်ပင်းကြီး ရောဂါ ခွဲစိတ်ပေးရင် လူနာရှင်တွေက ဓားသွေးနေတယ်။ ဒီလူနာသေရင် ခွဲတဲ့ အရာဝန် ခေါင်းပြတ်မယ် တ့ဲ။

နောက်တော့ နာဂလူမျိုးတွေဟာ ဒေါက်တာ သိန်းလှိုင်ကို ယုံကြည်လာပြီး နတ်တစ်ပါး သဖွယ် ဖြစ်လာကာ နာဂနတ်ဆိုပြီး အမည်တွင် လာပါတော့တယ်။

တစ်အုပ်လုံးမှာ နာဂနတ်၊ နာဂသိန်းလှိုင် နာဂတောင်တန်း ဒေသမှာ ကြုံတွေ့ခ့ဲရသမျှ အခက်အခဲတွေ၊ ဒေသခံ တိုင်းရင်းသားတွေရဲ့ လူနေမှုဘဝ၊ ဓလေ့ထုံးတမ်းတွေကို ဖော်ပြထားတ့ဲအတွက် စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ကျွန်တော့်အမြင်ကတော့ ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် အမှာစာတွေကို မဖတ်ဘဲ ဝတၳုကို တစ်ခါတည်း တန်းဖတ်တာ ပိုကောင်းလိမ့်မယ်ဗျ။ ဆရာ၀န်ကြီး နာဂဦးသိန်းလှိုင်ရဲ့ ဘ၀ဇာတ်ကြောင်းဟာ အားကျစရာ၊ အတုယူစရာ၊ ၀မ်းနည်းစရာ၊ ရသပေါင်းစုံနဲ့ ပြည့်နှက်နေပါတယ်။  

ဒီ ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြ ပျားရည်စက် စာအုပ်ဟာ ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေ ဝတၳုရှည် ဆုရ စာအုပ် တစ်အုပ်လည်း ဖြစ်ပါတယ်။

ဇေယျာ
#savethelibrary


Publisher Name: နှစ်ကာလများ

Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈

Publisher Phone Number: 09 254848048


Related Books

Book Review Image

သက်တော်ရာကျော် ရှည်စေသော်ဝ်

သင့်လူ