Book Image

သမိုင်းအတွေး_သမိုင်းအရေး

တင်နိုင်တိုး

သမိုင်းအတွေး_သမိုင်းအရေး

တင်နိုင်တိုး
၂၀၁၃၊ မေ၊ ပထမအကြိမ်
အုပ်ရေ - ၅၀၀
၁၈၀၀ ကျပ်
လင်းလွန်းခင်စာအုပ်တိုက်
01 293401, 09 220 1730


ဒီစာအုပ်က မြန်မာ့သမိုင်းထဲက တကယ့်တွေးစရာ တချို့ကို ရှာရှာဖွေဖွေ ရေးသားထားတဲ့စာအုပ်ပါ။


ဥပမာ - 

သူခိုးငတက်ပြား တကယ်ရှိသလား။ 
အရိန္ဒမာလှံတံ ဘယ်ရောက်နေပြီလဲ။ 
သိဃ်သူ့သမီးနာမည်က ဘာလဲ။ 
အယူတော်မင်္ဂလာ ဦးနိုး တကယ်ရှိခဲ့သလား။ 

ပြီးတော့ ရသေ့ကြီး ဦးခန္တီဆိုတာ မင်းတုန်းမင်း ဝင်စားတာမဟုတ်တဲ့အကြောင်း၊ ရှင်မွေ့နွန်းနဲ့ မင်းနန္ဒာအကြောင်း၊ ပက်လက်သဏ္ဍာန် ဗုဒ္ဓရုပ်ပွားတော်တွေအကြောင်း၊ နတ်ဖြစ်သွားတဲ့ မြန်မာဘုရင်တွေအကြောင်း စသဖြင့်ပေါ့လေ။

•••••••●

သူခိုးငတက်ပြားကို မြန်မာစာဖတ်ပရိသတ်နဲ့ စတင်မိတ်ဆက်ပေးသူက ဦးကုလားပါ။ 

ငတက်ပြားက အင်းဝခေတ် သတိုးမင်းဖျားလက်ထက်မှာ ပေါ်ပေါက်ခဲ့တာ။ ကျီးမနိုးပွဲဆိုတာ သူခိုးငတက်ပြားကို ဂုဏ်ပြုကျင်းပတယ်ဆိုတာကိုတော့ ကြားဖူးကြမှာပေါ့။

ငတက်ပြားက စစ်ကိုင်းရေဝှမ်း(နောင် ရေဝန်းရပ်) မှာ သူ့ကို ဘယ်သူမှ ဖမ်းမရစေရဆိုပြီး ကြုံးဝါးဖူးတယ်။ ဒါကို သတိုးမင်းဖျားက ကြားတော့ မရရအောင် သွားဖမ်းခိုင်းတာ မိသွားတယ်။

" ယခု ဖမ်းဆီးရမိပြီးဖြစ်သည်၊ ရဲတင်း၊ ပုဆိန်၊ ဓား၊ လှံ၊ တံကျင် အလိုရှိရာပြောပါ " 

လို့ မင်းကြီးက ဆိုတော့ - 

" မင်းကြီး၊ ငါ့ကို မိပြီ ဖြစ်သည်၊ ကွပ်လိုရာ ကွပ်တော်မူလော့၊ ငါ့အလိုသော်ကား မင်းကြီးမိဖုရား စောဥမ္မာကို လို၏ " 

လို့ ငတက်ပြားက ပြန်လျေှာက်တယ်။ 

အဲဒီမှာ မင်းကြီးက -

" ငါသို့သော မင်းကို စင်လျက် ဤသို့သောစကားကို ဆိုဝံ့သည်၊ အချည်းနှီး မသေလေကောင်း၊ နောက်နောင် တိုက်ပွဲရှိသောအခါ အမွုတော်ကို ထမ်းစေရမည် "

လို့ အမိန့်တော် ချမှတ်ခဲ့တယ်။ ဒီမှာ ငတက်ပြားအကြောင်း တစ်စခန်းရပ်ပြီး ဘာမှမသိရတော့ဘူး။

နောက်တော့ ငတက်ပြားအကြောင်းဟာ အမျိုးသားပညာဝန် ဦးဖိုးကျားရဲ့ခေတ်မီမြန်မာရာဇဝင်အကျဉ်းချုပ်စာအုပ်ရဲ့ အင်းဝခေတ်ကဏ္ဍမှာ ပါဝင်လာပြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ထဲအထိပါ ရောက်ရှိခဲ့တယ်။ ဦးဖိုးကျားက အနည်းငယ် ချဲ့ထွင်ရေးသားခဲ့တာပါ။ 

ဆရာ တင်နိုင်တိုးက အဲဒီအချက်တွေကို ချင့်တွက်ပြီး တကယ်ရှိခဲ့တာ ဟုတ် မဟုတ် တွေးပြထားတာ စိတ်ဝင်စားစရာကောင်းလှတယ်။ ' သူခိုးငတက်ပြား တကယ်ရှိသလား ' ဆိုတဲ့ဆောင်းပါးထဲမှာ ဖတ်ရွုကြည့်ပါ။

•••••••●

မြန်မာရိုးရာ ၃ရ မင်းနတ်တွေထဲမှာ သိကြားမင်းက နံပါတ် ၁ ပါ။ သိကြားမင်းဟာ ဘီစီ ၆၀၆ တုန်းက ဒဂုန်မှာ နန်းတက်ခဲ့တဲ့ ဥက္ကလာပမင်းကြီးရဲ့ခမည်းတော်ဖြစ်တယ်လို့ ဆိုကြတယ်။ အရိန္ဒမာလှံတံရဲ့ပိုင်ရှင်က သိကြားမင်းဖြစ်ပြီး သူ အဲဒီလှံကို ပထမဆုံး ပေးအပ်ခဲ့သူက ဒွတ္တဘောင်မင်းတဲ့။ အဲဒီနောက် လှံအကြောင်း ပျောက်သွားပြန်ရော။ 

ပုဂံခေတ်ဦးမှာမှ ပြန်ပေါ်လာပြန်တယ်။ အဘိုးအိုယောင် ဆောင်ထားတဲ့ သိကြားမင်းက မင်းလောင်းဖြစ်တဲ့ ကွမ်းဆော်လုလင်ကို လှံတံပေးအပ်တာကြောင့် လုလင်ဟာ ကျောင်းဖြူမင်းအဖြစ် ပုဂံမှာ ထီးနန်းစိုးစံခဲ့တယ်။ နန်းကျပြန်တော့ သားတော် အနော်ရထာဆီ လှံတံရောက်သွားရော။

အနော်ရထာလက်ထက်မှာမှ ဒီလှံတံဟာ အတော်ထင်ရှားခဲ့တာ။ နောက်တော့ ဥဿာပဲခူးက ပြန်လာတဲ့ကျန်စစ်သားကို မဏိစန္ဒာမင်းသမီးနဲ့ပတ်သက်ပြီး သံသယရှိတာကြောင့် အမျက်ရှပြီး အရိန္ဒမာလှံတံနဲ့ ပစ်လိုက်တာ နေှာင်ကြိုးကို ထိမှန်လို့ ကျန်စစ်သား လွတ်မြောက်ကာ လှံတံကို ကောက်ယူထွက်ပြေးတယ်။ ကျန်စစ်သားဆီမှာ အချိန်အတော်ကြာနေခဲ့တဲ့ လှံတံဟာ အလောင်းစည်သူမင်းထံ ရောက် မရောက်ကနေ တခြားသော တွေးစရာကောင်းတာတွေအထိ ဆရာ တင်နိုင်တိုးက စဉ်းစားပြထားတာ အတော် စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဒီစာအုပ်ထဲ ပါဝင်တဲ့ သမိုင်းဆိုင်ရာဆောင်းပါး အပုဒ် ၃၀ ထဲမှာ မိတ်ဆွေတို့ စိတ်ဝင်စားမယ့်အကြောင်းအရာတွေ ပါရှိလိမ့်မယ်အထင်နဲ့ ညွွန်းလိုက်ပါတယ်။

#လူသာမန်
27.5.2018; 7:55 pm


Publisher Name: လင်းလွန်းခင်စာအုပ်တိုက်

Publisher Phone Number: 01 293401, 09 220 1730


Related Books

Book Review Image

နန်းကျဘုရင်

ဝင်းငြိမ်း