Book Image

ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ

နုနုရည်အင်းဝ

  • ၂၀၀၇ ခုနှစ် အာရှစာပေ ( The Man Asian Literary Prize) (five shortlisted) ဆုကိုရရှိခဲ့သောစာအုပ်ဖြစ်ပါတယ်။
  • ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ အမေရိကန်ပြည်ထောင်စု (Hyperion Books) က [Smile as they Bow] အမည်နဲ့ အင်္ဂလိပ်ဘာသာနှင့်ထုတ်ဝေခဲ့ပါတယ်။
  • အင်္ဂလန်နိုင်ငံ လန်ဒန်တက္ကသိုလ် အာရှနှင့်အာဖရိကဘာသာရပ်ဆိုင်ရာသင်ကြားရေးဌာန ( SOAS ) မှာ ( ၂၀၁၄ )ခုနှစ်ပညာသင်နှစ်မှစတင်ပြီးသင်ရိုးညွှန်းတမ်းအဖြစ်ပြဌာန်းသင်ကြားလျက်ရှိပါတယ်။


ပုဂံအနော်ရထာမင်းကြီးတည်ထားကိုးကွယ်ခဲတဲ့ ဆုတောင်းပြည့်ဘုရားတည်ရာမှာ မြေးတော်ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ် ညီနောင်နှစ်ဦး အမှုတော်အုတ်နှစ်ချပ် လစ်လပ်် ပျက်ကွက် ခဲ့တဲ့အတွက် ဘိုးတော်အနော်ရထာမင်းရဲ့ ကွပ်မျက်ခြင်းကိုခံခဲ့ရသတဲ့။

ကွပ်မျက်ခြင်းခံခဲ့ရတဲ့ ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ် မင်းညီနောင်ဟာ ဘိုးတော်အနော်ရထာမင်း ဖောင်တော်နဲ့စုန်လာတဲ့အခါ ဖောင်တော်ကိုသွားမရအောင်ဆွဲထားခဲ့ပြီး အမှုတော်ကိုသာထမ်းရသော်လည်း တစ်စုံတစ်ရာအကျိုး မခံစားရသောကြောင့် ဆွဲထားခြင်းဖြစ်ပါတယ်လို့လျှောက်တင်ကြတော့ အနော်ရထာမင်းကြီးက တောင်ပြုန်းအရပ် ဆုတောင်း ပြည့်ဘုရားအနီးမှာ နတ်ကွန်းနတ်နန်းဆောက်လုပ်စေပြီး လူအများကိုပူဇော်ပသစေခဲ့သတဲ့။

ဆုတောင်းပြည့်ဘုရားစေတီအတွင်းမှာရွှေချထားတဲ့အုတ်နှစ်ချပ်လစ်လပ်ရာကွက်လပ်လေးနှစ်ခုရှိတယ်။ဒီနေရာလေးကိုရှိခိုးပူဇော်ကန်တော့ဖို့အတွက်လူအများကြီးတိုးဝှေ့နေကြတယ်။

တောင်ပြုန်းပွဲ

  • ပထမနေ့ကန်တော့ခံ ဝါခေါင်လဆန်း(၈)ရက်
  • ဒုတိယနေ့ကန်တော့ခံ ဝါခေါင်လဆန်း(၉)ရက်
  • ညညီလာခံ ဝါခေါင်လဆန်း(၁၀)ရက်
  • ချိုးရေတော်သုံး ဝါခေါင်လဆန်း(၁၁)ရက်
  • နန်းတက်ပွဲများ ဝါခေါင်လဆန်း(၁၂)ရက်
  • ယုန်ထိုး ဝါခေါင်လဆန်း(၁၄)ရက်
  • ထိန်ခုတ် ဝါခေါင်လပြည့်
  • ရွှေဘုံဆင်း ဝါခေါင်လပြည့်ကျော်(၁)ရက်

တောင်ပြုန်းပွဲပျော် နတ်ကတော်တို့ရဲ့အလှ သဘာဝ၊ နတ်ကတော်တစ်ယောက်ရဲ့ စိတ်သဘောထား ခံယူချက်၊ နတ်ကတော်တစ်ယောက်ဖြစ်လာရဖို့အတွက် စတေးခဲ့ရတဲ့အရာတွေ ပေးဆပ်ခဲ့ရတဲ့နှလုံးသားတွေ ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေ ရရှိလာတဲ့ဒုက္ခ သုခတွေ နတ်ကတော်တစ်ယောက်ဖြစ်နေဆဲမှာလဲကြုံတွေ့ရတဲ့အဖြစ်သနစ်တွေ ထားရှိရတဲ့စိတ်ထားတွေ .....

ဒါတွေကို သေသေချာချာ ကျကျနန ကွက်ကွက်ကွင်းမြင်အောင် နားလည်အောင် သဘောပေါက်အောင် ရေးပြတတ်တဲ့ စာရေးသူရဲ့ကျွမ်းကျင်မှုကြောင့်မပြီးမချင်းလက်ကမချနိုင်အောင် မချချင်အောင် ဖြစ်ခဲ့ရတဲ့ စာအုပ်တစ်အုပ်ပါပဲ။

ကိုယ်တွေဘယ်လိုမှမစဉ်းစားမိခဲ့ဖူးတဲ့ မသိတတ်ခဲ့တဲ့ မမြင်တတ်ခဲ့တဲ့ ရှုထောင့်တွေ စိတ်ထားတွေ သဘာဝတွေကို အပြည့်အဝမြင်ခွင့် နားလည်ခွင့်ရလိုက်သလိုပါပဲ။

ဒီစာအုပ်လေးဖတ်ပြီးရင်ထဲမှာခံစားရတာတွေကျန်နေခဲ့တာတွေကတစ်ခုမကပါဘူးလေ။

ဖတ်ညွှန်းရေးသူ - ဆုမွန်အောင်

ဇမ္မူတလူစာပေ

၃၀၀၀ကျပ်


Publisher Name: ဇမ္မူတလူစာပေ


Related Books