လုပ်ငန်းတိုင်းမှာ မရှိမဖြစ် အဓိကကျတဲ့လူတွေ ရှိသလို သိပ်အရေးမပါ အရာမရောက်တဲ့လူတွေလည်း ရှိတယ်။ လုပ်ငန်းတစ်ခုကို စီမံအုပ်ချုပ်ရတဲ့လူတွေအနေနဲ့ ကိုယ့်လုပ်ငန်းမှာ ဘယ်ရာထူး၊ ဘယ်တာဝန်တွေက မရှိမဖြစ်တွေ၊ ဘယ်ရာထူးတွေကတော့ မရှိလည်း ဖြစ်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။
အလုပ်လုပ်နေသူတွေကလည်း ကိုယ့်ရာထူးတာဝန်က အလုပ်ခွင်မှာ သော့ချက်ကျတဲ့နေရာလား၊ ဘာလားဆိုတာ သိဖို့ အရေးကြီးပါတယ်။ ရှိရှိ မရှိရှိ သိပ်အရေးမကြီးတဲ့နေရာမှာ လုပ်နေရရင် ကိုယ်က သိပ်အကြောတင်းချင်လို့ မရဘူးဆိုတာ သတိမူရမယ်။
ဟာသဇာတ်လမ်းက ဒီလိုပါ။
လူသားအချင်းချင်း စားတတ်တဲ့ ပေါရိသာဒ မျိုးနွယ်စုဝင် အင်ဂျင်နီယာ ငါးယောက်ကို ကာကွယ်ရေးပစ္စည်းစက်ရုံမှာ အလုပ် စတင် ခန့်ထားတယ်။ အလုပ် မဝင်ခင်မှာ အကြီးအကဲက ပေါရိသာဒ ငါးယောက်ကို သီးခြားတွေ့ဆုံပြီး အမှာစကား ပြောတယ်။
" မင်းတို့ကို လစာကောင်းကောင်း ပေးပြီး ခန့်ထားတာ ဖြစ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် လူကြီးမင်းတို့က ကျွမ်းကျင်သူတွေ ဖြစ်လို့ ခန့်ထားတာပါ။ ဆာတယ်ဆိုရင် ကဖေးဆိုင်မှာ ကြိုက်တာ ဝယ်စားလို့ ရတယ်။ အမဲသား၊ ငါး၊ သားစိမ်းငါးစိမ်းက အစ ရှိတယ်။ လုပ်ငန်းခွင်ထဲတော့ မဟုတ်တာ မလုပ်ကြနဲ့ "
ပေါရိသာဒတွေလည်း ကတိပေးကြပါတယ်။
သူတို့ အလုပ် ဝင်လုပ်တာ တစ်လကြာချိန်မှာ အကြီးအကဲက လစာထုတ်ပေးတယ်။
" မင်းတို့ အလုပ်ကို ကြိုးစားလုပ်ကိုင်ကြတာ သိပ်အားရတယ် " လို့ ချီးကျူးစကားလည်း ပြောပါတယ်။
နောက်တစ်ပတ်ကြာတော့ ပေါရိသာဒ ငါးယောက်ကို အကြီးအကဲက သူ့ရုံးခန်းထဲ အရေးပေါ် ခေါ်တယ်။
" အရေးကြီးတဲ့သတင်း ပြောစရာ ရှိတယ် "
ပေါရိသာဒ ငါးယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေတယ်။ ဂနာမငြိမ်ဘူး။
" ပြောရမယ်ဆိုရင်တော့ ဂိတ်စောင့် ပျောက်နေတယ်။ မင်းတို့ သူနဲ့ပတ်သက်ပြီး ဘာသိလဲ "
ပေါရိသာဒ ငါးယောက်စလုံး ခေါင်းကို ပြိုင်တူခါပြီး " သိဘူး " လို့ သံပြိုင်ငြင်းကြတယ်။
အကြီးအကဲရဲ့ရုံးခန်းထဲက ပြန်ထွက်လာတော့ ပေါရိသာဒခေါင်းဆောင်က စိတ်ဆိုးမာန်ဆိုးနဲ့ သူ့လူတွေကို မေးခွန်းထုတ်တယ်။
" ဘယ်ငတုံးက ဂိတ်စောင့်ကို သတ်စားလိုက်တာလဲ ပြောစမ်း " တဲ့။
စက်မှုအင်ဂျင်နီယာ ပေါရိသာဒက မျက်စိပျက် မျက်နှာပျက်နဲ့ " ကျွန်တော် ဆာတာနဲ့ ဂိတ်စောင့်ကို သတ်စားလိုက်မိတယ် " လို့ ဝန်ခံတယ်။
ပေါရိသာဒခေါင်းဆောင် ဒေါသထွက်တော့တာပေါ့။
" မင်း သိပ်တုံးတာပဲ။ တစ်လလုံးလုံး ငါတို့အဖွဲ့က ဆာတဲ့အခါ ကြီးကြပ်ရေးမှူးတို့၊ စီမံကိန်းမန်နေဂျာတို့ကို သတ်သတ်စားနေတာ ဘယ်သူ သတိထားမိလို့လဲ။ သိပ်ကို ဆာပြီး မနေနိုင်ရင်လည်း သန့်ရှင်းရေးဝန်ထမ်းတွေ သတ်စားပါလား။ ဘယ်သူများ ရိပ်မိမှာလဲ " တဲ့။
တချို့လူတွေဟာ ရာထူးကြီးကြီးသာ ယူထားပေမယ့် လုပ်ငန်းခွင်မှာ အရေးပါလှသူတွေ မဟုတ်ပါ။
#မရှိမဖြစ်လူ_ဘယ်သူလဲ
■
လုပ်ငန်းရှင်အမျိုးသမီးနှစ်ယောက် ခရီးသွားဖို့ လေဆိပ်မှာ ထိုင်စောင့်ရင်း စကားလက်ဆုံကျနေပါတယ်။ ကိုယ့်လုပ်ငန်းအကြောင်း၊ တွေ့ရတဲ့အခက်အခဲ၊ ဖြေရှင်းတဲ့နည်းလမ်း ထွေရာလေးပါး ပြောနေကြတာပါ။
" ဝန်ထမ်းတွေက ခွင့် ခဏခဏ တင်ကြတယ် " လို့ ပထမအမျိုးသမီးက ပြောတယ်။
ဒုတိယအမျိုးသမီးက " ကျွန်မကတော့ ဝန်ထမ်းတိုင်း သုံးလ တစ်ခါ ခွင့်တစ်ပတ် မယူမနေရ ယူခိုင်းတယ် " ဆိုပြီး ပြောတော့ ပထမအမျိုးသမီးက သိပ်အံ့ဩသွားတယ်။
" ရှင်က လူထူးလူဆန်းပဲ " လို့သာ ပြန်ပြောနိုင်တယ်။ ပြီးမှ " ဘာဖြစ်လို့ သူတို့ကို ဒါလောက်လိုက်လျောတာလဲ " လို့ ဆက်မေးတယ်။
" ဒီလို ခွင့်ကြာကြာ ပေးလိုက်တာ သိပ်ကောင်းတယ်ရှင့်။ ကျွန်မအလုပ်မှာ ဘယ်သူမှ မရှိလည်း ဖြစ်တာပဲဆိုတာ သိရတယ် " တဲ့။
ဆိုရရင် ဘော့စ်က ကိုယ့်ကို အခွင့်အရေးတွေ များများပေး၊ မျက်နှာသာရတယ်ထင်ပြီး ဝမ်းသာနေလို့ မဖြစ်ပါဘူး။ အလုပ်မှာ သူတို့ကို လုံးဝ မလိုအပ်တော့တဲ့အခါ လူလျှော့ခံရတဲ့အထဲ သူတို့တွေ ထိပ်ဆုံးက ပါစမြဲမို့ပါ။
#မရှိလည်း_ဖြစ်
■
ဒီစာအုပ်က ကျွန်တော်တို့ အကြိမ်ကြိမ် ဖတ်ရှုခဲ့ဖူးတဲ့ဟာသအများစု ပါဝင်တဲ့စာအုပ်ပါ။ ဒါပေမဲ့ ဟာသတွေကို လုပ်ငန်းခွင်သဘောသဘာဝတွေနဲ့ ဆက်စပ်တွေးယူပြီး တင်ပြထားတာကတော့ ဟာသဖတ်ပြီး ရယ်ရုံရယ်ရတာထက် ပိုသွားစေပါတယ်။
ဟာသ အပုဒ် ၆၀ ပါဝင်တဲ့စာတစ်အုပ်မို့ ဒီစာအုပ် ဖတ်ပြီးရင် လုပ်ငန်းခွင်သဘောသဘာဝနဲ့ပတ်သက်တဲ့ ပြဿနာ/ဖြေရှင်းနည်း ၆၀ ကျော်ကို တီးမိခေါက်မိ ရှိသွားပါလိမ့်မယ်။ ရယ်စရာလည်း ရ၊ တွေးစရာလည်း ရပါလိမ့်မယ်။
အပေါ်မှာ ဖော်ပြခဲ့တဲ့ ဟာသနှစ်ပုဒ်ကို သေသေချာချာ ဖတ်ခဲ့ရင် ဆိုလိုရင်းကို သဘောပေါက်ပါလိမ့်မယ်။
ဒီစာအုပ်ကို ကျွန်တော် တစ်ထိုင်တည်း ဖတ်မိပြီးတဲ့အခါ ဆရာ ရီနေနိုင် ရေးသားထုတ်ဝေခဲ့ဖူးတဲ့ ' စီမံခန့်ခွဲမှုလောက ဟာသသင်ခန်းစာ ' ဆိုတဲ့ စာတစ်အုပ်ကို သတိရမိသွားတယ်။ အချိန်ရတဲ့တစ်ရက် ညွှန်းပါဦးမယ်။
#လူသာမန်
18.9.2019; 10:59 pm