Book Image

နာမည်ခုနှစ်လုံးနှင့် မိန်းခလေး ဟေယွန်ဆီယိုလီ မြောက်ကိုရီးယားမှ လွတ်မြောက်ခြင်း

ကိုအောင် (မြောက်ဦး)

စာအုပ်အမည် - The girl with Seven Names Hyeonseo Lee Escape from North Korea

စာရေးသူ - David John
ဘာသာပြန်စာအုပ် အမည် - နာမည်ခုနှစ်လုံးနှင့် မိန်းခလေး ဟေယွန်ဆီယိုလီ မြောက်ကိုရီးယားမှ လွတ်မြောက်ခြင်း
ဘာသာပြန်သူ - ကိုအောင် (မြောက်ဦး)
စာအုပ်တန်ဖိုး - ၅၀၀၀ ကျပ်
ထုတ်ဝေသူ - Quality Publishing House
ပထမအကြိမ် ဇန်နဝါရီလ ၂၀၁၇
စာမျက်နှာ - ၅၃၂ မျက်နှာ
ကိုယ်အတွက် ဒီလိုလူတစ်ယောက်ရဲ့ ဘဝအကြောင်းကြီးကို လိုက်ဖတ်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ မခံစားရလို့ အတ္တုပတ္တိတွေကို ကိုယ်သိပ်ဖတ်လေ့ဖတ်ထမရှိဘူး။ ဒီစာအုပ်ကိုတော့ ရုံးက ညီမလေးတစ်ယောက်က ဖတ်လို့ ကောင်းတယ်လို့ ညွန်းလို့ တစ်ရက်တုန်းကတော့ City mart စာအုပ်စင်ကနေ ဝယ်ဖို့ ကိုင်ကြည့်လိုက်သေးတယ်။ နောက်တော့ စိတ်ပြောင်းပြီး မဝယ်ပဲ ပြန်ထားခဲ့မိတယ်။ တစ်ပတ်လောက်နေတော့ ညွန်းတဲ့ ညီမလေးဆီကပဲ ငှားဖတ်ဖြစ်တယ်။ တစ်ခြားစာအုပ်တွေနဲ့ မတူပဲ စဖတ်တဲ့နေ့မှာတင် စာမျက်နှာ ၃၀၀ကျော်အောင် ဖတ်မိလောက်တဲ့အထိ အကြောင်းအရာ အရေးအသားတွေက ကောင်းလှတယ်။ ဇာတ်အိမ်ဖွဲ့စည်းပုံကလည်း တစ်ခန်းပြီး တစ်ခန်း စွဲဆောင်နိုင်တယ်။ ဘာသာပြန်လက်ရာလည်း ကောင်းတယ်။ ဝါကျအတိုလေးတွေ သုံးထားပြီး ရိုးရှင်းတဲ့ အရေးအသားနဲ့ ရေးထားတယ်။


ဟေယွန်ဆီယိုလီဆိုတဲ့ မိန်းကလေးက မြောက်ကိုရီးယားသူ။ မိခင်ဖြစ်သူ ဒုတိယအိမ်ထောင်ပြုတဲ့အခါ အဖေအရင်းပေးခဲ့တဲ့ နာမည်ကနေ ဒုတိယအဖေရဲ့ မိသားစုနာမည်ကို ပြောင်းလိုက်ရတယ်။ တစ်လျှောက်လုံး ဒုတိယအဖေကို အဖေအရင်းလို့ မှတ်ယူခဲ့တယ်။ ဒါပေမယ့် ဒုတိယအဖေရဲ့ မိသားစုတွေရဲ့ ချစ်ခင်မှုတွေကိုတော့ သူမရခဲ့ရှာဘူး။ အဲဒါကလွဲလို့ သူ့ရဲ့ ငယ်ဘဝဟာ ခက်ခဲကြမ်းတမ်းမှုတွေကိုတော့ မကြုံခဲ့ရဘူး။ အဖေဖြစ်သူက အစိုးရဝန်ထမ်း၊ အမေက စီးပွားရှာတတ် အာဏာပိုင်ကို ပေါင်းတတ်သင်းတတ်မို့ သူ့ငယ်ဘဝမှာ စားချင်တာစားရ၊ ဝတ်ချင်တာဝတ်ရ၊ မှတ်ဉာဏ်ကောင်းတာမို့ အလွတ်ကျက်ပညာရေးမှာ နာမည်ကောင်းရတဲ့ ကျောင်းသူတစ်ယောက်အဖြစ် ကြီးပြင်းလာတယ်။ ဒုတိယအဖေက အဖေအရင်းမဟုတ်ပေမယ့်လို့ အဖေအရင်းလိုပဲ သူ့ုကိုမေတ္တာပေးတယ်။

သူ့ရဲ့ ငယ်ဘဝကို ဖတ်ရင်းနဲ့ မြောက်ကိုရီးယားရဲ့ အာဏာရှင်စနစ်နဲ့ ဝါဒဖြန့်မှုတွေကို သိရတယ်။ သမိုင်းတွေကို လိမ်ပြီး ကျောင်းစာအုပ်တွေထဲမှာ ပို့ချတယ်။ မေးခွန်းပြန်ထုတ်ခွင့်မရှိဘူး။ ခေါင်းဆောင်ကြီးက တစ်တိုင်းပြည်လုံးရဲ့ ကယ်တင်ရှင်ကြီး။ နတ်ဘုရားလောက်ကို တန်ခိုးကြီးသူ။ မြောက်ကိုရီးုယားဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနိုင်ငံ၊ အမေရိကန်ဟာ မကောင်းဆိုးဝါးတိုင်းပြည်၊ တောင်ကိုရီးယာပြည်သူတွေဟာ ဆင်းရဲမွဲတေ ငတ်ပြတ်နေတယ် စသည်ဖြင့် သင်ကြားရတယ်။ မြောက်ကိုရီးယားမှာ တစ်ယောက်နဲ့ တစ်ယောက် စောင့်ကြည့် မသကာၤဖွယ် အပြုအမူရှိရင် အစိုးရကို သတင်းပေး စတဲ့ ယဉ်ကျေးမှုနဲ့ ရှင်သန်ကြတယ်။ နံရံတွေမှာ မျက်စိတွေ နားတွေရှိတယ်။ ကိုယ့်အပြုအမူ၊ အနေအထိုင်၊ အပြောအဆို အကုန်လုံး သတိထားရတယ်။ မိသားစုထဲက တစ်ယောက်ယောက်က အစိုးရမကြိုက်တာမျိုး ပြုမှုမိရင် ညတစ်ညမှာ ကားတစ်စီးနဲ့ တစ်မိသားစုလုံးကို တင်ခေါ်သွားပြီး အဲဒီမိသားစုကို နောက်ဘယ်တော့မှ ပြန်မတွေ့ရတော့တာမျိုးဆိုတာ သိပ်ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး။
လူ့အခွင့်အရေး၊ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ ဘာလဲ ဘယ်သူမှ မသိဘူး။ သိတဲ့သူဆိုရင်လည်း ဇာတ်နိမ့်ထဲ ရောက်၊ အပြစ်ပေးခံရရင် ခံရ၊ ထောင်ကျရင်ကျ၊ အငတ်ဘေးနဲ့ သေချင်သေ တစ်ခုခုပဲ။ အဲဒီပတ်ဝင်းကျင်ကို ဟေယွန်ဆီယိုလီ အသက် ၁၇နှစ်အထိ အမှန်တရားနဲ့ ပတ်ဝင်းကျင်လို့ ထင်ခဲ့တယ်။ ၁၈နှစ် ပြည်ခါနီး ရက်ပိုင်းအလိုမှာတော့ သူဟာ တရုတ်ပြည်ထဲကို ခဏဖြစ်ဖြစ် အလည်သွားလိုစိတ် ဖြစ်လာတယ်။ သူနေတဲ့ မြို့ဟာ တရုတ်နယ်စပ်မှာရှိပြီး မြစ်ကျဉ်းကျဉ်းလေးက နိုင်ငံနှစ်ခုရဲ့ နယ်နိမိတ်။ အရမ်းအေးတဲ့ ဆောင်းတွင်းမို့ အဲဒီမြစ်က ရေခဲနေတယ်။ တစ်ညနေမှာ ညစာစားပြီး အဲဒီမြစ်ကို လမ်းလျှောက်ဖြတ်ကူးပြီး တရုပ်ပြည်ထဲ သူသွားလည်တယ်။ အဖေဘက်က ဦးလေးနဲ့အဒေါ်ရှိရာ ရှန်ယန်းမြို့ကို ရောက်သွားတယ်။ ဘဝမှာ ပထမဆုံးအကြိမ် ရေခဲမုန့်စားဖူးတယ်။ ပထမဆုံးအကြိမ် တောင်ကိုရီးယား ပေါ့သီချင်းကို အသံကျယ်ကျယ်ဆိုဖူးတယ်။ လွတ်လပ်ခြင်းကို တွေ့ဖူးတယ်။ ဦးလေးနဲ့ အဒေါ်အိမ်မှာ ခဏနေပြီး ပြန်မယ်လို့ တွေးထားပေမယ့် သူရောက်နေတဲ့ တစ်ပတ်အတွင်း မြောက်ကိုရီးယားမှာ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်တယ်။ သူပျောက်နေတာ အာဏာပိုင်နဲ့ အိမ်နီးချင်းတွေ သိသွားတယ်။ သူ့အမေက သူကကို ပြန်မလာနဲ့တော့လို့ဖုန်းဆက်ပြောတယ်။
ဒါနဲ့ ဦးလေးအဒေါ်အိမ်မှာ သောင်တင်ရင်း တရုတ်နာမည်တစ်ခုထပ်ပြောင်းပြီး နေရပြန်တယ်။ လအနည်းငယ်ကြာတော့ သူကို တရုတ်သူဌေးသားတစ်ယောက်နဲ့ လက်ထပ်ပေးဖို့စီစဉ်ကြတယ်။ သူကိုယ်တိုင်လည်း လိုက်လိုက်လျောလျောရှိမိတယ်။ မင်္ဂလာပွဲနီးလာတော့ သူဟာ သူ့ကိုယ်သူ ဒီအတိုင်းလက်မခံနိုင်မှန်းသိလာလို့ တစ်ခါထွက်ပြေးပြန်တယ်။ နောက်နာမည်တစ်မျိုးပြောင်းပြန်တယ်။ အပျော်ခန်းလိုလို အနိပ်ခန်းလိုနေရာကို အလုပ်ရမယ်ဆိုလို့ လိုက်သွားမိတယ်။ ကံကောင်းလို့ နောက်ပြီး ဉာဏ်ကောင်းလို့ တစ်ညနဲ့ သူထွက်ပြေးလာနိုင်တယ်။ ကံကောင်းစွာနဲ့ အပျိုရည်ပျက်လောက်တဲ့ အနေအထားမျိုး မကြုံရဘူး။ ခေါက်ဆွဲဆိုင်မှာ စားပွဲထိုး ဝင်လုပ်တယ်။ ပိုက်ဆံစုတယ်။ နာမည်ပြောင်းတယ်။ လူတွေကို ယုံပြီး မြောက်ကိုရီးယားပါလို့ ပြောပြမိလို့ ရဲက စစ်ဆေးမေးမြန်းတာကို ခံရတယ်။ သူရဲ့ တရုတ်စကားကျွမ်းကျင်မှုကြောင့် လွတ်မြောက်သွားတယ်။ ဘယ်သူ့ကိုမှ မယုံရဲတော့ဘူး။ နောက်ဆုံး သူ့ချစ်သူ တောင်ကိုရီးယား ကင်ကိုတောင် မပြောပြဘူး။ တွဲပြီး နှစ်တွေကြာတော့မှ ကျွန်မမြောက်ကိုရီးယားလို့ ကင်ကို ပြောပြလိုက်တယ်။ ကင်က မယုံနိုင်ဘူး။ နောက်တော့ တောင်ကိုရီးယားမှာ ခိုလံှုဖို့ တိုက်တွန်းတယ်။ တရုတ်နိုင်ငံထဲကနေ တောင်ကိုရီးယားကို အခက်အခဲမျိုးစုံကို ကျော်လွားပြီး ခိုဝင်နိုင်ခဲ့တယ်။
ဒီလိုခိုလံှုတော့လည်း မြောက်ကိုရီးယား အစစ်ဟုတ်ရဲ့လား။ တရုတ်-ကိုရီယားက မြောက်ကိုရီးယားလို့လိမ်ပြီး ဝင်လာတာလားလို့ ရက်တွေ အကြာကြီး စစ်ဆေးခံရပြန်တယ်။ တောင်ကိုရီးယားရဲ့ လူနေမှုနဲ့ ပညာရေးဟာ မြောက်ကိုရီးယားတစ်ယောက်အတွက် အသားကျဖို့ မလွယ်လှဘူး။ နောက်တော့ သူဟာ အမေကိုလွမ်းတယ်၊ မောင်လေးကို လွမ်းတယ်ဖြစ်လာတယ်။ သူ့အမေကို မြောက်ကိုရီးယားကနေ ခေါ်ထုတ်ဖို့ ကိုယ်တိုင်သွားခေါ်တယ်။ ပွဲစားတွေကို မယုံဘူးလေ။
ငွေကြေးအခက်အခဲနဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် တရုတ်ထဲကနေ လာအိုထဲဝင် ပြီးမှ တောင်ကိုရီယားကို ဝင်ဖို့ စီစဉ်ရတယ်။ ကံမကောင်းစွာနဲ့ လူလိမ်နဲ့တွေ့ လာအိုမှာ အဖမ်းခံရပြန်တယ်။ ကံကောင်းချင်တော့ အရပ်ရှည်ရှည်နဲ့ လူဖြူတစ်ယောက်က သူ့ကို လိုက်ကူညီတယ်။ ငွေရေးကြေးရေးကအစ ကူညီတယ်။ နောက်ဆုံး သူတော့ တောင်ကိုရီးယားကို ပြန်လာနိုင်တယ်။ လတွေ တော်တော်ကြာမှ မောင်လေးနဲ့ အမေကို တောင်ကိုရီးယားမှာ ပြန်တွေ့ရတယ်။
ဒီစာအုပ်ဖတ်ရင်း အရမ်းကြိုက်မိတာက သူ့ရဲ့ စိတ်ဓါတ်ခွန်အား။ ရှေ့မှာ ဘာဆက်ဖြစ်မယ်မှန်း မသိတာတောင် ဘယ်တော့မှ သူဟာ စိတ်ဓါတ်မကျသွားဘူး။ ၁၀နှစ်လောက် စုထားတဲ့ ပိုက်ဆံတွေ လူလိမ်ခံလိုက်ရလဲ သူက လဲကျတဲ့နေရာကနေ ရအောင် ပြန်ထလာတယ်။ အကြိမ်ကြိမ်နာမည်ပြောင်းပြီး အချိန်တိုင်းမှာ သူအကောင်းဆုံးကြိုးစားတယ်။ နောက်ဆုံးတော့ သူဟာ TED talk မှာ ပထမဆုံးပြောဆိုခွင့်ရတဲ့ မြောက်ကိုရီးယား လူမျိုးဖြစ်လာတယ်။
“သိပ်စိတ်ဝင်စားစရာကောင်းတယ်။ မြောက်ကိုရီးယားမှာ သူကလေးဘဝက မြင်ခဲ့ရတဲ့ အခြေအနေတွေက နားလည်ရခက်တယ်။ အဆီအငေါ့မတည့်ဘူး။ ဒါပေမဲ့ ရယ်စရာကောင်းပြီး ယုတ္တိလည်းမရှိဘူး။ စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်တစ်အုပ်ပါ”
The Time
ဒီစာအုပ်ဟာ ကိုယ့်စာအုပ်စင်ပေါ်မှာ နေရာပေးရမယ့် စာအုပ်တစ်အုပ်ဖြစ်သွားပြီ။ စာအုပ်ငှားပေးတဲ့၊ ဒီစာအုပ်ဖတ်ဖြစ်အောင် ညွန်းပေးတဲ့ ညီမလေးကိုလည်း ကျေးဇူးတင်ပါတယ်။
မယ်ကျွိ
၂နာရီ၁၉ မိနစ် ညနေ
၁ရက် ဧပြီလ ၂၀၁၇


Publisher Name: Quality Publishing House

Publisher Address: အမှတ်(၅၀၈/၅၁၂) ၊ ၂(ခ)လွှာ၊ပထမထပ်၊ ကုန်သည်လမ်းနှင့်ဆိပ်ကမ်းသာလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။ ဖုန်း - 01383664,01386833

Publisher Phone Number: 01383664,01386833


Related Books

Book Review Image

ပြုံယန်း

မောင်ဒေး